(၃၂)ကြိမ်မြောက် ဆီးဂိမ်းအကြို မွေပြိုင်ပွဲတွင် မြန်မာလက်ဝှေ့ အားကစားသမားများ ရွှေနှစ်ခု၊ ငွေတစ်ခုနှင့် ကြေးသုံးခု ဆွတ်ခူး

(၃၂)ကြိမ်မြောက် ဆီးဂိမ်းအကြို မွေပြိုင်ပွဲတွင် မြန်မာလက်ဝှေ့ အားကစားသမားများ ရွှေနှစ်ခု၊ ငွေတစ်ခုနှင့် ကြေးသုံးခု ဆွတ်ခူး

ရန်ကုန်  ဒီဇင်ဘာ  ၁၃

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့၌ ဒီဇင်ဘာ ၇ ရက်မှ ၁၁ ရက်ထိ ကျင်းပသည့် (၃၂)ကြိမ်မြောက် ဆီးဂိမ်းအကြို မွေပြိုင်ပွဲ တွင် မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ စခန်းသွင်း လေ့ကျင့်နေသည့် ကစားသမား ခြောက်ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် နှစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်သုံးခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲ၏ အမျိုးသား  ၆၃ ဒသမ ၅ ကီလိုတန်းတွင် စောလှဝင်းစိုးက ရွှေတစ်ခု၊ အမျိုးသမီး ၅၇ ကီလိုတန်းတွင် နော်ဥမ္မာစိုးက ရွှေတစ်ခု၊ ၆၀ ကီလိုတန်းတွင် စောမြမိုးက ငွေတစ်ခု၊ အမျိုးသမီး ၄၈ ကီလိုတန်းတွင် မေသဇင်ဖူး(ခ)မေသက်ဖူး၊ အမျိုးသား ၅၄ ကီလိုတန်းတွင် အေးကိုဇင်၊ ၅၇ ကီလိုတန်း တွင်  မိုးကိုကိုတို့က ကြေးတစ်ခုစီ ရရှိခဲ့ကြ သည်။

“ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ သွားပြိုင်တဲ့ ကစားသမားက ခြောက်ယောက်ပါ။ ကစားသမားအားလုံး  ဝိတ်တန်းအလိုက် ဆုတံဆိပ် ရရှိခဲ့ကြပါတယ်။ ဆုအမျိုးအစား တွေအနေနဲ့ကတော့ ရွှေတံဆိပ်ကနှစ်ခု၊ ငွေတံဆိပ်ကတစ်ခုနဲ့ ကြေးတံဆိပ်က သုံးခု စုစုပေါင်း ဆုတံဆိပ်ခြောက်ခု ရရှိခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ကလေးတွေ ဆီးဂိမ်းပြိုင်ပွဲအတွက်လည်း  အလားအလာရှိပါတယ်”ဟု  ခရီးစဉ်တွင် လိုက်ပါသွားသည့် မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ ဦးချစ်ကိုကိုက ပြောသည်။

အဆိုပါ(၃၂)ကြိမ်မြောက် ဆီးဂိမ်းအကြို မွေပြိုင်ပွဲသို့  မလေးရှား၊  အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အိမ်ရှင်ကမ္ဘောဒီးယား၊ မြန်မာ နှင့် ထိုင်းနိုင်ငံမှ  အားကစားသမားများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

မြန်မာလက်ဝှေ့ အားကစားသမားများသည် ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း  မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ သိရသည်။