ဆေးဖက်ဝင်နနွင်းနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

ဆေးဖက်ဝင်နနွင်းနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

နနွင်း

          အင်္ဂလိပ်အမည်      - Turmeric

          မျိုးရင်း                  - Zingiberaceae (ချင်းမျိုးရင်း)

          ရုက္ခဗေဒအမည်      - Curcrma longa Linn;

အဓိကဆေးဖက်ဝင်ပုံ

အဖျားရောဂါ၊ ငန်းရောဂါ၊ ဝမ်းရောဂါ၊ ရောင်ရမ်းနာကျင်ကိုက်ခဲသောရောဂါ၊ ဆီးအောင့် ဆီးကျောက်တည်ရောဂါ၊ အစာအိမ်ရောဂါ၊  မီးဖွားပြီးနောက် သွေးပုပ်ကျန်သောရောဂါနှင့် မှိုင်းရှူဆေး၊  နှာမှုတ် ဆေးများ ဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးပေါက်ရောက်သည်။

ဆေးဖက်ဝင်အစိတ်အပိုင်း - ဥ၊ အတက်

အပင်ပုံသဏ္ဌာန်

အပင်။  ။ ရွက်ရောင်ပင်စည်ဖြစ်ပြီး  ၄၊ ၅ ပေခန့်မြင့်သည်။ ဘဲဥပုံအမြစ်ဥများရှိသည်။ မြစ်ဥ အတွင်းသား တောက်ပသော ရွှေဝါရောင်ရှိသည်။ နနွင်းအမျိုးအစား များစွာရှိသည့်အနက် စားသုံးရာတွင် နနွင်းရိုးရိုးကိုသာ အသုံးပြုသည်။ ဟင်းခတ်ရာတွင်၊ ဟင်းဆီသတ်ရာတွင် နနွင်းဝါကို အရောင်အဆင်းလှစေ ရန်အတွက် အသုံးပြုကြသည်။

အရွက်။  ။ ရွက်ညှာသည် ရွက်ပြားနှင့် အလျားညီသည်။ ရွက်ညှာရင်းမှ ရွက်ပြားထိပ်အထိ အမြောင်းပါသည်။ ရွက်ပြားရှည်မျောမျောပုံဖြစ်ပြီး အဖျားချွန်ကာ အရင်းသွယ်သည်။ ရွက်နားညီသည်။ ရွက်ကြောများ အလွန်ထင်ရှားသည်။

အပွင့်။   ။အဝါနုရောင်ရှိသည်။ ဆိတ်ဖူးပွင့်နှင့်တူသည်။ ဝါဆို၊ ဝါခေါင်လတို့တွင် ပွင့်သည်။

နနွင်းအမျိုးအစားများ

အာယုဗေဒကျမ်းအလာ နနွင်းအမျိုးအစား (၇) မျိုးရှိသည်။ ၎င်းင်းတို့မှာ -

          (၁) ဟရိဒ္ဒါ              = စားနနွင်း (နနွင်းရိုးရိုး)

          (၂) ဝနဟရိဒ္ဒါ          = တောနနွင်း (နနွင်းရိုင်း) ၎င်းင်းသည် ဥ၊ အရွက် ရိုးရိုးနနွင်းထက်ကြီးထွားသည်။ အနံ့ပြင်းသည်။

          (၃) အာမဟရိဒ္ဒါ      = သရက်ကင်းဥ  မြန်မာတို့သရက်ကင်းဥအနေဖြင့် အတို့အမြှုပ်လုပ်စားသော သရက်ကင်းဥသည် အာယုဗေဒကျမ်းများအလိုအရ နနွင်းဥမျိုးတွင် ပါဝင်သည်။  အိန္ဒိယသားတို့သည် ချက်တနီးခေါ် အချဉ်ပြုလုပ်စားကြသည်။

          (၄) ကာလီဟရဒီ     = နနွင်းပြာ မြန်မာနိုင်ငံတွင် ဂမုန်းတစ်မျိုးအဖြစ် နနွင်းမျိုးတွင် မထည့်ဘဲ အသိအမှတ်ပြုထားကြသည်။ အချို့က ဂမုန်းတိမ်ပြာဟု ခေါ်ကြသည်။

          (၅) ဓာရုဟရိဒ္ဒါ       = သစ်နနွင်း  (သစ်သားနနွင်း) ဝါသောအရောင်ချင်းတူသဖြင့် နနွင်းမျိုးတွင် ထည့်သွင်း ထားသည်။ သစ်သားမျိုးဖြစ်သည်။  ဆူးရှိသည်။ သစ်နနွင်းဟူ၍လည်းကောင်း  ရှေးဆေးဆရာကြီးများက ဆေးရွှေဟုခေါ်တွင်ပြီး သွေးလိမ်းရန် စေခိုင်းကြသည်။

          (၆) ဝလ္လီဟရိဒ္ဒါ       = နနွင်းနွယ်၊   အဝါရောင်ရှိသောနွယ်မျိုးဖြစ်သည်။ အခြောက်လှန်းပြီး ဆေးဖော်ရာတွင် ထည့်သွင်းအသုံးပြုရန် ပရဆေးဆိုင်များတွင် ရရှိနိုင်သည်။

          (၇) တိထ္တဟရဒီ      =  နနွင်းခါး၊  နနွင်းရိုးရိုးနှင့် သဏ္ဌာန်တူသော်လည်း စားကြည့်လျှင် လွန်စွာခါးသည်။

ထူးခြားသောနနွင်းများ

ဆေးဖက်ဝင်သည်ဟုဆိုသော ထူးခြားသော နနွင်းများလည်း ရှိသေးသည်။ ဆေးဆရာများ အဂ္ဂိရတ်ဆရာများ အသုံးပြုကြသည်။ ၎င်းင်းတို့မှာ (၁) နနွင်းဖြူနှင့် (၂) နနွင်းနက်တို့ဖြစ်သည်။ ၎င်းတို့သည် လွယ်ကူစွာ ရှာ၍ရနိုင်သော နနွင်းမျိုးမဟုတ်သဖြင့် ရိုးရိုးနနွင်းထက် တန်ဖိုးကြီးမားသည်။ ထို့ကြောင့် နက်၊ ကျော၊ မွေး၊ တောင်၊ ကျီးရာထောင်တွင် တစ်ကောင်အဖြူရခဲဟူ၏ဟု စာဆိုရှိသည်။ နနွင်းဖြူမှာ အလွန်ရှားသည်ဟုဆိုသည်။ နနွင်းဖြူနှင့်  ဂမုန်းခွက်ပေါက်တို့ကိုတွဲ၍ ပြဒါးဖမ်းရာတွင် အသုံးပြုသည်ဟု ဆိုသည်။ နနွင်းနက်သည်လည်း အလွန်ဆေးဖက်ဝင်ပြီး ပျားရည်နှင့်စိမ်၍ ဆေးဖော်စားလျှင် ဆံပင်ဖြူများကိုပင် ပြန်၍နက်စေသည်ဟု အဆိုရှိသည်။  

ဆေးကျမ်းများအဆို

နနွင်းသည် ပူ၏။   စပ်ရှားရှားအရသာရှိ၏။ ခါးသက်၍ ဆိမ့်သောအရသာလည်း  အနည်းငယ်ရှိ၏။ ကိုယ်ရေကို နွေးစေ၏။ ပူသော ဂုဏ်သတ္တိရှိ၏။ လေကိုနိုင်၏။ ဝမ်းမီးကို တောက်စေ၍ အစာမကြေရောဂါကို သက်သာပျောက်ကင်းစေနိုင်၏။ နိဃဏ္ဍုကျမ်းများ အလိုအရ နနွင်း၏  စွမ်းရည်သတ္တိများမှာ   စားသုံးသူကို    လှပစေတတ်၏။ စင်ကြယ်စေတတ်၏။ မိန်းမတို့အတွက် ဆေးကောင်းဖြစ်၏။ သည်းခြေ၊ သလိပ်၊ လေ၊ သွေးဒေါသများကို နိုင်၏။ ဆီးရောဂါ၊ အရေပြားရောဂါ၊ အနာပေါက်ရောဂါ၊  ရောင်ခြင်း၊ အသားဝါရောဂါ၊   အဆိပ်သင့်နာ၊ ထိပ်ကပ်နာ၊ နှုတ်မမြိန်ရောဂါ၊ အစာမကြေရောဂါတို့ကို ပျောက်ကင်းစေတတ်သည်။

နနွင်းသည် ပဉ္စဘူတမယံဒဗ္ဗဘုတ်ငါးပါးဖြင့် ပြီးသော ဆေးပစ္စည်းဖြစ်သည်ဟု အာယုဗေဒကျမ်းများတွင် ဖော်ပြထားသည်။ ဘုတ်ငါးပါးဟူသည်မှာ (၁) ပထဝီ (၂) အာပေါ (၃) တေဇော(၄) ဝါယော (၅) အာကာသတို့ဖြစ်သည်။

နနွင်းသည် ပူ၏ (တေဇော)။  ဆိမ့်ဖန်သော အရသာရှိ၏ (အာပေါ၊ ပထဝီ)။  ခါးသက်သော အရသာရှိ၏ (ဝါယော)။ စပ်ရှားရှား အရသာရှိ၏ (အာကာသ)။ ထိုကဲ့သို့ ဘုတ်ငါးပါးလုံး  ထူးခြားစွာ ပေါင်းစပ်နေသော ဆေးပစ္စည်းမှာ အလွန်ရှားပါးပြီး ရောဂါကုသရာတွင်  ဆရာ၏ ဉာဏ်ကွန့်နိုင်သလို ရောဂါပေါင်းစုံအတွက် ဆေးဖက်ဝင်ဖြစ်သည်။

နနွင်းသည် အပူဟုဆိုသော်လည်း ဖျက်ဆီးတတ်သော  အပူမျိုးမဟုတ်ပေ။  နနွင်း၌ရှိသော  အပူ တေဇောဓာတ်သည်  အကျိုးပြုသောတေဇောဖြစ်သည်။ ခန္ဓာကိုယ်အတွက် အကျိုးပြုသော အစာကို ကြေကျက်စေသည့် (ပါစကတေဇော) ဝမ်းမီးနှင့် ခန္ဓာကိုယ်၏ အပူအအေးကို  ထိန်းညှိပေးနေသော ကိုယ်စောင့်ဓာတ်မီး (ဥသမ္မာတေဇော) တို့ဖြစ်သည်။

နနွင်းတွင် ခန္ဓာကိုယ်ကို ပျက်စီးစေသည့် လောင်မြိုက်စေသည့် လွန်ကဲသောအပူ ၁။ ဒါဟတေဇော (လောင်မီး၊ မီးတောက်မီးလျှံ)၊ ၂။ ဥဏှတေဇော (ငုပ်စွဲလောင်သောမီး)၊ ၃။ ဇိရဏတေဇော (ဆွေးမြည့် အောင်လောင်စေသောမီး)၊ ၄။ သံတပ္ပဏတေဇော (မြိုက်လောင်သောအပူ) စသောမီးများ နနွင်းတွင် မပါဝင်ပေ။

အမျိုးသမီးများ၏ အဆင်းတန်ဆာအဖြစ် နနွင်းကို အာယုဗေဒကျမ်းများက  ချီးကျူးဖော်ပြကြသည်။ နနွင်းသည် အမျိုးသမီးများ သွေးသားသန့်စင်စေသော ဆေးကောင်းဖြစ်သည်။ မီးနေချိန်မှစ၍ သွေးဆုံးချိန် အထိ မိန်းမများအတွက်  ဆေးကောင်းဖြစ်သည်။

ယောကျ်ားမှာ ဆီး၊  မိန်းမမှာ မီး ဟူသော စကားအတိုင်း  မီးယပ်သွေးမှန်ကန်စေသော သွေးသားသန့်စင်စေသောဆေးအဖြစ် နနွင်းကို ရှေးဆရာများ အဆက်ဆက် သုံးစွဲလာခဲ့ကြသည်။

ဆေးဖက်ဝင်အသုံးပြုပုံ

၁။                ကိုယ်ဝန်ဆောင်အမျိုးသမီးများ  မွေးဖွားရ လွယ်ကူစေရန်အတွက် နနွင်းမှုန့်ကို  ရေအေးဖြင့်ဖျော်၍ ဟင်းစားဇွန်းတစ်ဇွန်းခန့် မမွေးဖွားမီ ကြိုတင်၍ နေ့စဉ်မှီဝဲပေးရ၏။

၂။                ကိုယ်ဝန်ရှိနေစဉ်  တစ်နေ့တခြား  အသားအရေ ပူနွေးလာရ၏။ ထိုသို့မဟုတ်ဘဲ အသားအရေ အေးနေခြင်း၊ သွေးလေးနေခြင်းတို့ဖြစ်ခဲ့လျှင် နနွင်းကို ရေအေးဖြင့်ဖျော်ပြီး တစ်ကိုယ်လုံး လိမ်းကျံပေးခြင်းဖြင့်  သက်သာစေနိုင်သည်။

၃။                အမျိုးသမီးများ ခေါင်းကိုက်ခြင်း၊  ဇက်ထိုးခြင်း၊ မီးယပ်ခေါင်းကိုက်ရောဂါစွဲခြင်းဖြစ်ခဲ့လျှင် နနွင်းမှုန့်ကို  မီးကျီးခဲပေါ်တွင် ဖြူး၍ မှိုင်းရှူပေးခြင်းဖြင့် သက်သာစေနိုင်သည်။

၄။                ကိုယ်ဝန်ဆောင်နေစဉ် မကြာခဏ  ဖျားတတ်သော  အမျိုးသမီးများသည်  အဖျားပျောက်ဆေး များကို မှီဝဲသည့်အပြင် နနွင်းကိုလည်း သောက်ပေးသင့်သည်။

၅။                မီးဖွားပြီးနောက်  အောင်းနေသောသွေးများ မဆင်းဘဲ အပုပ်ဆောင်ရာမှ ခန္ဓာကိုယ်ဖောရောင်ခြင်းဖြစ်လျှင် နနွင်းကို  ဆေးအဖြစ် သောက်ခြင်း၊ လိမ်းခြင်း၊  နနွင်းပြုတ်ရည်ဖြင့် ရေချိုးခြင်းပြုလုပ်ပေးပါက  သက်သာစေနိုင်သည်။

၆။                မီးဖွားပြီးနောက် သားမြတ်ရောင်ခြင်း၊ သားမြတ်ကိုက်ခြင်းဖြစ်လျှင်၊ နို့ချောင်းပိတ်လျှင်  နနွင်းမှုန့်ကိုသောက်ပါ။ နနွင်းဖြင့် လိမ်းကျံပေးပါ။ နနွင်းမှုန့်ကိုအထုပ်ပြုလုပ်၍ ရေနွေးငွေ့ခံပြီး ကျပ်ထုပ်ထိုးပေးပါ။

၇။                သွားနာ၊ သွားကိုက်၊ သွားဖုံးရောင်ရောဂါဖြစ်လျှင် နနွင်းမှုန့်ကို ရေနွေးနှင့်ဖျော်၍  ဆားအနည်းငယ်ထည့်ပြီး ငုံပေးလျှင် သက်သာစေနိုင်သည်။

၈။                အပူဝမ်းပျက်၊  ဝမ်းလျှောရောဂါဖြစ်လျှင် နနွင်းမှုန့်၊  ကွမ်းစားထုံးအနည်းငယ်နှင့်  ထန်းလျက်ရော၍ ရေနွေးဖြင့်ပြုတ်ပြီး   ပူပူနွေးနွေးသောက်ပေးလျှင်  ဝမ်းလျှောရောဂါသက်သာ ပျောက်ကင်းစေနိုင်သည်။

၉။                အဖျားတက်ခြင်း၊ ချွေးငုပ်ပြီး ငန်းဖမ်းခြင်းများဖြစ်လျှင်  နနွင်းကို မီးဖိုချောင်မှ ကျပ်ခိုးနှင့် ဆားအနည်းငယ် ရော၍လှော်ပြီး  ကွမ်းရွက်ပြုတ်ရည်နှင့် တိုက်ကျွေးပေးပါက ချွေးထွက်ပြီး အဖျားကျစေနိုင်သည်။

၁၀။             ခန္ဓာကိုယ်တွင် နာကျင်ကိုက်ခဲသော အကျိတ်ထွက်ခြင်း၊ ခိုက်မိ၍  ဖူးရောင်ခြင်းများဖြစ်ပါက နနွင်းကို  ထုံးနှင့်ရောစပ်၍  ရေဖျော်ပြီးလိမ်းပေးပါက  သက်သာပျောက်ကင်းစေနိုင်သည်။

၁၁။              ရုတ်တရက် ထိခိုက်ပွန်းရှခြင်းများ သွေးထွက်ပြီး သွေးမတိတ်လျှင် နနွင်းမှုန့်ကိုသိပ်ပေးခြင်းဖြင့် သွေးတိတ်စေနိုင်သည်။

၁၂။              ခန္ဓာကိုယ်  အနံ့ဆိုးခြင်း၊  ချွေးထွက်လျှင် အနံ့အသက်မကောင်းခြင်း၊   ချိုင်းချွေးနံ့မကောင်းခြင်း ဖြစ်ပါက နနွင်းမှုန့်ကို ကော်ဖီဇွန်းသေး နှစ်ဇွန်းခန့် နံနက်ည  နေ့စဉ်စားသုံးပေးပါက ပျောက်ကင်းစေနိုင်သည်။    ။

ကြည်လွင်မြင့်(မုဒြာ)