လေရှူ လမ်းလျှောက် ရေကိုသောက်၍

လေရှူ လမ်းလျှောက် ရေကိုသောက်၍

    နှင်းတွေဝေနေသည့် ဆောင်းကာလသို့ရောက်လျှင် ငယ်ငယ်က   ဒီဇင်ဘာလ  တနင်္ဂနွေနံနက်တိုင်း ကျွန်တော်တို့ တစ်ရပ်ကွက်လုံးကြားအောင် နှိုးဆော်သည့် အသံချဲ့စက်မှ စောစောအိပ်လို့၊ စောစောထလို့၊ စောစောလမ်းလျှောက်ကြပါစို့ဟူသော သီချင်းသံကို ကြားသည်နှင့် အိပ်ရာမှချက်ချင်းထကာ စိတ်တူသည့် ကျွန်တော်တို့ကလေးတစ်သိုက် လမ်းလျှောက်နေသည့် လူအုပ်ကြီးနောက်မှ လိုက်ပါလမ်းလျှောက်ခဲ့ရသည်များကို သတိရမိသည်။ လမ်းလျှောက်ပြီး အိမ်ပြန်လာသည့် ကျွန်တော်တို့အား ပတ်ဝန်းကျင်က သတိထား အကြည့်ခံရသည်ကိုပင် ထိုစဉ်က ကျေနပ်နေသလိုလို စိတ်ထဲမှာ ခံစားမှုတစ်မျိုး ဖြစ်ခဲ့ဖူးသည်။

တစ်မျိုးသားလုံး    ကျန်းမာကြံ့ခိုင်ရေးအတွက် နိုင်ငံတော်မှ နှိုးဆော်ပညာပေး အားပေးချီးမြှောက်လျက် ရှိသည့်အထဲတွင် လမ်းလျှောက်ကြရန်လည်း ပါဝင်၏။ လူထုလူတန်းစား အလွှာစုံမှလည်း ဒီဇင်ဘာ လမ်းလျှောက်ပွဲများတွင်  အတိုင်းအတာတစ်ခုထိ ပူးပေါင်းပါဝင် လှုပ်ရှားခဲ့ကြ၏။ နိုင်ငံတော်မှ နှိုးဆော်သည်ဖြစ်စေ၊ မနှိုးဆော်သည်ဖြစ်စေ နေ့စဉ်နံနက်၊ ညနေတိုင်း လမ်းလျှောက်ကြသူများသည်  ရိုးရှင်းလွယ်ကူသော နည်းဖြင့် ငွေကုန်ကြေးကျမှု မရှိဘဲ မိမိကျန်းမာရေးအတွက် ရောဂါအကြီး၊ အသေးများကို ကိုယ့်အသိ၊ သတိဖြင့် ကာကွယ်တားဆီးနေသည့် ကျန်းမာရေး သူရဲကောင်းများဟု အမွှမ်းတင်ချင်ပါသည်။

အခြေအနေအချိန်အခါပေးသူများ၊ ပင်စင်စားကြီးများ၊ ကိုယ်ကာယကြံ့ခိုင် သန်စွမ်းလှပလိုသူများ၊ ကျန်းမာရေးကို စိတ်ဝင်စားသည့် အမျိုးသား၊ အမျိုးသမီး၊ လူကြီးလူငယ်များသည် နံနက်တိုင်း လမ်းလျှောက်ခြင်း၊ အပြေးလေ့ကျင့်ခြင်း၊ ကိုယ်လက်လှုပ်ရှား ကစားနေကြသည်များကို ရန်ကုန်ကန်တော်ကြီး သစ်သားတံတားပေါ်တွင်လည်းကောင်း၊   အင်းယားကန်ပေါင်တွင် လည်းကောင်း၊ မန္တလေးမြို့ကြီးမှ လူကြီးလူငယ်များသည်လည်း နွေ၊  မိုး၊  ဆောင်းသုံးရာသီလုံးပင် ကျုံးပတ်လည်တွင် ကစားခုန်စား၊ ကိုယ်လက်လှုပ်ရှားကြသည်။  အထူးသဖြင့်   တရုတ်အမျိုးသား၊ အမျိုးသမီးကြီးများသည် ကိုယ်လက် လှုပ်ရှားမှုများနှင့် လိုက်ဖက်သည့် တီးလုံးများဖွင့်၍ ကျုံးအရှေ့ဘက်နှင့် တောင်ဘက်ခြမ်းတွင် စိတ်ပါဝင်စားစွာ ကစားနေကြသည်ကို မန္တလေးသို့ တာဝန်ဖြင့်ရောက်ရှိနေစဉ် ရက်သတ္တပတ်လုံး စိတ်ဝင်စားဖွယ်၊ အားကျဖွယ် တွေ့မြင်ခဲ့ဖူး၏။

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဟု ဗုဒ္ဓဟောကြားတော်မူခဲ့သည်။ သို့ဖြစ်ရာ ကျန်းမာချင်သလား လမ်းလျှောက်ပါ။ အတွေးအခေါ်အကြံဉာဏ်ကောင်းများ ထွက်ပေါ်လိုသလား လမ်းလျှောက်ပါ။

ကိုယ်လက်ပေါ့ပါး လန်းဆန်း၍ အသက်ရှည်စွာ အနာမဲ့ကြောင်း နေထိုင်လိုပါသလား၊ အရိုးအကြောများ ကျန်းမာသန်စွမ်းပြီး နှစ်ခြိုက်စွာ အိပ်ပျော်လိုပါသလား လမ်းလျှောက်ပါဟု တိုက်တွန်းလိုပါသည်။

ဗုဒ္ဓဘုရားရှင်သည်(စင်္ကြံလျှောက်ခြင်း)လမ်းလျှောက်ခြင်း အကျိုးအားဖြင့် အဒ္ဓါနက္ခမော- ခရီးရှည်ဝေးကွာစွာ သွားလာနိုင်ခြင်း၊ ပဓာနက္ခမော-လုံ့လ၊ ဇွဲ၊ ဝီရိယရှင်သန်ခြင်း၊ အပ္ပါဗာမော-ကျန်းမာခြင်း၊ သမ္မာပရိဏာမဂစ္ဆတိ-ဝမ်းမီးအစာကောင်းစွာ ကြေညက်ခြင်း၊ သမာဓိစိရဋ္ဌိတိကော-သမာဓိတရား တည်ကြည်ခိုင်မြဲခြင်းစသည့်  အကျိုးတရားများ ရရှိကြောင်းကို အင်္ဂုတ္တိုရ်ပါဠိ၊ ပဉ္စကနိပါတ်တော်တွင် ဟောကြားတော်မူထား၏။ သို့ဖြစ်၍ လမ်းလျှောက်ခြင်းသည် ဘုရားဟောနှင့်ညီသော အကျင့်ကောင်းတစ်ခုလည်းဖြစ်ပါ၏။

ကျွန်တော်သည် ၁၉၉၃ ခုနှစ်တွင် နယ်ဘက်ဌာန ပြောင်း၍ မူဆယ်ဟိုတယ်၌ တာဝန်ကျသည်။ ဟိုတယ်အနီးနေထိုင်သော မော်တော်ယာဉ်ဂိတ်မှူး ကိုထွန်းနှင့်အတူ နံနက်တိုင်း ရွှေနန်းတော်ဂိတ်ကိုကျော်လွန်၍ နမ့်ခမ်းမြို့အထွက် ကုန်ချကွင်းအနီးထိ လမ်းလျှောက်သည်။

မြောက်ဦးဟိုတယ်တွင် တာဝန်ကျနေစဉ် ထိုင်းဘုရင့် သမီးတော် သီရိဒုံမင်းသမီး၏ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်တွင် ကျွန်တော့်ဟိုတယ်၌ တစ်ညတာအိပ်စက်၏။ သမီးတော်သည် ကျန်းမာရေးအတွက် နံနက်တိုင်း လမ်းလျှောက်လေ့ရှိကြောင်း ရှေ့ပြေးအဖွဲ့၏ မေတ္တာ ရပ်ခံချက်အရ ဟိုတယ်ရှေ့မှ ပြည်ထောင်စုကားလမ်းမကြီး အတိုင်းထမရစ်(မြို့သစ်)ထိ အကွာအဝေးပြ မီတာဖြင့်ဖော်ပြသော ငုတ်တိုင်လေးများ စိုက်ထူခဲ့ရဖူးသည်။ သမီးတော်က လမ်းမလျှောက်ဖြစ်ခဲ့သော်လည်း နောင်အခါ ကျွန်တော်နှင့်ဟိုတယ် ဒုတိယမန်နေဂျာတို့၏ နံနက်တိုင်းအပြေးတက်ခြင်း၊ လမ်းလျှောက်ခြင်းအတွက်  အမှတ်အသားများ ဖြစ်သွားကြသည်။ မြောက်ဦးဟိုတယ်မှ စစ်တွေဟိုတယ်သို့ ပြောင်းရွှေ့ရသည့်အခါ လမ်းလျှောက်ရန် ပို၍အဆင်ပြေသွား၏။

နံနက်၊ ညနေတိုင်း ဟိုတယ်ရှေ့ ပင်လယ်ကမ်းနား သောင်ပြင်တစ်လျှောက် ဂေါက်ရိုက်လေ့ကျင့်ရင်းဖြင့် အသွားအပြန် တစ်နာရီကျော် လမ်းလျှောက်၍ ပင်လယ်လေကို ရှူရှိုက်ခွင့်ရခဲ့သည်။

နေပြည်တော်ရောက်သော် လမ်းလျှောက်ရသည်မှာ လူရှင်း၊ ကားရှင်း၊ လမ်းရှင်းသည်။ ကားလမ်းဘေး၊ လူသွား ပလက်ဖောင်းများကလည်း ကျယ်ဝန်းသဖြင့် လမ်းလျှောက်ရသည်မှာ အဆင်ပြေသည်။ ပြည်သူ့လွှတ်တော်ကြီး ပေါ်ပေါက်လာသောအခါ ကိုယ်စားလှယ်တော်ကြီးများနှင့် အထောက်အကူပြု ဝန်ထမ်းများအား နေ့လယ်စာဧည့်ခံ ကျွေးမွေးရန် ကျွန်တော်တို့ဌာနက တာဝန်ယူကြီးကြပ်ပေးရသည်။ အစားအသောက်စစ်ဆေးသော ကျန်းမာရေးအဖွဲ့နှင့် ရင်းနှီးသွားပြီး  အသက်ကြီးသော ကျွန်တော့်အား နေ့စဉ်သွေးပေါင်ချိန်ပေး၏။ အပေါ်သွေး၊ အောက်သွေး အိုကေ၊ ECGရိုက်ပေးသည်။ နှလုံးခုန်စည်းချက်ကလည်း အိုကေသည်။ ဒီအသက်အရွယ်ထိ သွေးတိုး၊ ဆီးချိုမရှိ၊  နှလုံးကလည်း  မှတ်ချက်ပေးစရာမရှိ မနာလိုတောင်ဖြစ်လာပြီဟု တာဝန်ခံဆရာဝန်ကြီး(တောင်ငူ)က ဆို၏။ လမ်းလျှောက်ခြင်း အကျိုးများပင်ဖြစ်ပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လူတိုင်းတစ်ရက်လျှင် ခြေလှမ်းပေါင်း ၁၀၀၀၀၊ ၅ မိုင်ခန့်လျှောက်ရန် အကြံပြုထား၏။ လမ်းများစွာလျှောက်ခြင်းသည် မျက်စိတိမ်စွဲခြင်းနှင့် ရင်သားကင်ဆာ ရောဂါဖြစ်ခြင်းကိုလည်း ကာကွယ်ပေးကြောင်းနှင့် ဆီးချို၊ သွေးချို ထိန်းညှိပေးပြီး သွေးတိုးခြင်းကို ကျဆင်းစေသည်ဟု ဆေးပညာရှင်များက ဆိုသည်။

သာမန်လူတစ်ယောက်သည် တစ်နာရီလျှင် ၃ မိုင်လျှောက်နိုင်၏။ ခြေလှမ်းအားဖြင့် ၆၀၀၀ ခန့်ဖြစ်ပြီး မိနစ် ၂၀ ကြာ လမ်းလျှောက်ပါက ခြေလှမ်း ၂၀၀၀၊ ၁ မိုင်ခရီးနှင့်ညီမျှသည်။ အချိန်များစွာ မပေးနိုင်သောသူများအတွက် နံနက် မိနစ် ၂၀၊ ညနေ မိနစ် ၂၀ အချိန်ယူ၍ လမ်းလျှောက်လျှင် ခြေလှမ်းပေါင်း ၄၀၀၀၊၂ မိုင်ခန့်ဖြင့် ရက်သတ္တပတ်အတွက်  ၁၄ မိုင် လျှောက်ပြီးဖြစ်ပါမည်။ ရက်သတ္တပတ်လျှင် မိုင် ၂၀ မှ ၂၅ မိုင်အထိ လမ်းလျှောက်သူများသည် လုံးဝလမ်းမလျှောက်သူများထက် သက်တမ်း ထက်ဝက်ခန့် ပိုရှည်ကြောင်းလည်း ဖတ်ဖူး၏။ လက်ရှိအချိန်တွင် ကိုဗစ်ရောဂါ၏ အန္တရာယ်မှ ကောင်းစွာမလွတ်ကင်းသေးသဖြင့် ပင်ကိုရောဂါအခံ ရှိသူများမှာ အခြားသူများထက် ကိုဗစ်ရောဂါ ကူးစက်လွယ်ခြင်း၊ ကူးစက်ပါက ပြင်းထန်စွာ ခံစားရနိုင်သည့်အပြင် အသက်အန္တရာယ်ထိခိုက်စေနိုင်သည်ဟု သိရှိရ၏။ ကိုဗစ်ရောဂါ ကူးစက်နေသူများ  ရောဂါကိုထိန်းချုပ်နိုင်ရန် ပိုမိုပြင်းထန်စွာ  မဖြစ်ပွားစေရန် နည်းလမ်းသည် လမ်းလျှောက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း မိတ်ဆွေဆရာဝန်က အကြံပြု၏။

လမ်းလျှောက်ခြင်းအားဖြင့် ခြေသလုံးကြွက်သားများ ကောင်းစွာသန်မာလာပြီး ကြွက်သားများ ပြည့်ဝစွာ အကြိမ်ကြိမ်ညှစ်ထုတ်ပေးမှသာလျှင် နှလုံးသွေးကြောများ ရှင်းလင်း အားကောင်းလာမည်ဖြစ်ကြောင်း၊ ထို့ပြင် လေဖြန်း၊ လေဖြတ်ခြင်းမှကာကွယ်ရန် ဆေးလိပ်လုံးဝ မသောက်ရန်၊ ဝလွန်းသူများ သင့်တော်သော ကိုယ်အလေးချိန်သို့ လျှော့ချရန်၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ရန်၊ အဆင်ပြေပါက နံနက်စောစောနေရောင်အောက်တွင် လမ်းလျှောက်ကြရန်  ဆရာဝန်ပြောကြား   ကျန်းမာရေးစကား   အစီအစဉ်တွင် နားထောင်မှတ်သားဖူးသည်။

အပေါင်းအသင်း မိတ်ဆွေများနှင့် တွေ့ဆုံကြလျှင် မာကြောင်းသာကြောင်း နှုတ်ဆက်ကြပြီးလျှင် နေကောင်းကျန်းမာဖို့ အတွက်ကတော့ လေရှူ၊ လမ်းလျှောက်၊ ရေကိုသောက်ကြပါဟု တစ်ဦးနှင့်တစ်ဦး အကြံပေးပြောဆိုကြသည့်အတိုင်းပင် လူသားတိုင်း ကျန်းမာကြစေရန် လေရှူ၊ လမ်းလျှောက်၊ ရေများများသောက်ကြရန် ဖြစ်ပါသည်။ အဆုတ်အားကောင်းစေရန်၊ အဆုတ်ကျန်းမာစေရန် အနံ့အသက်၊ အမှုန်အမွှားကင်းသော လေကိုရှူရှိုက်ရပါမည်။ ဆေးလိပ်မသောက်ပါနှင့်၊ ဆီကို လျှော့စားပါ၊ သွေးလည်ပတ်မှုအားကောင်းရန်၊ ကြွက်သားများ သန်မာစေရန်၊  ခန္ဓာကိုယ်တွင်းမှ ချွေးထွက်၍ ပေါ့ပါးလန်းဆန်းစေရန် လမ်းလျှောက်ရပါမည်။ ကိုယ်ခံအား ကောင်းစေရန်နှင့် ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များ ဖယ်ရှားသန့်စင်သွားရန် ရေများများ သောက်ရပါမည်။

ထို့ကြောင့် စာဖတ်ပရိသတ်အပေါင်းတို့ အနေဖြင့် ကျန်းမာရေးကောင်းရန်    လမ်းလျှောက်ပါ၊ လမ်းလျှောက်မှလည်း   ကျန်းမာရေးကောင်းမည်၊ ကျန်းမာရေးမကောင်းက လမ်းမလျှောက်နိုင်၊ လမ်းမလျှောက်လျှင် ကျန်းမာရေး အပြည့်အဝ မကောင်းနိုင်သဖြင့် အညမညပစ္စယောအား နှလုံးသွင်းဆင်ခြင် ပွားများနိုင်ကြပါစေကုန်။  ။

တင်ညိုငြိမ်း