နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များ ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၁၃
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပသည်။
အဆိုပါပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘော်လီဘော အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနခွဲများမှအရာထမ်း၊ အမှုထမ်းများနှင့် အားကစားဝါသနာရှင် များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် (အမျိုးသမီး) ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ (အမျိုးသား) ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းက မန္တလေးတိုင်းဒေသကြီး အသင်းကို သုံးပွဲတစ်ပွဲဖြင့် လည်းကောင်း အနိုင်ရရှိသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆု ရရှိခဲ့ကြသူများအား တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က လည်းကောင်း၊ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် နေရာ အလိုက် အကောင်းဆုံး အားကစားသမားဆု ရရှိခဲ့ကြသူများအား အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လည်းကောင်း ဂုဏ်ပြုဆုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ဘော်လီဘော(အမျိုးသမီး) ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော မကွေးတိုင်းဒေသကြီး အသင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ငွေသားဆုငွေကျပ် ၁၀သိန်းအား လည်းကောင်း၊ တတိယဆုရရှိသော မန္တလေးတိုင်း ဒေသကြီးအသင်းကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဒေါက်တာဗညားအောင်မိုးက တစ်ဦးချင်းဆု တံဆိပ်နှင့် ငွေသားဆုငွေကျပ် ၁၅ သိန်းအား လည်းကောင်း၊ ဒုတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆု ငွေကျပ်သိန်း ၂၀ အား လည်းကောင်း၊ ပထမဆု ရရှိသော ရန်ကုန်တိုင်းဒေသကြီး အသင်းကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်က တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆု၊ ငွေကျပ်သိန်း ၃၀ နှင့်တံခွန်စိုက်ဒိုင်းဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော ကရင်ပြည်နယ် အသင်းကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ငွေသားဆုငွေကျပ် ၁၀ သိန်းအား လည်းကောင်း၊ တတိယဆုရရှိသော ပြည်ထောင်စု နယ်မြေ နေပြည်တော်အသင်းကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် ၁၅ သိန်းအား လည်းကောင်း၊ ဒုတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီး အသင်းကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်က တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား ဆုငွေကျပ်သိန်း ၂၀ အားလည်းကောင်း၊ ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီး အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုငွေကျပ်သိန်း ၃၀ နှင့် တံခွန်စိုက်ဒိုင်းဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။
ယင်းနောက် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) အသက်(၁၈)နှစ် အောက် ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များဖြစ်သော ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း အမှတ်(၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ရန်ကုန်တိုင်း ဒေသကြီး အသင်းနှင့် ကချင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင် ကစားနေမှုများကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။