၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားအဖြစ် ပေါ်တူဂီအသင်းမှ ဖာနန်ဒက်စ် ရပ်တည်နေ
ကာတာနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စွမ်းဆောင်ရည် အကောင်းဆုံးကစားသမားအဖြစ် ပေါ်တူဂီအသင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်က ရပ်တည်နေကြောင်း သိရသည်။
ဖာနန်ဒက်စ်သည် ယခုဘောလုံးရာသီတွင် မန်ယူအသင်း ကွင်းလယ်ပိုင်း၌ ပုံစံကောင်းပြသနိုင်ခြင်း မရှိသေးဘဲ ရုန်းကန်နေရသော်လည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပေါ်တူဂီအသင်းနှင့်အတူ စွမ်းဆောင်ရည်ကောင်းများ ပြသလျက်ရှိသည်။
ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်သည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ အသင်းနှင့်အတူ သုံးပွဲ ပွဲထွက်ခွင့်ရရှိခဲ့ရာ ပွဲစဉ်တိုင်းတွင် ခြေစွမ်းပြနိုင်ပြီး ၎င်းပါဝင် ကစားသည့်ပွဲစဉ်တိုင်းတွင် တစ်ပွဲချင်း စွမ်းဆောင်ရည် Rating အဆင့်သတ်မှတ်ချက်၌ စွမ်းဆောင်ရည် အကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေသည်။
ဖာနန်ဒက်စ်သည် ကွာတားဖိုင်နယ် အဆင့်မတိုင်မီ အုပ်စုပွဲစဉ်သုံးပွဲနှင့် ၁၆ သင်းရှုံးထွက်အဆင့် ပွဲစဉ်တစ်ပွဲ စုစုပေါင်းလေးပွဲတွင် တောင်ကိုရီးယား အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲစဉ်တစ်ပွဲ၌သာ ပါဝင်ခွင့်မရရှိဘဲ ကျန်ပွဲစဉ်အားလုံးတွင် ပါဝင်ကစားကာ ၎င်းပါဝင်ကစားသော ပွဲစဉ်တိုင်း၌ ပေါ်တူဂီအသင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ဖာနန်ဒက်စ်သည် ပေါ်တူဂီအသင်းနှင့် သုံးပွဲပါဝင် ကစားခဲ့ရာ ကိုယ်တိုင်နှစ်ဂိုး သွင်းယူနိုင်သကဲ့သို့ ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်ထားသည်။ ထို့ပြင် ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းတွင် လည်းပါဝင်ပြီး ဂိုးပါဝင်ပတ်သက်မှု ငါးကြိမ်အထိရှိကာ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ် ခံထားရကြောင်း သိရသည်။