ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် (၄၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ၊ ဓမ္မပူဇနိယ၊ သံဃပူဇနိယ ပွဲတော် သံဃပူဇာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပပြုလုပ်

ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် (၄၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ၊ ဓမ္မပူဇနိယ၊ သံဃပူဇနိယ ပွဲတော် သံဃပူဇာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဒီဇင်ဘာ - ၁၁

    ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် (၄၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ၊ ဓမ္မပူဇနိယ၊ သံဃပူဇနိယ ပွဲတော် သံဃပူဇာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါ စေတီတော် ရင်ပြင်တော်ပေါ်ရှိ နန်းဦးဘုရားကြီး၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ သံဃနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ စန္ဒနသာရ အမှူးပြုသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် အလှူရှင်များ တက်ရောက်ကြသည်။

      ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများ က သီဟိုဠ်ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော် ထံမှ ငါးပါး သီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြ သည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် (၄၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃပူဇာအဖြစ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပခြင်းနှင့် စပ်လျဉ်း၍ တာဝန်ရှိသူတစ်ဦးက လျှောက်ထားရှင်းလင်းတင်ပြသည်။

    ယင်းနောက် တက်ရောက်လာကြသူများက သီဟိုဠ် ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကာ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပင့်ဖိတ်ထားသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ် ၁၀၈ ပါးနှင့် သာသနာ့နွယ်ဝင် သီလရှင် ၄၆ ပါးတို့ကို စေတီတော်ရင်ပြင်ပတ်လည်၌ လှူဖွယ်ဝတ္ထုအစုစုတို့ကို လောင်းလှူဆက်ကပ် ပူဇော် ခဲ့ကြကြောင်း သတင်းရရှိသည်။