တပ်မတော်နည်းပညာတက္ကသိုလ်၏ (၂၄)ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ
ပြင်ဦးလွင်၊ဒီဇင်ဘာ -၁၂
တပ်မတော်နည်းပညာတက္ကသိုလ်၏ (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်တပ်နယ်ရှိ တပ်မတော်နည်းပညာ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်၊ တပ်မတော် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးကြီးသောင်းနိုင်နှင့် တပ်မတော်နည်းပညာ တက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ ဝင်ရောက်၍ ဘွဲ့နှင်းသဘင်ခန်းမရှိ သတ်မှတ်နေရာများတွင် နေရာယူကြပြီးနောက် နိုင်ငံတော် သီချင်းတီးမှုတ်ကာ ဘွဲ့နှင်းသဘင် အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်ကျင်းပကြောင်း ကြေညာပြီး ဘွဲ့ယူမည့်သူများ စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာကျင့်သုံးရန် ကတိခံဝန်မှုပြုခြင်းကို ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပါမောက္ခချုပ်က ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄)မှ အင်ဂျင်နီယာ ဘွဲ့ရရှိသူ (၁၄၄)ဦး၊ အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာသင်တန်းအမှတ်စဉ်(၅)မှ အင်ဂျင်နီယာ ဘွဲ့လွန်ဒီပလိုမာဘွဲ့ ရရှိသူသင်တန်းသားအရာရှိ (၇၀)ဦး၊ အင်ဂျင်နီယာပညာ သင်ကြားရေးဒီပလိုမာသင်တန်းအမှတ်စဉ်(၇)မှ အင်ဂျင်နီယာ သင်ကြားရေးဒီပလိုမာဘွဲ့ ရရှိသူသင်တန်းသားအရာရှိ (၁၂ )ဦး၊ မဟာအင်ဂျင်နီယာ ဘွဲ့သင်တန်းအမှတ်စဉ် (၁၂)မှ မဟာအင်ဂျင်နီယာဘွဲ့ ရရှိသူသင်တန်းသားအရာရှိ (၆၅)ဦးနှင့် အင်ဂျင်နီယာပါရဂူဘွဲ့ သင်တန်းအမှတ်စဉ်(၇)မှ အင်ဂျင်နီယာပါရဂူဘွဲ့ ရရှိသူသင်တန်းသားအရာရှိ(၃၃)ဦး စုစုပေါင်း (၃၂၄)ဦးတို့အား ဘွဲ့လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။
ယင်းနောက် ပါမောက္ခချုပ်က ဘွဲ့ရရှိသူများအား ဘွဲ့များနှင့်လျော်ညီသော အမှတ် လက္ခဏာဖြစ်သည့် ဝတ်စုံများကို ဝတ်ဆင်ခွင့်ပြုခဲ့ပြီး ဘွဲ့နှင်းသဘင်မှတ်တမ်း စာအုပ်တွင် လက်မှတ်ရေးထိုးသည်။
၎င်းနောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းကြောင်း ကြေညာကာ တပ်မတော်နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပါမောက္ခချုပ်နှင့် ပညာရေး အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင် ခန်းမမှ ပြန်လည် ထွက်ခွာသွားကြသည်။
တပ်မတော်နည်းပညာတက္ကသိုလ်အနေဖြင့် ပထမအကြိမ်ဘွဲ့နှင်းသဘင်မှ ယခု(၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အထိ အင်ဂျင်နီယာဘွဲ့ရအရာရှိ (၇၅၂၂)ဦး၊ အင်ဂျင်နီယာမဟာဒဿနဘွဲ့ရ(၅)ဦး၊ အင်ဂျင်နီယာ သင်ကြားရေး ဒီပလိုမာဘွဲ့ရ (၁၀၆)ဦး၊ အင်ဂျင်နီယာဘွဲ့လွန်ဒီပလိုမာဘွဲ့ရ(၃၇၄)ဦး၊ မဟာအင်ဂျင်နီယာဘွဲ့ရ (၅၇၄)ဦးနှင့် အင်ဂျင်နီယာပါရဂူဘွဲ့ရ(၁၃၆)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ဂုဏ်ထူးဆောင် အင်ဂျင်နီယာ ပါရဂူဘွဲ့ရ (၂)ဦးကိုလည်း ဘွဲ့များ အပ်နှင်းပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။