နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဒီဇင်ဘာ - ၁၃

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။

        အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ကောင်စီဝင် Jeng Phang နော်တောင်၊ စောဒန်နီယယ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝင်းရှိန်၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်းနှင့်  ဦးအောင်နိုင်ဦး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကချင်ပြည်နယ် အတွင်းရှိ အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ နှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။

စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသဆိုင်ရာအချက်အလက်များ၊ မြစ်ကြီးနား စီးပွားရေးဖွံ့ဖြိုးရေးဇုန် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စက်မှုရပ်ကွက် ကော်မတီဖွဲ့စည်းဆောင်ရွက်ထားရှိမှုနှင့် စက်မှုရပ်ကွက်အတွင်း စက်မှုကုန်ထုတ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ် စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊  ကချင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကူညီပံ့ပိုးမှုများဆောင်ရွက်လျက်ရှိမှု၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ချေးငွေများ ထုတ်ပေးမှုနှင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်လျက်ရှိမှု၊ One Village One Product ထုတ်လုပ်နိုင်ရေး ဒေသအလိုက် ထုတ်ကုန်အမယ် သတ်မှတ် ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု စသည့်အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် “စွမ်းအင်ပြည့်လျှံ” အဆင့်မြင့်လောင်စာတောင့် လုပ်ငန်းရှင် ဦးအောင်သန်းထွဋ်ဦး၊ “ရွှေအုပ်ဆောင်း” ပယင်းကျန်းမာရေးထုတ်ကုန် လုပ်ငန်းရှင် ဒေါ်နီနီလွင်၊ “ဖြိုးဝေဝေ”စက္ကူ Recycling လုပ်ငန်းရှင် ဦးဘင်ဂျမင်၊ “မနောမြန်မာ” စက်ရက္ကန်းလုပ်ငန်းရှင် ဦးသန်းဝင်း နှင့် လုပ်ငန်းရှင်များက ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်းများ၏ လုပ်ငန်း အလိုက် အခက်အခဲများတွေ့ကြုံနေရမှုနှင့် အစိုးရမှ လိုအပ်သည်များ ကူညီပံ့ပိုးပေးစေ လိုမှု၊ ဒေသထွက်ကုန်ကြမ်းများကို အသုံးပြု၍ ကုန်ချောထုတ်လုပ်ပြီး ပြည်ပနိုင်ငံများ သို့ တင်ပို့ရာတွင် ကုန်သွယ်မှုအခွန်ပမာဏလျော့ကျစေရေး သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်ပေးစေလိုမှု၊ အတိုးနှုန်းသက်သာသည့် ရင်းနှီးမတည်ချေးငွေများကို ဆောင်ရွက်ပေးစေလိုမှုနှင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြားလိုအပ်သည်များကို အသီးသီး တင်ပြဆွေးနွေးကြသည်။

ထို့နောက် ကချင်အထူးဒေသ(၁)မှ ဦးဇခုန်ယိန်းဆောင်က ချီဖွေ၊ ပန်ဝါ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးမှုများကို ယင်း ဒေသရှိ ဒေသခံပြည်သူများမှ အထူးကျေးဇူးတင်ရှိသည့် အခြေအနေများ၊ ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုလျှင်မြန်စွာ ဖြစ်ပေါ်လာစေရေးအတွက် လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်စေရေးနှင့် အခြားဒေသတွင်းလိုအပ်ချက်များကို        ဆွေးနွေးတင်ပြပြီး  တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက လုပ်ငန်းလိုအပ် ချက်များနှင့် ပတ်သက်၍ အထွေထွေဆွေးနွေးတင်ပြကြသည်။

 

ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး

        ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက နယ်စပ်ဒေသဖွံ့ဖြိုးရေးသင်တန်း ကျောင်းများ ဖွင့်လှစ်၍ လူသားအရင်းအမြစ်များမွေးထုတ်ပေးလျက်ရှိမှု၊ လမ်းပန်း ဆက်သွယ်မှု လျှင်မြန်ချောမွေ့ရေးမှအစ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေး လျက်ရှိမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များ၏လိုအပ် ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ကာ လိုအပ်သည် များကို ဝန်ကြီးဌာနအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေတစ်ရပ် ထူထောင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများသို့ ရင်းနှီးမတည်ငွေများ ဆောင်ရွက်ပေးခဲ့မှု၊ MSME အခန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် နိုင်ငံတော်မှ အားပေးဆောင်ရွက်လျက်ရှိပြီး ရန်ပုံငွေတစ်ရပ် ထူထောင်ကာ လိုအပ်သည်များ ရင်းနှီးမတည်ပေးနိုင်ရေး ဆောင်ရွက် လျက်ရှိမှု၊ ချေးငွေနှင့် ပတ်သက်၍ နိုင်ငံတော်မှ ခေါင်းစဉ်အမျိုးမျိုးဖြင့် ထုတ်ပေးထား သည့် ချေးငွေများကို သတ်မှတ်ကာလအပိုင်းအခြားနှင့်အညီ အချိန်မီပြန်လည်ပေးဆပ် ရန် လိုအပ်မှု၊ နိုင်ငံတော်မှ ဆောင်ရွက်ပေးနိုင်သည်မှန်သမျှကို လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ပေးရန် အသင့်ရှိသည့်အတွက် လုပ်ငန်းရှင်များမှလည်း မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရန် လိုအပ်မှု၊ MSME လုပ်ငန်းများ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေး လျက်ရှိမှု၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်မှသာလျင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ဝိုင်းဝန်း ဆောင်ရွက်ပေးရန် လိုအပ်မှု စသည်ဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီး ပြန်လည် ဆွေးနွေးပြောကြားကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လုပ်ဆောင်လျက်ရှိသည့် အခြေ အနေများကို ဆွေးနွေးပြောကြားသည်။

MSME လုပ်ငန်းများကို အားပေးမြှင့်တင်

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည် များ ဖြည့်ဆည်းပေးနိုင်ရန် ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း၊ ပြည်နယ် နှင့်တိုင်းဒေသကြီး အသီးသီးသို့သွားရောက်၍ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် MSME လုပ်ငန်းများမြှင့်တင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံသာမက ဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် ပြည်တွင်းစီးပွားရေးလုပ်ငန်း၏ ၉၀ ရာခိုင်နှုန်း ကျော်သည် MSME လုပ်ငန်းများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် အရေးပါသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၈ ခုနှစ်မှ စတင်၍ စီးပွားရေးဆိုင်ရာနှင့် ကုန်သွယ်မှု ဆိုင်ရာ စီမံခန့်ခွဲမှုများ၌ အားနည်းချက်များ ရှိခဲ့ခြင်းကြောင့် နိုင်ငံ့စီးပွားရေး ကျဆင်းခဲ့ ရကြောင်း၊ နိုင်ငံခြားဝင်ငွေများ ရရှိခြင်းမရှိခဲ့ဘဲ ပြည်ပမှ သွင်းကုန်များကို တင်သွင်းခဲ့ မှုများကြောင့် ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်ခဲ့ကြောင်း၊  Non Trade လုပ်ငန်းများမှ ရရှိသည့် ငွေကြေးများဖြင့် သွင်းကုန်များ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုကို အားပေးမှု မရှိခဲ့ဘဲ ပြည်ပသွင်းကုန်ကိုသာ အားထားဆောင်ရွက် ခဲ့ခြင်းကြောင့် ကုန်သွယ်မှုလိုငွေ အများအပြားရှိခဲ့ပြီး တိုင်းပြည် အတွက် စိုးရိမ်ဖွယ်ရာ အနေအထားသို့ ရောက်ရှိခဲ့ကာ ကြွေးမြီအများအပြားဖြစ်ပေါ်ခဲ့ကြောင်း။

မိမိတို့အနေဖြင့် လက်ရှိနိုင်ငံ့တာဝန်များကို ထမ်းဆောင်နေချိန်တွင် ပြည်ပမှ ချေးငွေနှင့် အထောက်အပံ့များရရှိမှု မရှိသော်လည်း ပြည်ပချေးငွေများကို ပြန်လည် ပေးဆပ်လျက်ရှိကြောင်း၊ ယခုအခါ နိုင်ငံ၏စီးပွားရေးမှာ အထိုက်အလျောက် ပြန်လည် မြင့်တက်လာပြီဖြစ်ကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှုစီးပွားရေးကိုအားပေး ဆောင်ရွက်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်စီးပွားရေး တစ်နည်းအားဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ကျေးလက်နေပြည်သူ များ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက ဝယ်လိုအားတက်လာမည်ဖြစ် ကြောင်း၊ ငွေကြေးလည်ပတ်မှုများကောင်းမွန်လာပြီး ကုန်ထုတ်လုပ်မှုများ တိုးတက် လာမည်ဖြစ်ကာ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်း များကို ပြည်တွင်းစီးပွားရေးအားပေးရန်၊ ပြည်ပသွင်းကုန် အစားထိုးရန်နှင့် ပြည်ပ ပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။

လျှပ်စစ်ဓာတ်အား နှင့် စက်သုံးဆီ လိုအပ်ချက်

နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတည်ငြိမ်အေးချမ်း မှုရှိရန်လိုအပ်သကဲ့သို့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်သည်လည်း အရေးကြီးကြောင်း၊ မိမိတို့နိုင်ငံတွင် ရေအားလျှပ်စစ်များထုတ်လုပ်မည်ဆိုပါက မီဂါဝပ် ၄ သောင်းခန့် ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် စီမံကိန်းများ ရပ်တန့် ခဲ့ရကြောင်း၊ ကချင်ပြည်နယ်အတွင်း ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် အရင်း အမြစ်များစွာရှိပြီးဖြစ်သဖြင့် အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် အချိန်ကာလ တစ်ခုအထိ ကြာမြင့်ပြီး ရင်းနှီးမြှုပ်နှံမှုများစွာဖြင့် ဆောင်ရွက်ရကြောင်း၊ လျှပ်စစ် ဓာတ်အား လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ လေအားအသုံးပြုလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ တစ်ဖက်မှလည်း လျှပ်စစ်ဓာတ်အားများကို ချွေတာသုံးစွဲကြရန်လိုကြောင်း။

အလားတူ မိမိတို့အနေဖြင့် စက်သုံးဆီများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရ မှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှုများ များစွာကုန်ကျလျက်ရှိကြောင်း၊ ထို့ကြောင့် စက်သုံး ဆီများကို တတ်နိုင်သမျှချွေတာသုံးစွဲရန်လိုကြောင်း၊ စက်သုံးဆီသုံးစွဲရန် မလိုအပ်သည့် စက်ဘီးကဲ့သို့သောယဉ်များကို တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် အသုံးပြုကြစေလိုကြောင်း၊ ကုန်စည်ပို့ဆောင်ရေးတွင်လည်း စက်သုံးဆီသုံးစွဲမှုနည်းပါးပြီး ကုန်စည်များစွာကို ပို့ဆောင်နိုင်သည့် ရထားဖြင့် သယ်ယူပို့ဆောင်ခြင်းကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  တစ်ဦးချင်းချွေတာသုံးစွဲမည်ဆိုပါက နိုင်ငံခြား ငွေကုန်ကျမှုများ လျော့နည်းသွားမည် ဖြစ်ကြောင်း။

ဒေသထုတ်ကုန်ကို အခြေခံသည့် ပြည်တွင်းစီးပွားရေးကို အားပေးမြှင့်တင်

ကုန်ဈေးနှုန်းမြင့်တက်မှုမှာ ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်း၊ သယ်ဆောင် မှုစရိတ်မြင့်မားခြင်း၊ ရောင်းလိုအားနှင့် ဝယ်လိုအားမျှတမှုမရှိခြင်းများကြောင့် ဖြစ် ကြောင်း၊ ကချင်ပြည်နယ်တွင် ရေခံမြေခံကောင်းများကိုပိုင်ဆိုင်ပြီးဖြစ်သဖြင့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကိုအောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ကြောင်း၊ ပြည် တွင်း၌ ထုတ်ကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်မည်ဆိုပါကကုန်ဈေးနှုန်းများ ကျဆင်းလာမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်း များကို အားပေးဆောင်ရွက်ခြင်းသည် နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများအားလုံး တိုးတက်လာစေရန်ဖြစ်ကြောင်း၊ တစ်ဦး ချင်း၏ အကျိုးစီးပွားမှ နိုင်ငံ့အကျိုးစီးပွားကို တိုးတက်အောင် ဆောင်ရွက်ကြစေလို ကြောင်း၊ ကချင်ပြည်နယ်အတွင်းတစ်ဦးချင်း အကျိုးစီးပွားထက် အများ၏ အကျိုး စီးပွားကိုဖြစ်ထွန်းစေနိုင်သည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ကြစေလို ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် MSME စီးပွားရေးလုပ်ငန်းများမှ သွင်းကုန်အစားထိုး လူသုံးကုန်နှင့်စားသောက်ကုန် များကို ထုတ်လုပ်နိုင်ကြောင်း၊ ကချင်ပြည်နယ်အတွင်း ရာဘာစိုက်ပျိုးမှုများသဖြင့် ရာဘာထွက်ကုန်များဖြင့် တာယာ များနှင့် အခြားလူသုံး ကုန်ပစ္စည်းများကိုထုတ်လုပ် နိုင်ကြောင်း၊ ဒေသတွင်း လူသုံးကုန် ပစ္စည်းများကို လုံလောက်စွာထုတ်လုပ်၍ တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ပါ ပြန်လည်တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အတွင်း ဝါးနှင့် သစ်များပေါများစွာရှိကြောင်း၊ အဆိုပါ သစ်နှင့် ဝါးများကို အသုံးပြု၍ စက္ကူ ပျော့ဖတ်များထုတ်လုပ်ပြီး နိုင်ငံ၏ စက္ကူလိုအပ်ချက်ကို ဖြည့်တင်းနိုင်ကြောင်း၊ ဝါးကို အခြေခံသည့် အခြားလူသုံးကုန်ပစ္စည်းများကိုလည်း ထုတ်လုပ်နိုင်ကြောင်း၊ ဝါးနှင့် ပတ်သက်၍ ထုတ်ကုန်ပစ္စည်းများထုတ်လုပ်မည်ဆိုပါက နိုင်ငံတော်မှလိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ ကချင်ပြည်နယ် အတွင်းမှ ထွက်ရှိသည့် သစ်သီးများကို တန်ဖိုးမြှင့်ထုတ်ကုန်များ အဖြစ် ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့တင်ပို့နိုင်မည်ဆိုပါက အကျိုးများစွာ ဖြစ်ထွန်း စေမည်ဖြစ်ကြောင်း။

ဒေသတွင်းဆန်ဖူလုံမှုရှိစေရေးအတွက် စိုက်ပျိုးရေးတွင် အဓိက အခြေခံအချက် များဖြစ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးမြေကောင်းမွန်ရေး၊ စိုက်ပျိုးရေလုံ လောက်စွာရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်မှုရှိရေး စသည့် မျိုး၊ မြေ၊ ရေ၊ နည်း လေးမျိုးကို စနစ်တကျဖြင့် အသုံးချဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးဧကများ တိုးချဲ့ စိုက်ပျိုးခြင်းထက် တစ်ဧကချင်း အထွက်နှုန်းများတိုးတက်အောင်ဆောင်ရွက် ရန်လို ကြောင်း၊ အလားတူ မွေးမြူရေး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်း မိရိုးဖလာ မွေးမြူရေး လုပ်ငန်းများအစား လှောင်၍မွေးမြူသည့်စနစ်ဖြင့် စနစ်တကျ မွေးမြူ မည်ဆိုပါက မွေးမြူရေးထွက်ကုန်များကို  ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်သောကြောင့် နိုင်ငံခြား ဝင်ငွေများရရှိပြီး ဒေသနှင့် နိုင်ငံအတွက်အကျိုးများစွာဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖြင့် ဒေသတွင်းစီးပွားရေးလုပ်ငန်းများကို အောင်မြင် ဖြစ်ထွန်းအောင် ဆောင်ရွက်ကြစေလိုကြောင်း။

လူသားအရင်းအမြစ်ကောင်းများ ပေါ်ထွက်လာရေး ပညာရေး အားပေးမြှင့်တင်

MSME လုပ်ငန်းများအောင်မြင်စေရေးအတွက် အဓိကလိုအပ်ချက်မှာ ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်ကောင်းတို့ဖြစ်ကြောင်း၊ ယနေ့ ခေတ် သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်ပြီး ဒေသတွင်းအလွယ်တကူရရှိနိုင်သည့် ကုန်ကြမ်း များကိုသုံးစွဲ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက် နိုင်မည် ဆိုပါက အကျိုးများစွာဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ လူသားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေး အခြေခံပညာများမြှင့်တင်ရေးအတွက် အစိုးရမှတတ်နိုင်သည့် ဘက်မှ အားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ အဆင့်မြင့်ပညာရေး မြှင့်တင်ရေးအတွက်လည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးကို မြှင့်တင်ခြင်း သည် လူတစ်ဦးချင်း၏ အနာဂတ်၊ တိုင်းပြည်၏ အနာဂတ်ကို မြှင့်တင်ခြင်းပင်ဖြစ် ကြောင်း၊ ထို့ကြောင့် ပညာရေးမြှင့်တင်မှုများကို မဖြစ်မနေဆောင်ရွက်ပေးရ မည်ဖြစ် ကြောင်း၊ သို့မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လူသားအရင်းအမြစ် များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း။

ကချင်ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို နိုင်ငံတော်အစိုးရအနေဖြင့် တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ဒေသခံလုပ်ငန်းရှင်များမှလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်းဖြင့် တိုက်တွန်း ဆွေးနွေး ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ခင်းကျင်းပြသထားသည့် သယံဇာတတွင်းထွက်ထုတ်ကုန်များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှု ထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက် တစ်ခုချင်းစီအလိုက်  စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေ များကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံ ရှင်းလင်း တင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။