ကျင့်ဝတ်တီထွင် စွမ်းအားရှင်တို့ အားအင်သစ်မွေး နှစ်ဆယ့်လေး

ကျင့်ဝတ်တီထွင် စွမ်းအားရှင်တို့ အားအင်သစ်မွေး နှစ်ဆယ့်လေး

    နေခြည်နုနွေးနွေးက ဝန်းကျင်တစ်ခုလုံးကို တဖြည်းဖြည်း နေရာယူ ဖြန့်ကြက်လာချိန်တွင်မူ အရောင်အသွေး စုံလင်လှသော ပန်းအမျိုးမျိုးကို   ကျက်သရေမင်္ဂလာရှိစွာ တွေ့မြင်လာရ၏။ ယင်းမှာ ပန်းမြို့တော်၏ အထင်ကရ အမှတ်အသား ပန်းအချင်းချင်း မြိုင်မြိုင်ဆိုင်ဆိုင် အလှချင်း ပြိုင်ဆိုင်နေကြသည်ကဲ့သို့ တွေးထင်မိစေ၏။  အမျိုးအစား  စုံလင်လှသည့် အရောင်အသွေးစုံ ပန်းပွင့်ပန်းခိုင်များပေါ်တွင်    ဝတ်ရည်ချိုသောက်သုံးရန် ပြေးလွှားဟန်ရေးပြနေသော ပျားလိပ်ပြာရောင်စုံ၊ အရွယ်စုံတို့ကို  တွေ့မြင်နေရသည်မှာလည်း   ပန်းမြို့တော်တစ်နေရာတွင် ဖြစ်တည်ခိုင်ခံ့လာသည့်   တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းတော်ကြီး၏ သမိုင်းမော်ကွန်းကို ဖော်ညွှန်းညွှန်ပြနေသကဲ့သို့ ရှိသည်။ မကြာမီအချိန်၌ပင် စာပေနှင့် သတင်းမှတ်တမ်းတင် ရိုက်ကူးမည့် မိမိတို့အဖွဲ့သားများ အသင့်နေရာယူပြီးခဲ့သလို ကျောင်းဆင်းစစ်ရေးပြပွဲအား ချီးမြှင့်ဂုဏ်ပြုကြမည့် ဧည့်သည်တော်များလည်း  ရောက်ရှိနေရာယူပြီး ဖြစ်ခဲ့သည်။

နံနက် ၇ နာရီကျော်စ အချိန်တွင် ဘင်သံတအုန်းအုန်းဖြင့် စစ်ချီသီချင်း ဟစ်ကြွေးသံများကို  ကြားလာရသည်။

မကြာမီပင် စစ်ရေးပြမှူး ဗိုလ်လောင်းရဲလင်းထွဋ် ဦးဆောင်ချီတက်လာသည့်   စစ်ရေးပြတပ်ခွဲများ ကွင်းအတွင်း ဝင်ရောက်လာသည်။ စစ်ရေးပြမှူး၏ နောက်တွင် အလံတော်အဖွဲ့ပါရှိသည်။  ယင်းနောက် တွင်    ကျောင်းဆင်းတပ်ခွဲဖြစ်သည်။ ကျောင်းဆင်းတပ်ခွဲကို တပ်ခွဲမှူးဗိုလ်လောင်း နိုင်းနိုင်းဟန်ထွန်းက ဦးဆောင်ပြီး ထို့နောက် တွင်မှ ကျောင်းဆင်းအရန် ညီတော်တပ်ခွဲများက   လိုက်ပါချီတက်လာခြင်း ဖြစ်သည်။

စစ်ချီတေးသီချင်းကို ဟစ်ကြွေးချီတက် လာနေသည့် စစ်ရေးပြတပ်ခွဲများ၏ စစ်သွေးစစ်မာန်  ထက်သန်တက်ကြွမှုများက တပ်မတော်အင်ဂျင်နီယာ အရာရှိများ၏ ကောင်းမြတ်သည့် အစဉ်အလာပုံရိပ်များကို လည်းကောင်း၊ တပ်မတော်နည်းပညာ တက္ကသိုလ် ကျောင်းတော်ကြီး၏ “ကျင့်ဝတ်တီထွင် စွမ်းအားရှင်” ဟူသည့် သမိုင်းအစဉ်အလာပုံရိပ်များကို လည်းကောင်း ထင်ဟပ်လာစေလျက်ရှိသည်။ ယနေ့ကျင်းပသည့်  တပ်မတော်နည်းပညာ တက္ကသိုလ်အမှတ်စဉ် (၂၄) ကျောင်းဆင်းပွဲတွင် ကျောင်းဆင်းဗိုလ်လောင်းများ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် တပ်မတော်နည်းပညာ တက္ကသိုလ်၊ စာပေဌာနနှင့် လေ့ကျင့်ရေးဌာနတို့မှ နည်းပြအရာရှိများနှင့် ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ကျောင်းဆင်းစစ်ရေးပြ တပ်ခွဲအားလုံး နေရာယူပြီးချိန်တွင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရောက်ရှိလာသဖြင့် အလေးပြုပြီး တန်းအပ်၏။ တန်းအပ်ပြီးချိန်တွင်    နောက်ရန်တပ်ခွဲများအား သက်သာပေးပြီး  ကျောင်းဆင်းတပ်ခွဲမှာ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ စစ်ဆေးခြင်းကို စနစ်တကျ ခံယူ၏။ ယင်းနောက်တွင် ကျောင်းဆင်းတပ်ခွဲ အားလုံးက ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အား အနှေးလျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုပြီး ၎င်းတို့၏စစ်ရေးပြ စွမ်းရည်ကို ထုတ်ဖော်ပြသကြသည်။ “ကျန်းမာကြံ့ခိုင်ရမည်၊ ကျွမ်းကျင်မှု ရှိရမည်၊ ရဲစွမ်းသတ္တိ ရှိရမည်” ဟူသည့် ရည်မှန်းချက်ကို လည်းကောင်း၊ “အင်ဂျင်နီယာစွမ်းပကား တပ်မတော်အားTECHNOLOGY  FOR  MILITARY MIGHT “  ဟူသည့်  ဂုဏ်ဒြပ်ပုံရိပ်ကို လည်းကောင်း ထင်ဟပ်စေလျက်ရှိသည်ကို တွေ့မြင်ခွင့်ရခဲ့၏။

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကျောင်းဆင်းတပ်ခွဲအား စစ်ဆေးပြီး ချိန်တွင် တပ်ခွဲအားလုံးက ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ကျောင်းဆင်း မိန့်ခွန်းကို နာခံရန်အတွက် ညာတန်းညှိ အမြန်လျှောက်လျက် စစ်ရေးပြစွမ်းရည် ပြခဲ့ကြသည်မှာလည်း ပရိသတ်အားလုံးကို မှတ်မှတ်ထင်ထင် ဖြစ်စေခဲ့၏။ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ကျောင်းဆင်းမိန့်ခွန်း ပြီးဆုံးပြီးချိန်တွင် တပ်မတော်နည်းပညာ တက္ကသိုလ် အမှတ်စဉ်(၂၄)ဗိုလ်လောင်းသင်တန်း၏ ဆုရရှိသူဗိုလ်လောင်းများကို   ဆုများအသီးသီး ပေးအပ်ခဲ့သည်။

တပ်မတော်နည်းပညာ တက္ကသိုလ်၏ ရည်ရွယ်ချက်မှာ တပ်မတော် (ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သော အရည်အချင်းနှင့် ပြည့်စုံသည့် အင်ဂျင်နီယာဘွဲ့ကြိုနှင့် ဘွဲ့ရ၊ ဘွဲ့လွန်အရာရှိများ မွေးထုတ်ပေးရန်အပြင်    ဘွဲ့ကြိုသင်တန်းများမှာ   အထူးပြု အင်ဂျင်နီယာ ဘာသာရပ် ခုနစ်မျိုးဖြစ်သည့်  Mechanical , Metarial Science and   Metallurgical Engineering , Civil ,Electrical Power , Electronics , Mechatronics နှင့်   Chemical  ဘာသာရပ် များအား ဖွင့်လှစ်သင်ကြားပြီး အင်ဂျင်နီယာဘွဲ့ရ တပ်မတော်အရာရှိများအား မွေးထုတ်ပေးလျက်ရှိသည်။

ဘွဲ့လွန်သင်တန်းများ အနေဖြင့် “အင်ဂျင်နီယာ ပါရဂူဘွဲ့သင်တန်း၊ မဟာအင်ဂျင် နီယာဘွဲ့သင်တန်း၊ အင်ဂျင်နီယာပညာ သင်ကြားရေး  ဒီပလိုမာသင်တန်းနှင့် အင်ဂျင်နီယာ ဘွဲ့လွန်ဒီပလိုမာ သင်တန်းများကိုလည်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။ တပ်မတော်နည်းပညာ တက္ကသိုလ်အနေဖြင့် အမိနိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အပံ့ပေးနိုင်သည့်   အရာရှိကောင်းများကို အစဉ်တစိုက် မွေးထုတ်ပေးနေခြင်းလည်း ဖြစ်သည်။

တပ်မတော်နည်းပညာတက္ကသိုလ်၏ ဗိုလ်လောင်းများကို လေ့ကျင့်သင်ကြား ပေးရာတွင် “စစ်တိုက်နိုင်သော အင်ဂျင်နီယာ အရာရှိများဖြစ်ရမည်၊ အရည်အချင်းရှိသော အင်ဂျင်နီယာအရာရှိများ ဖြစ်ရမည်၊ စည်းကမ်းကောင်းသော အင်ဂျင်နီယာ အရာရှိများဖြစ်ရမည်” ဟူသည့် ဦးတည်ချက်များဖြင့် လေ့ကျင့်သင်ကြားပေးခြင်း ဖြစ်သည်။

အင်ဂျင်နီယာပညာ  သင်ကြားရေး အတွက် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာ  အထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေး စိစစ်အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီ Engineering Edu cation Accreditation Committee ,  EEAC)  ရဲ့ Guideline ဖြစ်တဲ့ ဘွဲ့ရ   အမှတ်လက္ခဏာများဖြစ်သည့် အချက် (Graduate  Attributes)၁၂ ချက်နှင့် ကိုက်ညီစေသော သင်ကြားရေးစနစ်ကို  ဖော်ဆောင်လျက်ရှိသည်။  ယင်းသို့ဖော်ဆောင်ရာတွင် အရည်အသွေးစံနှုန်း (Criteria) ခုနစ်ခုဖြစ်သည့်   ပညာရေး အစီအစဉ်  ရည်ရွယ်ချက်(Program Education Outcome)၊ ဘွဲ့ရအမှတ် လက္ခဏာ (Graduate Attribute)၊ သင်ရိုးညွှန်းတမ်း (Curriculum)၊ သင်တန်းသား(Student)၊ နည်းပြနှင့် အထောက်အကူဝန်ထမ်း (Teaching Staff)၊ အခြေခံ အဆောက်အအုံ ပြည့်စုံမှု(Facility)၊   အရည်အသွေး အာမခံမှု ထိန်းသိမ်းသည့်စနစ် (QMS) တို့ကို နှစ်စဉ်ဆန်းစစ် လေ့လာသုံးသပ်ပြီး စဉ်ဆက်မပြတ် အကဲဖြတ် လုပ်ဆောင်နေသည်။

တပ်မတော်နည်းပညာ တက္ကသိုလ်သည် ၂၀၂၂ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာ အထူးပြုပညာရပ်ဆိုင်ရာ အရည်အသွေး စိစစ်အသိအမှတ်ပြုရေး လုပ်ငန်းကော်မတီ (EEAC)မှ အထူးပြု အင်ဂျင်နီယာဘာသာရပ် ခုနစ်ခုလုံးအတွက် Full Accredited  အရည်အသွေးစိစစ် အသိအမှတ်ပြု လက်မှတ်များလည်း ရရှိခဲ့ပြီးဖြစ်သည်။

ထူးချွန်ဆုအနေဖြင့် နှစ်စဉ်ကျောင်းဆင်းပွဲများတွင်  ထူးချွန်ဆုသုံးမျိုး ရွေးချယ် ပေးအပ်လျက်ရှိသည်။  ထိုဆုသုံးမျိုးမှာ အောင်စစ်သည်ဆု၊ လေ့ကျင့်ရေးထူးချွန်ဆု၊ စာပေထူးချွန်ဆုတို့ဖြစ်သည်။ အောင်စစ်သည်ဆုကို ဗိုလ်လောင်းသင်တန်းကာလ ခြောက်နှစ်အတွင်း စစ်ပညာ၊ စာပေပညာ၊ စိတ်ဓာတ်၊ စည်းကမ်း ကဏ္ဍကြီးသုံးခု၏ ရမှတ်အများဆုံး ရရှိသည့် ဗိုလ်လောင်းကို အောင်စစ်သည်ဆု ရွေးချယ်သတ်မှတ်ပေးကြောင်း သိရသည်။ လေ့ကျင့်ရေးထူးချွန်ဆုကိုလည်း      ဗိုလ်လောင်းသင်တန်းကာလ ခြောက်နှစ်အတွင်း စစ်ပညာနှင့် စိတ်ဓာတ်၊ စည်းကမ်းတို့တွင်   အမှတ်အများဆုံး ရရှိပြီး ပူးပေါင်း လုပ်ကိုင်ဆောင်ရွက်မှု တို့တွင် စံပြဖြစ်သူကို ချီးမြှင့်ပေးခြင်းဖြစ်ကြောင်း သိရသည်။ စာပေထူးချွန်ဆုကိုမူ သင်တန်းကာလ ခြောက်နှစ်အတွင်း အင်ဂျင်နီယာဘာသာရပ်  ခုနစ်ခုထဲမှ တက္ကသိုလ်ပညာဆိုင်ရာ အမှတ်အများဆုံး ရရှိသော ဗိုလ်လောင်းကို စာပေထူးချွန်ဆု ချီးမြှင့်ခြင်း ဖြစ်သည်ဟု သိရသည်။

ယခုနှစ်ကျောင်းဆင်းသည့် တပ်မတော် နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၄)တွင်    အင်ဂျင်နီယာ အထူးပြုဘာသာရပ်     ခုနစ်မျိုးအတွက် အင်ဂျင်နီယာဘွဲ့ရ  အရာရှိ    ၁၄၄ ဦး မွေးထုတ်ပေးခဲ့ခြင်း ဖြစ်သည်။ ဘာသာရပ်အားဖြင့်   စက်မှုအင်ဂျင်နီယာ   အထူးပြု B.E(Mechanical) ၂၅ ဦး၊ သတ္တုဗေဒ အင်ဂျင်နီယာအထူးပြု B.E(Metallurgy)၁၉ ဦး၊   မြို့ပြအင်ဂျင်နီယာ အထူးပြု B.E(Civil) ရှစ်ဦး၊   လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ အထူးပြု    B.E(Electrical Power) ခြောက်ဦး၊   အီလက်ထရောနစ် အင်ဂျင်နီယာ အထူးပြု B.E(Electronics) ငါးဦး၊စက်မှုအီလက်ထရောနစ် အင်ဂျင်နီယာ အထူးပြု B.E (Mechatronics) ၇၃ ဦးနှင့် ဓာတုအင်ဂျင်နီယာ အထူးပြု B.E(Chemical) ရှစ်ဦးတို့ဖြစ်သည်။

   တပ်မတော်နည်းပညာ တက္ကသိုလ်ကို ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ပြင်ဦးလွင်မြို့၌   စတင်တည်ထောင်ခဲ့ပြီး ၁၉၉၉ ခုနှစ် ဧပြီ ၁၁ ရက်တွင် အမှတ်စဉ် (၁)ကို အင်ဂျင်နီယာတပ်မတော် အရာရှိ ၈၄ ဦးဖြင့်   အောင်မြင်စွာ    မွေးထုတ် ကျောင်းဆင်းပေးနိုင်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် (ယနေ့) တွင်ကျောင်းဆင်းသည့် အမှတ်စဉ် (၂၄)အထိ အင်ဂျင်နီယာဘွဲ့ရ  တပ်မတော်အရာရှိ ၇၅၅၁ ဦးကို   အောင်မြင်စွာ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။

ကျောင်းဆင်းတပ်ခွဲ စစ်ရေးပြကွင်း အတွင်း ဝင်ရောက်လာစဉ် သီဆိုသည့် စစ်ချီတေးသီချင်း၏ အမည်မှာ “တပ်မတော်နည်းပညာတက္ကသိုလ်”ဟုအမည်ရသည့် တေးသီချင်းဖြစ်သည်။ ယင်းသီချင်းမှာ အမှတ်စဉ်(၁)သင်တန်းကတည်းက သီဆိုခဲ့သည့် သမိုင်းဝင်သီချင်းဖြစ်ကြောင်း သိရသည်။ “နည်းပညာတက္ကသိုလ် ကျောင်းဆင်းအရာရှိများသည်   အမိမြန်မာ နိုင်ငံတော်ကြီးအတွက်   ကာကွယ်ရေးနှင့် ခေတ်မီတိုးတက်စေရေး  တာဝန်များကို ထမ်းဆောင်ကြရမည်”  ဖြစ်ကြောင်း အစချီထားပြီး “စွမ်းရည်သုံးရပ်မြင့်မားသည့် (ကြည်း၊ ရေ၊ လေ) သားကောင်းများ ဖြစ်ကြောင်း၊ အင်ဂျင်နီယာစွမ်းပကား တပ်မတော်အား ဆောင်ပုဒ်ကို ဦးထိပ်ပန်ဆင်ထားသည့် တပ်မတော်နည်းပညာ ကျောင်းသားများဖြစ်ကြောင်း” တို့ကို သီကုံးဖွဲ့ဆိုထားသည်။

ကျောင်းဆင်းတပ်ခွဲများ စစ်ရေးပြကွင်းအတွင်းမှ ထွက်ခွာစဉ် နောင်တော်ကျောင်းဆင်း တပ်ခွဲကို ညီတော်တပ်ခွဲများက နှုတ်ဆက်သည့် အနေဖြင့် “နောင်တော်စစ်သည်” ဟု အမည်ရသည့် သီချင်းကို သီဆိုဂုဏ်ပြုကြသည်။  “တို့ နောင်တော်စစ်သည်အပေါင်းတို့ ကျောင်းဆင်းပြီ ရဲစွမ်းတဲ့ ခိုင်မြဲတဲ့ သိက္ခာကို လွှမ်းမိုးမည်” ဟူသည့် သံစဉ်စာသားများဖြစ်သည်။ အဓိပ္ပာယ် ဖော်ညွှန်းထားသည်မှာ “နောင်တော်များ၏ ရဲစွမ်းသတ္တိ  သိက္ခာများမှာ ညီငယ်များတွင် အားအင်သစ်များ   ဖြစ်ပေါ်လာရကြောင်း၊ နောင်တော်တို့အနေဖြင့်  တိုင်းပြည်အကျိုး၊ နိုင်ငံတော်အကျိုးကို ခေတ်နှင့်အညီ တီထွင်မြော်မြင်ပြီး အင်ဂျင်နီယာ သားကောင်းစစ်သည် တို့စွမ်းအားကို ကမ္ဘာကသိအောင် ကြိုးစားသွားကြပါ၊ ညီတော်တို့လည်း နောင်တော်တို့ကို အတုယူပါမည်ဟု ခိုင်မာတဲ့ဇွဲနဲ့ အဓိဋ္ဌာန်ထားကြောင်း” နှုတ်ဆက် ဆန္ဒပြုကြခြင်းဖြစ်သည်။

မကြာမီပင် ကွင်းအတွင်းကျန်ရစ်ခဲ့သော နောက်ရန်တပ်ခွဲများလည်း နှုတ်ဆက်စစ်ချီ သီချင်းကို မြိုင်ဆိုင်စွာ သီဆိုကြလျက် စစ်ရေးပြကွင်းအတွင်းမှ     ထွက်ခွာသွားခြင်းဖြင့် ကျောင်းဆင်းစစ်ရေးပြပွဲ  အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့၏။   သို့သော်လည်း ယင်းပုံရိပ်တို့မှာ ကျောင်းဆင်း ဂုဏ်ပြုစစ်ရေးပြပွဲသို့ တက်ရောက်လာသည့်  ဧည့်သည်တော်များ၏  နှလုံးအိမ်ပုံရိပ်တွင် လည်းကောင်း၊   တပ်မတော်နည်းပညာ တက္ကသိုလ်ကြီး၏ သမိုင်းအစဉ်အလာ ပုံရိပ်တွင်လည်းကောင်း၊ အမိနိုင်ငံတော်၏   နိုင်ငံ့ကာကွယ်ရေး သမိုင်းစဉ်ပုံရိပ်၌ လည်းကောင်း   စွဲမြဲစွာထာဝရ တည်တံ့နေမည်သာဖြစ်သည်။    ထို့ကြောင့်ပင် ကျင့်ဝတ်တီထွင် စွမ်းအားရှင်တို့  အားအင်သစ်မွေး နှစ်ဆယ့်လေးဟု ဝမ်းမြောက်ဂုဏ်ယူစွာ မှတ်တမ်းတင် ရေးသားလိုက်ရပါသည်။   ။

ဘုန်းရဲနိုင်(ဂန့်ဂေါ)