ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့်ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၄
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သား များက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ ရပ်စောက်မြို့နှင့် မိုးနဲမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ မွန်ပြည်နယ်၊ လမိုင်းမြို့ ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ နိဗ္ဗာန်တိုက်နယ်ဆေးရုံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပြည်သူ့ ဆေးရုံကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ပြည်သူ့ဆေးရုံများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ တပ်မတော်စက်ရုံအသီးသီးမှ ထုတ်လုပ်သော အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးမှ ထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။