ဂန္ဓမာပန်းများ စိုက်ပျိုးမှုအောင်မြင်ဖြစ်ထွန်းကာ ဈေးကောင်း ရရှိသဖြင့် ပန်းစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ဂန္ဓမာပန်း စိုက်ပျိုးရောင်းချသူများ အနေဖြင့် ယခုနှစ်တွင် ဂန္ဓမာပန်း စိုက်ခင်းများအောင်မြင်ပြီး ဈေးကောင်းရရှိကာ ပုံမှန်ရောင်းချနေကြရသဖြင့် စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော် ဂန္ဓမာပန်းစိုက်ပျိုးလာတာ ဆယ်နှစ်လောက်ရှိပါပြီ။ အခုလို အောင်အောင်မြင်မြင်ဖြစ်ဖို့ ငါးနှစ်လောက်အချိန်ယူရတယ်။ အောင်မြင်တယ် ဆိုပေမယ့်လည်း လိုအပ်ချက်လေးတွေကတော့ ရှိသေးတယ်လို့ ထင်ပါတယ်။ အခုလက်ရှိကတော့ ပန်းမျိုးစုံ ပျိုးပင် ၃၀၀၀၀ လောက် စိုက်ပျိုးထားပါတယ်။ ပန်းမျိုးကတော့ လပ်ကီး၊ ကြွေဖြူ၊ မြနှင်းဖြူ၊ ဆန်းမား စတဲ့ပန်းမျိုးတွေ ဖြစ်ပြီးတော့ တောင်ကြီးဘက်က မှာယူရပါတယ်။ ကျွန်တော်တို့ဒေသက ဧရိယာကျဉ်းတဲ့အတွက် စီးပွားဖြစ် အင်နဲ့အားနဲ့တော့ စိုက်ပျိုးလို့မရဘူး။ ကျွန်တော်တို့ ဒေသထွက်ပန်းမျိုးက မြို့ကဝင်လာတဲ့ ပန်းမျိုးနဲ့ယှဉ်ကြည့်ရင် မြို့ပန်းထက် ရက်ပိုခံတဲ့အတွက် လူကြိုက်လည်း များပါတယ်။ ရာသီကုန်တဲ့အထိတော့ ပန်းမျိုးမပြတ်အောင် ဆင့်ကာဆင့်ကာ စိုက်ပျိုးသွားမှာပါ”ဟု ကံချိုင်ကျေးရွာမှ ပန်းစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ ကိုထွန်းအေးက ပြောသည်။
အဆိုပါ ဂန္ဓမာပန်းသုံးခက်ပါ တစ်ပင်လျှင် ငွေကျပ် ၅၀၀ ဖြင့် ပြန်လည်ရောင်းချရကာ ဂန္ဓမာပန်းစိုက်ပျိုးရေးကို ဟိုင်းကြီးကျွန်းမြို့ရှိ ကံချိုင်၊ ကျောက်ချောင်း၊ ကညင်ချောင်း စသည့်ကျေးရွာအုပ်စုတို့တွင် အများဆုံး စိုက်ပျိုးကြကြောင်း သတင်းရရှိသည်။