RCSS/SSA အဖွဲ့က တပ်မတော်အရာရှိနှစ်ဦးအား အကြောင်းမဲ့ဖမ်းဆီးခေါ် ဆောင်၊ နှိပ်စက်ညှဉ်းပန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ တောင်ရှည်ကျေးရွာအနီး ရှိ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စခန်းမှ လိုအပ်သည့် အုပ်ချုပ်မှုလုပ်ငန်းဆောင်ရွက်ရန်အတွက် ကျောက်မဲမြို့သို့ သွားရောက်သည့် အရာရှိနှစ်ဦးအား အောက်တိုဘာ ၆ ရက်တွင် မန္တလေး-လားရှိုး-မူဆယ်သွား ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ နောင်ပိန်ကျေးရွာ အနီး RCSS/SSA အဖွဲ့မှ အင်အား ၅၀ ခန့်က တပ်မတော်မှအရာရှိများ ဖြစ်ကြောင်းသိလျက်နှင့် ၎င်းတို့စီးနင်းလာသည့် မော်တော်ယာဉ်အား တားဆီး ပြီး ဖမ်းဆီးသွားခဲ့သည်။
အဆိုပါ RCSS/SSA အဖွဲ့သည် အရာရှိ(၂)ဦးအားဂျီနီဗာကွန်ဗင်းရှင်း များ၏ ဘုံအာတီကယ် ၃ ၊ အပိုဒ်ခွဲ(၁)နှင့် အပိုဒ်ခွဲငယ်(က)များပါ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်းမရှိသလို ရည်ရွယ်ချက်ရှိရှိ ညှဉ်းပန်းနှိပ်စက်မှုများပြုလုပ်ကာ အောက်တိုဘာ ၂၂ ရက်နေ့တွင် တောင်ရှည် ကျေးရွာအနီး တပ်မတော်စခန်းတစ်ဝိုက် လျှို့ဝှက်ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် RCSS/SSA အဖွဲ့ တို့သည် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလနှင့် မေလတို့တွင် ကျိုင်းတုံမြို့၌ နှစ်ဖက် သဘောတူညီချက်များအရ RCSS/SSA အဖွဲ့အတွက် ဟိုမိန်းနှင့် မုံးထနယ်မြေမှ ကျော်လွန် လှုပ်ရှားခြင်းမပြုရန် သတ်မှတ်သဘောတူခဲ့ပြီးဖြစ်ပါသည်။ သို့ရာ တွင် RCSS/ SSA အဖွဲ့အနေဖြင့် သဘောတူစာချုပ်အားဖောက်ဖျက်၍ နယ်မြေ ကျော်လွန်လှုပ်ရှားခြင်း၊ အဓမ္မလူသစ်စုဆောင်းခြင်းနှင့် ဒေသခံပြည်သူများထံမှ အဓမ္မဆက်ကြေးကောက်ခြင်းများ မကြာခဏဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ ပြည့် နှစ်၊ ဇန်နဝါရီလ ၁ ရက်မှ အောက်တိုဘာလ ၂၀ ရက်နေ့အထိ အဓမ္မဆက်ကြေး ကောက်ခံမှု ၃၂ ကြိမ်၊ လူသစ်စုဆောင်းမှု ၁၆ ကြိမ် ပြုလုပ်ခဲ့ပြီး နယ်မြေကျော်လွန် လှုပ်ရှားလာမှုကြောင့် တပ်မတော်စစ်ကြောင်းများနှင့် ပစ်ခတ်တိုက်ခိုက်မှု ၇၂ ကြိမ်ဖြစ်ပွားခဲ့သည်။
RCSS/SSA အဖွဲ့အနေဖြင့် တပ်မတော်အရာရှိများ ဖြစ်သည်ကိုသိရှိ သော်လည်း ရည်ရွယ်ချက်ရှိစွာဖြင့် ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခဲ့ခြင်းနှင့် နယ်မြေ ကျော်လွန်၍ လက်နက်ကိုင်လှုပ်ရှားဆောင်ရွက်ခြင်းများသည် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့များနှင့် သဘောတူညီထားသော သဘော တူညီချက်များကိုချိုးဖောက်ခြင်းဖြစ်ပြီး NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ၊ Code of Conduct အခန်း(၃)ပါပြဌာန်းချက်များကို အကြိမ်ကြိမ်ချိုးဖောက်ခြင်း ဖြစ်ကြောင်းတွေ့ရှိရသဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့် ရေးကော်မတီ(ပြည်ထောင်စုအဆင့်) Joint Ceasefire Monitoring Committee – Union Level သို့အကြောင်းကြား ကန့်ကွက်သွားမည်ဖြစ် ကြောင်းနှင့် တပ်မတော်အရာရှိမှန်း သိလျက်နှင့် ရန်လိုသည့်အပြုအမူပြုခဲ့သည့် RCSS/SSA အဖွဲ့မှ တာဝန်ရှိသူများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ကျောက်မဲ မြို့နယ်ရဲစခန်းသို့ လာရောက်အပ်နှံရန်လည်း လွယ်တိုင်းလျှံဌာနချုပ် သို့ သတိပေးပြောကြားထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။