လူသားအားလုံး ပိုင်ဆိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေးများ ပိုမိုထွန်းကားရေး

လူသားအားလုံး ပိုင်ဆိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေးများ ပိုမိုထွန်းကားရေး

    ကမ္ဘာ့လူသားအားလုံးရဲ့ ကောင်းကျိုးကို ရှေးရှုပြီး ကုလသမဂ္ဂက အထိမ်းအမှတ်နေ့များ သတ်မှတ်ထားရာမှာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့လည်း တစ်နေ့အပါအဝင်ဖြစ်ပါတယ်။  မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ လွတ်လပ်ရေးရရှိခဲ့ပြီး ဧပြီ ၁၉ ရက်မှာ  ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ၁၉၄၈ ခုနှစ်  ဒီဇင်ဘာ ၁၀ ရက်မှာ ကုလသမဂ္ဂအထွေထွေ ညီလာခံက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို အတည်ပြုထုတ်ပြန်နိုင်ဖို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ အဲ့လိုမဲခွဲဆုံးဖြတ်ရာမှာ မြန်မာနိုင်ငံအနေနဲ့ ထောက်ခံမဲပေးခဲ့တဲ့ နိုင်ငံထဲမှာ ရှေ့ဆုံးကပါဝင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ (၇၄)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ  လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို  နေပြည်တော်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၁) ကျောက်စိမ်းခန်းမမှာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် နံနက် ၉ နာရီတွင်  ကျင်းပမှာဖြစ်ကြောင်း သတင်းစာတွေမှာ ကြိုတင်ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးဟာ လူသားအားလုံး ပိုင်ဆိုင်ခွင့်ရှိပြီး ပယ်ဖျက်လို့မရတဲ့ မွေးရာပါ အခွင့်အရေးဖြစ်ပါတယ်။ မိမိတို့ရဲ့အခွင့်အရေးကို ရရှိခံစားရာမှာ သူတစ်ပါးရဲ့  အခွင့်အရေးတွေကိုလည်း လေးစားပြီး ထိခိုက်နစ်နာဆုံးရှုံးမှု မရှိရလေအောင် ကျင့်သုံးခြင်းဟာ  လူ့အခွင့်အရေးရဲ့ အရေးပါတဲ့ အနှစ်သာရဖြစ်ပါတယ်။  မြန်မာနိုင်ငံအနေနဲ့  လူ့အခွင့်အရေးနဲ့ စပ်လျဉ်းတဲ့  အပြည်ပြည်ဆိုင်ရာ  လူ့အခွင့်အရေး သဘောတူစာချုပ်တွေဖြစ်တဲ့  စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်၊   ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်  ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွေမှာ စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုခဲ့ပြီး  အဲဒီစာချုပ်တွေနဲ့ ဆက်စပ်တဲ့ နောက်ဆက်တွဲ သဘောတူစာချုပ်အချို့ကိုလည်း ပါဝင်ချုပ်ဆိုထားကြောင်း သိရှိရပါတယ်။

ကမ္ဘာ့လူ့အခွင့်အရေး    ကြေညာစာတမ်းကို အတည်ပြုပြဋ္ဌာန်းခဲ့တဲ့   ဒီဇင်ဘာ ၁၀ ရက်ကို အပြည်ပြည်ဆိုင်ရာ  လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်(၁)မှာ “လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူရှိကြသည်”လို့ ဖော်ပြထားပါတယ်။ တန်းတူညီမျှရေးနဲ့ ခွဲခြားဆက်ဆံမှု မရှိရေးတို့ဟာ လူ့အခွင့်အရေးရဲ့ အခြေခံအကျဆုံး အနှစ်သာရတွေဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံအနေဖြင့် ပြည်သူပြည်သားတွေရဲ့ လူ့အခွင့်အရေးများ တန်းတူခံစား ရရှိနိုင်ရေးနဲ့ မညီမျှမှုတွေ လျော့ကျစေရေးတို့ အတွက်  အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အလျောက် လူ့အခွင့်အရေးတွေကို  အထူး အလေးထားလျက်ရှိပါတယ်။ ဗုဒ္ဓဘာသာ ကိုးကွယ်မှုအများဆုံးနဲ့ အထွန်းကားဆုံး နိုင်ငံဖြစ်တဲ့အတွက် လူ့အခွင့်အရေးဟာ ပင်ကိုကတည်းက ရှိထားပြီးသား ဖြစ်ပါတယ်။   လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊   အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေဆိုတဲ့  မေတ္တာတရားဟာ  လူ့အခွင့်အရေးနဲ့ ကိုက်ညီတဲ့စကားပဲဖြစ်ပါတယ်။  ဒီစကားရပ်တွေက ဗုဒ္ဓမြတ်စွာဟောကြားတဲ့ တရားတော် မေတ္တသုတ်ထဲမှာ ပါရှိတဲ့ ပါဠိတွေကို လူအများနားလည်လွယ်အောင် မင်းကွန်းဆရာတော်ကြီးက ရေးဖွဲ့ပေးထားတာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးနဲ့ ပတ်သက်လို့  ဗုဒ္ဓဘာသာမှာ ဟောကြားထားတဲ့ တရားတော်ကို ရေးသားရမယ်ဆိုရင် အလွန်ပဲများပြားလှတယ်။   ဗြဟ္မစိုရ်တရား လေးပါးဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတာဟာလည်း  လူ့အခွင့်အရေး ညီမျှမှုရှိစေတဲ့ အဓိပ္ပာယ်တွေပါပဲ။ မိမိအသက်ကို သူတစ်ပါးက လာသတ်မှာကို မကြိုက်ရင်၊  သူတစ်ပါးအသက်ကို မိမိကမသတ်ဘဲနေခြင်း၊ သူတစ်ပါးပစ္စည်းကို မခိုးခြင်း စတဲ့ငါးပါးသီလဟာလည်း လူ့အခွင့်အရေးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ သီလတော်တွေ ဖြစ်ပါတယ်။

ဆိုလိုတာက လူ့အခွင့်အရေးဆိုတဲ့ စကားရပ် ကမ္ဘာမှာ မသုံးနှုန်းခင်ကတည်းက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ရှိနေပြီးသားဖြစ်ကြောင်း ပြောလိုရင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ဆန္ဒဖြစ်တဲ့ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပါတယ်။ ဒီလိုကျင့်သုံးဖို့အတွက်  ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) မှာလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့  တိတိကျကျ ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံတော်ရဲ့ အခြေခံမူများအခန်း(၁) ပုဒ်မ ၆ (င) မှာ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးဟူ၍ ပြဋ္ဌာန်းထားပါတယ်။ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်းမှာလည်း  လူ့အခွင့်အရေးကို ပြည့်ပြည့်၀၀ ပြဋ္ဌာန်းပေးထားပါတယ်။ ပုဒ်မ ၃၄၈ တွင်  “နိုင်ငံတော်သည်  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ” ဟူ၍ပြဋ္ဌာန်းထားပါတယ်။ လူ့အခွင့်အရေးတွေကို အပြည့်အဝပေးအပ် ထားသလို နိုင်ငံသားတိုင်း ထမ်းဆောင်ရမယ့်တာဝန်တွေကို သတ်မှတ်ပေးထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေဖြင့်  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ  နိုင်ငံသားများ၏ မူလအခွင့်အရေးတွေကို  ပိုမိုကာကွယ် စောင့်ရှောက်နိုင်ဖို့နဲ့ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို အသိအမှတ်ပြုပြီး လူ့အခွင့်အရေးကို   လေးစားကာကွယ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး  မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေ ကို၂၀၁၄ ခုနှစ် မတ် ၂၈ ရက်မှာ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၂၁)ဖြင့် ပြဋ္ဌာန်းပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ဥပဒေနဲ့ အညီ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပေါ်ပေါက်လာခဲ့ပါတယ်။   ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးခြင်းနဲ့အတူ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၅ ရက်မှာစတင် ဖွဲ့စည်းခဲ့တာဖြစ်ပေမယ့်  ကော်မရှင် ဥပဒေနဲ့အညီ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှာ ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ကော်မရှင်ဥပဒေပါ တာဝန်နဲ့ ဝတ္တရားတွေအတိုင်း လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ခြင်းတွေဆောင်ရွက်လျက် ရှိပါတယ်။   ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို မြန်မာဘာသာနဲ့  အခြားတိုင်းရင်းသား ဘာသာစကားများဖြင့် ဘာသာပြန်ပေးခြင်း ဆောင်ရွက် ခဲ့ရာမှာ တိုင်းရင်းသားဘာသာ ၂၁ မျိုး ဘာသာပြန်ဆိုဖြန့်ချိ ပေးထားပြီးဖြစ်ပါတယ်။ တိုင်းရင်းသားတွေ အတွက် မိမိတို့သက်ဆိုင်ရာ ဘာသာစကားနဲ့ပြန်ဆို ပေးထားတဲ့အတွက် ပိုမိုပြီး သိလွယ်မြင်လွယ် နိုင်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိနေရင်လည်း    မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို  အချိန်နဲ့တစ်ပြေးညီ တိုင်ကြားနိုင်ပါတယ်။  လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး  အသိပညာ ဗဟုသုတတွေကို  တိုင်းရင်းသားပြည်သူတွေ သိရှိနားလည်စေဖို့ဆောင်ရွက်ခြင်းဟာ ထိရောက်မှုရှိတဲ့ လူ့အခွင့်အရေး ဆောင်ရွက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံ  လူ့အခွင့်အရေးကော်မရှင် အနေနဲ့ ကော်မရှင်ရဲ့ရည်ရွယ်ချက်မှာ ပါတဲ့အတိုင်း လူ့အခွင့် အရေးကိုလေးစား ကာကွယ်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာစေရေး ဥပဒေပါတာဝန်နဲ့ ဝတ္တရားတွေကို ဆောင်ရွက်လျက်ရှိရာမှာ  လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်း အနေနဲ့  လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေကို စုံစမ်းစစ်ဆေးခြင်းနဲ့ တိုင်တန်းချက်တွေကို    လက်ခံ ဆောင်ရွက်ပေးခြင်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းတွေကို သွားရောက်ကြည့်ရှု စစ်ဆေးခြင်း၊တွေ့ရှိချက်တွေအပေါ် အခြေခံပြီး အကြံပြုခြင်းတွေကို လုပ်ဆောင်လျက်ရှိပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ပြည်သူအားလုံး စီးပွားရေး၊ လူမှုရေး၊  ယဉ်ကျေးမှု အခွင့်အရေးတွေကို  အပြည့်အဝ ခံစားရရှိပြီး လူမှုဘဝ မြင့်မားလာစေရေးနဲ့  နိုင်ငံတော်ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက်  ကြိုးပမ်းဆောင်ရွက်နေပါတယ်။  နိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်တွေကို  အလေးထား အကောင်အထည်ဖော်လျက် ရှိပါတယ်။  တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အသီးအပွင့်တွေကို သာတူညီမျှ ရရှိခံစားနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။    ဒါဟာ ပြည်သူအားလုံး လူ့အခွင့်အရေး အပြည့်အဝရရှိစေဖို့ ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံရေး၊  စီးပွားရေး၊ လူမှုရေးဦးတည်ချက်  (၉) ရပ်ချမှတ်ပြီး လူ့အခွင့်အရေးကိုလည်း အလေးထား ဆောင်ရွက်ပေးလျက် ရှိရာမှာ ၂၀၂၂ ခုနှစ်  နိုဝင်ဘာ ၁၇ ရက်(မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များမှ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က အပါအဝင် အကျဉ်းကျခံနေရသူ ၅၇၇၄ ဦးအား  လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့သည်မှာ လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားခြင်းဖြစ်ပါတယ်။                                                                                                                          

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေစဉ်မှာ  ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း စိန်ရတုပြည်ထောင်စုနေ့တွင် နိုင်ငံခြားသား ၅၅ ဦး၊ နိုင်ငံသား၂၃၃၁၄ ဦး စုစုပေါင်း ၂၃၃၆၉ ဦး၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင်    စုစုပေါင်း ၂၃၁၈၄ ဦး    ပြစ်ဒဏ်ဖြေလျှော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့ အကြိမ်ပေါင်း ၇ ကြိမ်ရှိပါပြီ။  နိုင်ငံခြားသား၂၃၉ ဦး၊ နိုင်ငံသား  ၅၉၃၉၀ ဦး စုစုပေါင်း ၅၉၆၂၉ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့တာဟာ  လူ့အခွင့်အရေး၊  လူသားချင်း စာနာထောက်ထားခြင်းတွေပဲဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေချိန်မှာ ပြစ်ဒဏ်ကျ အကျဉ်းသား၊  အကျဉ်းသူတွေလည်း တစ်ဖက်တစ်လမ်းမှ အကျိုးပြုစေမယ့်  နိုင်ငံသားများအဖြစ် ပြောင်းလဲပေးခဲ့သလို  နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် ဆောင်ရွက်တာဖြစ်ပါတယ်။ ပြည်သူလူထုတွေ နှလုံးစိတ်ဝမ်း အေးချမ်းစေဖို့နဲ့ လူသားချင်း စာနာထောက်ထားမှုကို အလေးထားပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့တာဟာ တကယ့်ကိုကြည်နူး ဝမ်းသာဖွယ်ကောင်းလှပါတယ်။

နိုင်ငံတော်အစိုးရအနေဖြင့် လူ့အခွင့်အရေးကို ဆောင်ရွက်ပေးနေသလို  ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင် တံဆိပ်တွေချီးမြှင့်ခြင်းဟာ ချီးမြှင့်ထိုက်သူတွေကို ချီးမြှင့်တာ၊ ကျေးဇူးရှိသူတိုင်းကို ကျေးဇူးပြုတာမို့ မင်္ဂလာတစ်ပါးဖြစ်ပါတယ်။

 နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအမျိုး သား လူ့အခွင့်အရေးကော်မရှင် အနေနဲ့ သတင်းထုတ်ပြန်ချက် အမှတ်(၄/၂၀၂၂)ကို နိုဝင်ဘာ ၁၈ ရက်မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ “ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လူသားချင်း စာနာထောက်ထားမှုဖြင့် ဆောင်ရွက်ပေးမှုသည် လျော်ကန်သင့်မြတ်သော လုပ်ဆောင်ချက်များဖြစ်ပါသည်။  ယင်းကဲ့သို့ဆောင် ရွက်ပေးမှုနှင့် ပတ်သက်သော ရည်ရွယ်ချက်ကို အမျိုးမျိုးဖော်ပြ ပြောဆိုမှုများရှိသော်လည်း သက်ဆိုင်ရာ မိသားစုများ အနေဖြင့် ယင်းတို့၏ မိသားစုဝင်များနှင့်ပြန်လည် ပေါင်းစည်းခွင့် ရရှိသည့်အတွက် ဝမ်းမြောက် ပီတိဖြစ်ကြရသည်မှာ အထင်အရှားပင်ဖြစ်ပါသည်}} လို့ သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

          မြန်မာနိုင်ငံမှာ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပါတီတစ်ခုတည်းက ရာနှုန်းပြည့်အနိုင်ရဖို့ မဲမသမာမှုတွေပြုလုပ်ခဲ့ပါတယ်။ မှတ်ပုံတင်မရှိဘဲ မဲထည့်ခွင့်ပြုတာတွေ၊ မှတ်ပုံတင် တစ်ခုတည်းနဲ့ မဲအကြိမ်ကြိမ် ထည့်ခွင့်ပေးတာတွေစတဲ့ မမှန်ကန်တဲ့ အချက်အလက်ပေါင်းများစွာနဲ့ ရွေး  ကောက်ပွဲရလဒ်ကိုအတည်ပြုဖို့ကြိုးစားတာတွေဟာ အများပြည်သူတွေရဲ့အခွင့်အရေး၊ လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်တာပဲဖြစ်ပါတယ်။ မဲမသမာမှုပြုလုပ်တာနဲ့ ပတ်သက်လို့ မဲမသမာမှုကင်းရှင်းကြောင်း၊ မဲမသမာမှုမရှိကြောင်း၊ တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှုရှိကြောင်း ဆိုပြီး ခိုင်လုံတဲ့ သက်သေ အထောက်အထားနဲ့ ပြန်လည်ဖြေရှင်းနိုင်ခြင်းမျိုး တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ ဒါ့ကြောင့်မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတစ်ရပ် ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

          ပြောရမယ်ဆိုရင်..အဲဒီကနေ ပေါ်ပေါက်လာတဲ့ အကြမ်းဖက် အဖျက်သမားတွေဟာ လူ့အခွင့်အရေး၊ လူသားချင်း စာနာထောက်ထားရေးတွေကို အကြီးအကျယ် ချိုးဖောက်နေပါလျက် လူ့အခွင့်အရေးကို တန်ဖိုးထားပါတယ်ဆိုတဲ့ နိုင်ငံအချို့က မသိမမြင်ယောင်ဆောင်နေခြင်းမှာ အံ့သြဖွယ်ရာဖြစ်ရသလို ပြည်သူ တွေရဲ့စိတ်နှလုံးကို ညှိုးနွမ်းစေပါတယ်။ တစ်ဖက်သတ်စွပ်စွဲချက်တွေ အပေါ်အခြေခံပြီး နိုင်ငံရေးသဘော သက်ဝင်တဲ့ နိုင်ငံတစ်နိုင်ငံတည်း အပေါ် ပစ်မှတ်ထားတဲ့ ဆုံးဖြတ်ချက် အမျိုးမျိုး ချမှတ်နှောင့်ယှက်နေတာ ဟာဖြင့် မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ပိတ်ပင်နေတာဖြစ်ပါတယ်။”စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး”လမ်းကြောင်းကို အဟန့်အတားဖြစ်စေပါတယ်။

          နိုင်ငံတိုင်းမှာလူ့အခွင့်အရေး မြှင့်တင်ခြင်း၊ လူ့အခွင့်အရေး ကာကွယ်ပေးခြင်းတွေ ဆောင်ရွက်လျက်ရှိရာမှာ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း(UDHR) ကိုအဓိက ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။  ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းဟာ ဥပဒေအရ စည်းနှောင်မှုမရှိပေမယ့် ကျင့်ဝတ်ပိုင်းနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်အရေး စွမ်းအားတွေပါရှိတဲ့ ကြေညာစာတမ်းဖြစ်သလို လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ စာချုပ်စာတ ွေရေးဆွဲရာမှာလည်း ကိုးကားရေးဆွဲရတဲ့ စာတမ်းဖြစ်တယ်လို့ သိရှိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ထည့်သွင်းထားတာဟာ အထက်ပါတင်ပြခဲ့သလိုပါပဲ “တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်း”ဆိုတဲ့ လောကပါလတရားအဖြစ် အလေးအမြတ် ထားရှိခြင်း ဖြစ်ပါတယ်။

          နိဂုံးချုပ်အားဖြင့် ဆိုရသော် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူ့အခွင့်အရေး အခြေအနေများ ဟန်ချက်ညီညီ မြင့်မားလာစေရေးအတွက် တန်းတူညီမျှမှုရှိရေး၊ အားလုံး ပါဝင်နိုင်ရေးနှင့် ခွဲခြားဆက်ဆံမှု မရှိရေး စသည့် လူ့အခွင့်အရေး အခြေပြုနည်းလမ်းများကို နိုင်ငံတော်အစိုးရနှင့် အတူပြည်သူတစ်ရပ်လုံးက လေးစား လိုက်နာကျင့်သုံး ဆောင်ရွက်ကြပါရန်နှင့် လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်ဖျက်ဆီးနေတဲ့ အကြမ်းဖက် အဖျက်သမားအားလုံးကိုလည်း မြန်မာနိုင်ငံမြေပေါ်မှ လုံးဝပျောက်ကွယ် သွားသည်အထိ ရှင်းလင်း ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား တင်ပြလိုက်ပါတယ်ခင်ဗျာ။   ။

ဘုန်းမောင်ဝင်း(ဖျာပုံ)