သတိပေးမှုများ ရှိနေသော်လည်း တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်နေသည့် အမေရိကန်
လုံခြုံရေးအကူအညီနှင့် လက်နက်ဝယ်ယူရေး အစီအစဉ်အဖြစ် တရုတ်(တိုင်ပေ)သို့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ စစ်ရေးအကူအညီများ ပေးအပ်မည့် အမေရိကန် စစ်ရေးမူဝါဒဆိုင်ရာ မူကြမ်းသည် အမေရိကန်က တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ထင်ရှားစွာ ဝင်ရောက်စွက်ဖက်မှု တစ်ရပ်အဖြစ် ထွက်ပေါ်လာစေနိုင်သည်ကိုတွေ့ရသည်။
အဆိုပါမူကြမ်းကို အမေရိကန်ကွန်ဂရက်က ဆုံးဖြတ်မည်ဖြစ်ပြီး အကယ်၍ အတည်ပြုမည်ဆိုပါက ယင်းမူကြမ်းသည် အမေရိကန်နှင့် တရုတ်တို့ကြားတွင်သာမက တရုတ်နှင့် တရုတ်(တိုင်ပေ)တို့ကြားတွင်ပါ ဆက်ဆံရေး တင်းမာမှုများ မြင့်တက်လာစေမည့် အလားအလာရှိသည်။
တရုတ်နိုင်ငံက တရုတ်(တိုင်ပေ)အား ၎င်းတို့၏ ပိုင်နက်နယ်မြေတစ်ခု အဖြစ်သတ်မှတ်ထားပြီး ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ပါက အင်အားအသုံးပြုမည်ဖြစ်ကြောင်း ထပ်တလဲလဲ ပြောကြားထားပြီးဖြစ်သည်။ ထို့ကြောင့် တရုတ်(တိုင်ပေ)အား လက်နက်ရောင်းချခြင်း အပါအဝင် တရုတ်(တိုင်ပေ) အရေးတွင် အမေရိကန်က ဝင်ရောက်စွက်ဖက်နေခြင်းနှင့် စပ်လျဉ်း၍ အမေရိကန်အစိုးရအား တရုတ်နိုင်ငံက အကြိမ်ကြိမ် သတိပေးထားပြီးဖြစ်သည်။
ထို့ပြင် ယခုနှစ် စက်တင်ဘာလအတွင်းကလည်း အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီက တရုတ်(တိုင်ပေ)နှင့် ပတ်သက်၍ မူကြမ်းတစ်ရပ် ချမှတ်လိုက်ခြင်းအပေါ် တရုတ်အစိုးရက ဒေါသတကြီး တုံ့ပြန်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီက အမေရိကန်ဒေါ်လာ ၈၅၈ ဘီလီယံတန်ဖိုးရှိ စစ်ရေးမူဝါဒမူကြမ်းကို ထုတ်ဖော်ပြသလိုက်ခြင်းကြောင့်ဖြစ်သည်။ အဆိုပါမူကြမ်းကို ကွန်ဂရက်က အတည်ပြုမည်ဟု ယူဆရပြီး ယခုလအတွင်း ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်မည်ဟု အမေရိကန်က ယူဆနေသည်။
တရုတ်(တိုင်ပေ) ဒူပေနာပေခံနိုင်မှုကို တိုးမြှင့်ရေး အက်ဥပဒေဟု အမည်ပေးထားသည့် အဆိုပါမူကြမ်းအရ တရုတ်(တိုင်ပေ)အနေဖြင့် ၎င်း၏ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်ခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက မှန်ကန်ကြောင်း သက်သေခံပါက အမေရိကန်အနေဖြင့် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ တရုတ်(တိုင်ပေ)အား တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံအထိ စစ်ရေး အကူအညီများ ပေးအပ်နိုင်မည်ဖြစ်သည်။
ထို့ပြင် အမေရိကန်၏ အဆိုပြုမူကြမ်းတွင် အမေရိကန်အစိုးရက တရုတ်(တိုင်ပေ)သို့ စစ်ရေးအတွက် ချေးငွေပေးအပ်ရေး၊ လက်နက်ခဲယမ်း ဝယ်ယူရေးနှင့် တရုတ်(တိုင်ပေ)၏ ကာကွယ်ရေးပိုင်းဆိုင်ရာ ပိုမိုတိုးတက်ကောင်းမွန် လာစေရေးတို့အတွက် လေ့ကျင့် သင်ကြားပေးမည့် အစီအစဉ်များလည်း ပါဝင်သည်။
အမေရိကန်အစိုးရအနေဖြင့် တရုတ်နိုင်ငံက ချမှတ်ထားသည့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ခံထားသော်လည်း တရုတ်(တိုင်ပေ)အား စစ်ရေးအရ ဆက်လက် အကူအညီ ပေးအပ်လျက်ရှိသည်။
ထို့ကြောင့် အမေရိကန်အစိုးရ အနေဖြင့် တရုတ်-အမေရိကန် ပူးတွဲထုတ်ပြန်ထားသည့် ကြေညာချက်ပါ သဘောတူညီချက်များကို လိုက်နာရန် လိုအပ်လျက်ရှိသည်ဟု တရုတ်က သတိပေးခဲ့သည်။
အခြေအနေကို ပိုဆိုးစေသည့်အချက်မှာ အမေရိကန်က တရုတ်(တိုင်ပေ)သို့ အမေရိကန်ဒေါ်လာ ၄၂၈ သန်းတန်ဖိုးရှိ လေယာဉ်အပိုပစ္စည်းများ ရောင်းချပေးရန် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၇ ရက်တွင် အတည်ပြုလိုက်ခြင်း ပင်ဖြစ်သည်။
အမေရိကန်၏ အကြောင်းပြချက်မှာ တရုတ်(တိုင်ပေ)လေတပ်အား အကူအညီပေးရန် ဖြစ်သည်ဟူ၍ဖြစ်သည်။ လက်ရှိတွင် တရုတ်(တိုင်ပေ)လေတပ်သည် ခေတ်မီလက်နက် စနစ်များ တပ်ဆင်ထားသော်လည်း သက်တမ်းအားဖြင့် ကြာမြင့်နေပြီဖြစ်သည်။
တရုတ်(တိုင်ပေ)သည် အမေရိကန်တို့ထံမှ စစ်လက်နက်ပစ္စည်းများ အဓိက ဝယ်ယူနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သောကြောင့် တစ်နည်းအားဖြင့် ဆိုရပါမူ အမေရိကန်အတွက် အရေးပါသည့်ဈေးကွက်တစ်ခုလည်းဖြစ်သည်။
ထို့ပြင် စီးပွားရေးနှင့် စစ်ရေးအင်အား ကြီးထွားလာသည့်တရုတ်ကို တန်ပြန်နိုင်ရေး အတွက် အမေရိကန်က ဖော်ဆောင်နေသည့် တရုတ်ထိန်းချုပ်ရေး မူဝါဒနှင့် အင်ဒို-ပစိဖိတ် မဟာဗျူဟာများတွင်လည်း တရုတ်(တိုင်ပေ)သည် အမေရိကန်အတွက် များစွာ အရေးပါလျက်ရှိသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ သတိပေးချက်ရှိနေသော်လည်း အမေရိကန်အစိုးရက တရုတ်(တိုင်ပေ)နှင့် ဆက်ဆံရေး တိုးမြှင့်နေခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ အမေရိကန်အနေဖြင့် တရုတ်(တိုင်ပေ)သို့ စစ်လက်နက်ပစ္စည်းများ ထပ်မံရောင်းချရန် သဘောတူခဲ့ခြင်းသည် တရုတ်အစိုးရ၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ဆိုးရွားစွာ ချိုးဖောက်ခြင်းဖြစ်သည့်အပြင် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ထင်ရှားစွာ ဝင်ရောက်စွက်ဖက်ခြင်းလည်းဖြစ်သည်။
ထို့ပြင် အမေရိကန်၏ အဆိုပါလုပ်ဆောင်ချက်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားများကိုပါ အကြီးအကျယ် ခြိမ်းခြောက်နေသောကြောင့် တရုတ်-အမေရိကန်ဆက်ဆံရေးကို ထိခိုက်စေသည်ဟု တရုတ်အစိုးရက သတိပေး ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။
Ref: Msn, ST,Sputnik