ခြိမ်းခြောက်မှုများကြောင့် ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်မည့် ဂျပန်

ခြိမ်းခြောက်မှုများကြောင့် ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်မည့် ဂျပန်

မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့၏ခြိမ်းခြောက်မှုများကြောင့်   ဂျပန်နိုင်ငံအနေဖြင့်   ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်ရန် လိုအပ်လျက်ရှိကြောင်း   ဂျပန်အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီမှ မူဝါဒရေးရာအကြီးအကဲ ကိုအိချိဟာဂူဒါက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောကြားလိုက်သည်။

ဂျပန်အစိုးရသည် လာမည့်နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် ယန်း ၁၁ထရီလီယံ (အမေရိကန်  ဒေါ်လာ  ၁၀၀ ဘီလီယံကျော်)သုံးစွဲရန် စီစဉ်ထားသည်။ ဂျပန်နိုင်ငံအနေဖြင့် လက်ရှိတွင် ကာကွယ်ရေး အသုံးစရိတ်အဖြစ် ယန်း ၅ ဒသမ ၄ ထရီလီယံကို အသုံးပြုနေရာမှ နှစ်ဆခန့်တိုးမြှင့်ရန်  ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။  ထို့ကြောင့် ဂျပန်နိုင်ငံသည် အမေရိကန်နှင့် တရုတ်နိုင်ငံတို့ပြီးနောက် ကမ္ဘာပေါ်၌  တတိယမြောက် ကာကွယ်ရေး    အသုံးစရိတ်အများဆုံး အသုံးပြုမည့်နိုင်ငံဖြစ်လာမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် စစ်ရေးအသုံးစရိတ်ကို တိုးမြှင့်အသုံးပြုလျက်ရှိပြီး မြောက်ကိုရီးယားနိုင်ငံက လုပ်ဆောင်သည့် ဒုံးကျည်ပစ်လွှတ်မှုများကြောင့် ဂျပန်နိုင်ငံအနေဖြင့် ၎င်းတို့၏   ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့်ရန်    ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း ကိုအိချိဟာဂူဒါ    တရုတ်(တိုင်ပေ)သို့ သွားရောက်စဉ်  ပြောကြားခြင်းဖြစ်သည်။

ဂျပန်နှင့်   တရုတ်(တိုင်ပေ)တို့ကြားတွင်  တရားဝင်သံတမန်ဆက်ဆံရေးထူထောင်ထားခြင်းမရှိသော်လည်း အလွတ်သဘောဆက်ဆံမှုများ ရှိနေသည်။  အထူးသဖြင့် ဂျပန်နှင့်     တရုတ်(တိုင်ပေ)အနီးတွင် လုပ်ဆောင်နေသည့်  စစ်ရေးလုပ်ဆောင်ချက်များကြောင့်   ဘုံခြိမ်းခြောက်မှုရှိနေသည်ဟု ခံယူထားဖွယ်ရှိသည်။

ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးနောက်ပိုင်းမှစ၍ ငြိမ်းချမ်းရေးလမ်းစဉ်ကိုသာ လျှောက်လှမ်းခဲ့ပြီး လာမည့်အနာဂတ်ကာလတွင်လည်း   အဆိုပါ လမ်းကြောင်းမှ ပြောင်းလဲမည် မဟုတ်ကြောင်း၊ သို့သော်ကမ္ဘာ့ငြိမ်းချမ်းရေးသည် မိမိတို့၏ငြိမ်းချမ်းရေးကို ကာကွယ်ပေးနိုင်ရန် လုံလောက်မှုမရှိဟု ဟာဂူဒါက ပြောကြားခဲ့သည်။

တရုတ်(တိုင်ပေ)သို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း   နန်စီပီလိုဆီ လာရောက်လည်ပတ်ပြီး နောက်ပိုင်းတွင် တရုတ် နိုင်ငံသည် အဆိုပါခရီးစဉ်ကို ကန့်ကွက်သည့်အနေဖြင့် တရုတ်(တိုင်ပေ)အနီးတွင်    စစ်ရေးလေ့ကျင့်မှုကြီးကို လုပ်ဆောင်ခဲ့သည့်အပြင် ဒုံးကျည်ငါးစင်းကို    ဂျပန်နိုင်ငံ   အိုကီနာဝါမြို့အနီးရှိ ဂျပန်နိုင်ငံ၏ အထူးသီးသန့်ဇုန်ဖြစ်သောရေပြင်အတွင်းသို့ ပစ်လွှတ်ခဲ့သည်။

ဂျပန်အစိုးရသည်  လက်ရှိတွင်   နိုင်ငံအတွင်း၌ အမေရိကန်စစ်အခြေစိုက်စခန်းများကိုလက်ခံဖွင့်လှစ်ထားပြီး အမေရိကန်နှင့်လည်း ကာကွယ်ရေးသဘောတူညီချက်ချမှတ်ထားသည်။   ဂျပန်နိုင်ငံအတွင်းရှိ စစ်အခြေစိုက်စခန်းများတွင် လက်ရှိ အမေရိကန်တပ်ဖွဲ့ဝင် ၅၅၀၀၀ ကျော်ကို ဖြန့်ကြက်ထားသည်။ သို့သော်   ဂျပန်နိုင်ငံအနေဖြင့် ၎င်းင်း၏လက်နက်ကိုင်တပ်ဖွဲ့များ၏ စွမ်းဆောင်ရည်ကို      တိုးမြှင့်စေရေး လုပ်ဆောင်ရန်လိုအပ်နေသည်ဟု  ယူဆ လျက်ရှိသည်။ ထို့ကြောင့်   ကာကွယ်ရေးအသုံးစရိတ်ကို    မဖြစ်မနေတိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း   ဆိုနိုင်သည်။

ဂျပန်နိုင်ငံအနေဖြင့်   ရေငုပ်သင်္ဘောဖျက်ဒုံးကျည်များနှင့်    တခြားလက်နက်ပစ္စည်းများဝယ်ယူရန် ယန်း ၇၇၀ ဘီလီယံ(အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံ) တိုးမြှင့်အသုံးပြုမည့်    တောင်းဆိုချက်တစ်ရပ်ကို   အစိုးရအဖွဲ့က   နိုဝင်ဘာ၂၆ ရက်တွင် အတည်ပြုခဲ့သည်။

ဂျပန်အစိုးရသည် အထူးသဖြင့် မြောက်ကိုရီးယားနိုင်ငံမှ   ပစ်လွှတ်လိုက်သည့်   ဒုံးကျည်များနှင့်စပ်လျဉ်း၍လည်း စိုးရိမ်မှုမြင့်တက် နေသည်။    ထို့ကြောင့်  ယင်းဒုံးကျည်များ နိုင်ငံပိုင်နက်အတွင်းသို့ ကျရောက်လာခြင်းမှ တားဆီးရန် ကြိုးပမ်းလျက်ရှိသည်။    ထို့ပြင်    ဂျပန်နိုင်ငံ၏အနောက်တောင်ပိုင်းရှိကျွန်းများအနီးနှင့် ဝေဟင်ပိုင်နက်အတွင်းသို့     တရုတ်က ဝင်ရောက်လာခြင်းကြောင့် နိုင်ငံ၏ကာကွယ်ရေးစွမ်းရည်ကိုတိုးမြှင့်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဂျပန်အစိုးရအနေဖြင့် အမေရိကန်နိုင်ငံလုပ် PAC-3 အမျိုးအစား မြေပြင်မှ ဝေဟင်ပစ်တားဆီးရေးဒုံးကျည်များ၊  ခရုစ်ဒုံးကျည်များနှင့် ဆက်စပ်ပစ္စည်းများဝယ်ယူရန် စီစဉ်လျက်ရှိသည်။ ထို့ပြင် ဂျပန်အစိုးရသည်  ီရှီဂါကီကျွန်းပေါ်တွင် မြေပြင်တပ်ဖွဲ့များကို ဖြန့်ကြက်ရန်စီစဉ်နေသည်။

နိုင်ငံ၏ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန်ဆုံးဖြတ်ခဲ့သည့် အစိုးရ၏ အစီအစဉ်နှင့်ပတ်သက်၍  လွှတ်တော်အမတ်များကြား အချေအတင်အငြင်းပွားမှုများ ဖြစ်ပေါ်စေခဲ့သည်။ အကြောင်းမှာ တခြားလွှတ်တော်အမတ်များက  ကာကွယ်ရေးအတွက်    အသုံးစရိတ်တိုးမြှင့်ခြင်းထက် ကျန်းမာရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ရေးအတွက်    အသုံးစရိတ်တိုးမြှင့်ရန်    ဆန္ဒရှိနေသောကြောင့် ဖြစ်သည်။ ဂျပန်နိုင်ငံသည်   ကမ္ဘာပေါ်တွင်    ကလေးမွေးဖွားနှုန်းကျဆင်းနေပြီး  သက်ကြီးရွယ်အိုဦးရေများပြားမှုနှင့် ရင်ဆိုင်နေရသည်။

ထို့ကြောင့်     ဂျပန်အစိုးရအနေဖြင့် ကာကွယ်ရေးထက်   ကျန်းမာရေးစောင့်ရှောက်မှုအတွက်   ငွေကြေးပိုမိုသုံးစွဲရန် လွှတ်တော်အမတ်တချို့က   ထောက်ပြထားသည်။ လက်ရှိဖြစ်ပွားနေသည့် ဖြစ်ရပ်များကြောင့်     နိုင်ငံ၏လုံခြုံရေးအား     ထိရောက်စွာ ကာကွယ်နိုင်ရေးသည် အရေးတကြီးအကောင်အထည်ဖော်ဆောင်ရန် လိုအပ်နေသည့်ကိစ္စရပ်အဖြစ် အစိုးရက ရှုမြင်ခဲ့သည်။ 

ကာကွယ်ရေးအသုံးစရိတ်ကို  တိုးမြှင့်ခြင်းသည် ယခုမှစတင်ခဲ့ခြင်းမဟုတ် ယခင်ဝန်ကြီးချုပ်ဟောင်း     ရှင်ဇိုအာဘေးလက်ထက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှစ၍ ကာကွယ်ရေးအသုံးစရိတ်မှာ ၁၇ ရာခိုင်နှုန်း  မြင့်တက်လာခြင်းဖြစ်သည်။ ရှင်ဇိုအာဘေးအစိုးရသည်   ဖြစ်ပေါ်လာနိုင်သည့်  ခြိမ်းခြောက်မှုများအတွက်  ဂျပန်လက်နက်ကိုင်တပ်ဖွဲ့များအား   အဆင့်မြှင့်တင်လာခဲ့သည်။  ဂျပန်အစိုးရသည် ၎င်းတို့၏    ရဟတ်ယာဉ်တင်သင်္ဘောကိုလည်း    လေယာဉ်တင် သင်္ဘောအဖြစ် အဆင့်မြှင့်တင်လျက်ရှိသည်။

ထိုသို့   ဂျပန်နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်  မြှင့်တင်မည့်အစီအစဉ်အပေါ် ဒေသတွင်း၌ ဝေဖန်မှုများရှိလာနိုင်သော်လည်း မဟာမိတ် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံက ကြိုဆိုမည့် အလားအလာရှိနိုင်ကြောင်း   ရေးသား တင်ပြလိုက်ရပါသည်။   ။

Ref: Globalasia, ST