မြန်မာ့စီးပွားပျက်ကပ်သို့ ဦးတည်စေမည့် အနောက်နိုင်ငံအလိုကျ အကြမ်းဖက် NUG ၏ အနာဂတ်စစ်ပွဲ
ကျွန်ုပ်တို့မြန်မာနိုင်ငံသည် နယ်ချဲ့တို့လက်အောက်သို့ ကျရောက်စဉ်ကပင် သွေးခွဲအုပ်ချုပ်ခံခဲ့ရသည့် အတွက် လွတ်လပ်ရေးရပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်းသောင်းကျန်းမှုဒဏ်ကို တိုင်းရင်းသားပြည်သူ အားလုံး တွေ့ကြုံခဲ့ရသည်။ အဆိုပါ ကိုလိုနီအမွေဆိုးကြီးကြောင့် နိုင်ငံတော် တည်ဆောက်ရေးတွင် ဖွံ့ဖြိုးမှုများ နှောင့်နှေးခဲ့ရကာ တစ်ချိန်ကဖွံ့ဖြိုးမှုမရှိခဲ့သည့် အိမ်နီးချင်းနိုင်ငံများ နောက်သို့ပင် ရောက်ရှိခဲ့ရသည်။ ခေတ်အဆက်ဆက် အစိုးရများ၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများ ကြောင့်သာ အဘက်ဘက်က ပိတ်ဆို့ခံထားရသည့် နိုင်ငံတော်ကိုဒီမိုကရေစီနိုင်ငံတော် အဖြစ်သို့ ပြောင်းလဲ တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို အကြောင်းပြုသည့် NUG ၊ PDF များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံ့ဒီမိုကရေစီ ရှေ့ဆက်မည့်အရေး အတားအဆီးများ ဖြစ်ပေါ်လျက် ရှိသည်။
အကြမ်းဖက်လုပ်ရပ်ဟူသည် တစ်ကမ္ဘာလုံးက လက်ခံခြင်းမရှိပါ။ သို့သော်လည်း ၎င်းတို့အနေဖြင့် အပြစ်မဲ့အရပ်သားများနှင့် ပြည်သူပိုင်ပစ္စည်း၊ အဆောက်အအုံများကိုသာ ဦးတည်တိုက်ခိုက်နေခြင်းကြောင့် ၎င်းတို့၏ မူလရည်ရွယ်ချက်နှင့် လမ်းစဉ်လွဲချော်သွားပြီ ဖြစ်ကြောင်း အနောက်နိုင်ငံများက သတိထားမိလာခဲ့သည်။ ထို့ကြောင့် ၎င်းတို့အားအစဉ်တစိုက် နည်းပေးလမ်းပြ ညွှန်ကြားမှုပြုနေသည့် အနောက်နိုင်ငံများက နည်းလမ်း သစ်များကို ရေးဆွဲ အကြံပြုလာကြသည်ကိုလည်း တွေ့မြင်ရသည်။
အကြမ်းဖက်လုပ်ရပ်များ မအောင်မြင်သည့် နောက်တွင် ပြည်သူများအနေဖြင့်လည်း ခေတ်အဆက်ဆက် အနောက်အုပ်စု၏ စီးပွားရေး ပိတ်ဆို့ခံရမှုများဒဏ်ကို တွေ့ကြုံခဲ့ရပြီး ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်ခုဖြစ်သည့်အပြင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ရေလုပ်ငန်းများမှ နိုင်ငံခြားဝင်ငွေများ ရရှိနေသည့်အတွက် ထိုသို့သော ပိတ်ဆို့အရေးယူမှုများက အစိုးရတစ်ရပ်ပြုတ်ကျစေသည် အထိ ဖြစ်နိုင်မည် မဟုတ်ကြောင်းကို အနောက်နိုင်ငံ များကလည်း သိရှိထားကြသည်။
စီးပွားရေး ပိတ်ဆို့ခံရမှုဒဏ်က အနာဂတ် မျိုးဆက်များအတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် မည်မျှအထိခါးသီးစွာ သက်ရောက်မှုရှိကြောင်းကို ပြည်သူများ အတွေ့အကြုံများ ရှိနှင့်ပြီးဖြစ်သည်။ ယခု ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှ အစပြုလာသည့် ပြည်တွင်းမတည်ငြိမ်မှုများ၊ ပြည်ပသွေးထိုးမှုများ၊ NUG ၊ PDF အကြမ်းဖက်များ၏ မင်းမဲ့စရိုက်ဆန်ဆန် လုပ်ရပ်များကြောင့် ပြည်တွင်းစီးပွားရေး ကိုလည်း များစွာထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ရသည်။
ပြည်သူများ အနေဖြင့်လည်း PDF များ၏ အကြမ်းဖက်လုပ်ရပ်ကြောင့် ပြည်တွင်း၌ပင် ခရီးသွားလာရ ခက်ခဲခြင်း၊ ပညာသင်ကြားခွင့် ပိတ်ပင်ခံရခြင်း၊ စီးပွားရေး အခွင့်အလမ်းများထိခိုက်ခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှုများ ထိခိုက်ခံရခြင်း၊ ဆက်သွယ်မှုလိုင်းများ ဖြတ်တောက်ခံရခြင်း၊ လုံခြုံမှုမရှိကြောင်း ခံစားရခြင်းတို့ ဖြစ်ပေါ်လျက်ရှိသည်။
PDF များအနေဖြင့် လက်နက်ကိုင် တော်လှန်ခြင်းဟု ခေါင်းစဉ်တပ်ထားသော်လည်း ၎င်းတို့၏မူလရည်မှန်းချက်နှင့် လမ်းစဉ်တို့ လွဲချော်၍ အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတကာတွင် ရုပ်လုံးပေါ်လာခဲ့ပြီဖြစ်သည်။
ထို့ကြောင့် အဆိုပါအခြေအနေကို ပြန်လည်ကုစားရန်အတွက် အမေရိကန် အခြေစိုက်အကြံပေးအဖွဲ့တစ်ခုက စီးပွားရေးစစ်ပွဲဟူသည့် ခေါင်းစဉ်ဖြင့် ပြည်ဖျက် အကြမ်းဖက်နည်းလမ်း အသစ်တစ်မျိုးကို ပုံစံရေးဆွဲ တင်သွင်းလာခဲ့သည်။ စာတမ်း ရေးသားသူသည် အမေရိကန်စစ်တပ်၊ နိုင်ငံခြားရေးဌာနနှင့် အစိုးရအဖွဲ့အကြီးတန်း အရာရှိများ၊ အနာဂတ် ခေါင်းဆောင်များကို အမျိုးသားလုံခြုံရေး မဟာဗျူဟာနှင့်စပ်လျဉ်း၍ မွမ်းမံပို့ချမှုများပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားသည့် National War Collage တွင် သင်ကြားပို့ချနေသည့် ပါမောက္ခတစ်ဦးဖြစ်သည်။
၎င်းင်းသည် မြန်မာနိုင်ငံနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအပေါ် စီးပွားရေး ကဏ္ဍမှ ဖိအားပေးနိုင်ရေး လမ်းကြောင်းပေး ရေးသားမှုများကို မကြာခဏ ပြုလုပ်နေသည်ကို တွေ့ရှိရသည်။ ထို့ပြင် ဆွေးနွေးပွဲများ၊ ဟောပြောပွဲပြုလုပ်ကာ အခြားနိုင်ငံတစ်ခု ပြည်တွင်းရေးကို ခြယ်လှယ်ရန်အတွက် ဗြောင်ကျကျ ဆွေးနွေးမှုများ ပြုလုပ်နေကြသည်ကိုလည်း တွေ့ရှိရသည်။ အကြမ်းဖက် NUG အဖွဲ့အား စီးပွားရေး စစ်ပွဲဆင်နွှဲရန် လမ်းညွှန်ပြသနေသည့် အဖွဲ့များရှိနေသည်ကိုတွေ့ရပြီး NUG သည် အနောက်အုပ်စု အလိုကျ အကြမ်းဖက် လုပ်ရပ်များကို လိုက်ပါ လုပ်ဆောင်လျက်ရှိသည်။
အဆိုပါ ဆွေးနွေးချက်များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မည်မျှပင် စိန်ခေါ်မှုများနှင့် ကြုံတွေ့ရသည် ဖြစ်စေ အားသာချက်များရှိနေကြောင်း၊ ထို့ကြောင့် လက်ရှိတာဝန်ယူထားသော အစိုးရ လျင်မြန်စွာပြုတ်ကျရန်မှာ မဖြစ်နိုင်သေးကြောင်း၊ NUG နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ဆက်ဆံရေးသည်လည်း သမိုင်းတစ်လျှောက် မယုံကြည်ရမှုများက အဟန့်အတား ဖြစ်ပေါ်စေလျက် ရှိကြောင်း၊ ရွေးကောက်ပွဲများ ကျင်းပနိုင်ခဲ့ပါက ကမ္ဘာ့နိုင်ငံများ၏ အသိအမှတ်ပြုမှုကို ရရှိသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဝင်ငွေအခိုင်အမာ ရရှိနေဆဲဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ဧပြီလမှ ဇွန်လအတွင်း သဘာဝဓာတ်ငွေ့ ပို့ကုန်မှ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ထိ ရရှိခဲ့ကြောင်း၊ NUG အနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အပေါ် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားစေရန် လုပ်ဆောင်ခဲ့သော်လည်း Total နှင့် Chevron ကုမ္ပဏီများသာ ထွက်ခွာသွားကြောင်း၊ ကျန်နိုင်ငံများ အနေဖြင့် ထွက်ခွာခြင်း မရှိကြောင်း၊ တပ်မတော်မှအာဏာ ထိန်းသိမ်းမှုမတိုင်မီ မြန်မာနိုင်ငံ၏ နိုင်ငံခြား အရန်ငွေမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၇ ဘီလီယံရှိခဲ့ကြောင်း၊ လက်ရှိတွင် ၆ ဘီလီယံ ခန့်ရှိနေကြောင်း၊ အမေရိကန်ထံတွင်လည်း NLD အစိုးရက တိတ်တဆိတ် အပ်နှံထားသည့် ၁ ဒသမ ၁ ဘီလီယံရှိနေကြောင်း၊ NUG သည် အဆိုပါ အပ်နှံငွေများကို သုံးစွဲခွင့်ပြုရန် တောင်းဆိုနေကြောင်း၊ NUG အနေဖြင့် အလှူငွေနှင့် ရန်ပုံငွေများအပေါ် မှီခိုနေရသည်ဖြစ်ရာ နိုင်ငံ့စီးပွားရေး ကျဆင်းလာသည်နှင့် အမျှ ရန်ပုံငွေရရှိမှု လျော့နည်းလာကြောင်း၊ သို့သော် စစ်ပွဲဆက်လက် ကြာမြင့်နိုင်သေးသည့်အတွက် ပုံမှန်ရန်ပုံငွေရရှိရေး လမ်းကြောင်း လိုအပ်နေကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ထိုသို့ ပြောကြားထားမှုအရ အမေရိကန်အနေဖြင့် ၎င်းတို့မတရား သိမ်းပိုက်ထားသည့် မြန်မာ နိုင်ငံ၏အရန်ငွေ ၁ ဒသမ ၁ ဘီလီယံဖြင့် မြန်မာနိုင်ငံအား မတည်မငြိမ်ဖြစ်စေရေး ပြန်လည်အသုံးပြုရန် ငါးကြင်းဆီဖြင့် ငါးကြင်းကြော်မည့် အကြံအစည်များဟု ယူဆနိုင်သည်။
ထို့ပြင် NUG အနေဖြင့် အစိုးရ၏ ဝင်ငွေရရှိမည့် လမ်းကြောင်းများအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ပိတ်ဆို့အရေးယူမှု များပြုလုပ်ခဲ့သော်လည်း ဗြိတိန်၊ သြစတြေးလျနှင့် ဂျပန်တို့အပါအဝင် ကျန်နိုင်ငံများက နှုတ်ဆိတ်နေကြောင်း၊ တပ်မတော်၏ ဝင်ငွေရလမ်းများနှင့် ဘဏ္ဍာရေးစနစ်တို့ကို ထိခိုက်ခြင်းမရှိသေးကြောင်း၊ သို့သော် တပ်မတော်ကို ထိခိုက်စေရန်အတွက် စီးပွားရေးပိတ်ဆို့မှု များချမှတ်ခြင်းက နိုင်ငံ့စီးပွားရေးသာ ပြိုလဲပြီး ပြည်သူများသာ ခံစားရမည်လောဟူသည့် ကိစ္စနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေရကြောင်း၊ ယင်းအချက်ကြောင့် ပြင်းထန်သည့် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် တွန့်ဆုတ်နေရကြောင်း၊ NUG ၊ PDF သည် အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေး ဝန်ထမ်းများအား ပစ်မှတ်ထားသည့် လုပ်ကြံသတ်ဖြတ်ရေး နည်းလမ်းကို ကျင့်သုံးခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ပြီဖြစ်ကြောင်း၊ သို့ရာတွင် အုပ်ချုပ်ရေးမှူးများအား ပစ်မှတ်ထား လုပ်ကြံမှုသည် ထိရောက်မှု နည်းပါးလာသည့်အပြင် နိုင်ငံအနေဖြင့် လူမှုဝန်ဆောင်မှုပေးနိုင်စွမ်းကို လျော့ကျစေခဲ့ကြောင်း၊ ထို့ကြောင့် စီးပွားရေး ပစ်မှတ်များကို ပစ်မှတ်ထား လုပ်ကြံသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ အခြေခံအဆောက် အဦပစ်မှတ် အများစုမှာလည်း အများပြည်သူ သုံးစွဲနေသည့် တယ်လီဖုန်း တာဝါတိုင်များပင်ဖြစ်သည်။ NUG ၊ PDF များ၏ လုပ်ရပ်များသည် ကြွက်မနိုင်ကျည်မီးနှင့် ရှို့ဆိုသည့် စကားပုံကဲ့သို့ဖြစ်နေပြီး ၎င်းတို့ တွင်တွင်သုံးနေသော ပြည်သူဆိုသည့် စကားလုံးမှာ ဟန်ပြမျှသာဖြစ်ကြောင်း တွေ့မြင်ရသည်။
တိုင်းပြည်တစ်ခုတွင် ပင်မစီးပွားရေး ထောက်တိုင်များပြိုလဲပါက ထိုတိုင်းပြည်၏ ပြည်သူတစ်ရပ်လုံး ဒုက္ခခံစားရပေလိမ့်မည်။ လူတန်းစားအချို့ထံသို့ကွက်၍ ထိခိုက် စေမည်မဟုတ်ပါ။ ဆင်ပိန်လျှင် ကျွဲလောက်ကျန်နိုင်သေးသော်လည်း အခြေခံလူတန်းစား များမှာ ပိုမိုကျပ်တည်း သွားပေလိမ့်မည်။ သို့သော် လက်နက်ကိုင် ဆူပူအကြမ်းဖက်သည့် နည်းလမ်းဖြင့် Failed State အဖြစ်သို့ မရောက်ရှိနိုင်တော့သည့် အခြေအနေတွင် အနောက်နိုင်ငံများအနေဖြင့် မြန်မာပြည်သူများ ဒုက္ခရောက်မည်ကို ငဲ့ကွက်ခြင်းမရှိဘဲ နိုင်ငံစီးပွားရေး ထောက်တိုင်များကိုဖြိုခွင်းကာ ပြည်သူများ ယခုထက်ပိုမို ဆင်းရဲကျပ်တည်းပြီး Failed State အဖြစ်သို့ ရောက်ရှိရန် တွန်းပို့ခြင်းပင်ဖြစ်သည်။ အနောက်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် ၎င်းနည်းလမ်းကို ယခင်ကတည်းက ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အစိုးရပြုတ်ကျရေးနှင့် NUG သို့မဟုတ် ၎င်းတို့လိုလားသည့် အစိုးရစင်ပေါ်ရောက်ရေး အတွက် ကိုဗစ်ကပ်ရောဂါ၊ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုနှင့် အကြမ်းဖက်မှုများဒဏ်ကို ခံစားနေကြရသည့် ပြည်သူများအား ပိုမိုနက်ရှိုင်းသည့် ဆင်းရဲတွင်းသို့ ပို့ဆောင်ပြီး ၎င်းတို့၏ရည်မှန်းချက်ကို ဖြည့်ဆည်းရန် ကြံစည်လာခြင်းဖြစ်သည်။ အခြေခံ လူတန်းစားပြည်သူများ အနေဖြင့် မြေစာပင်ဘဝသို့ ရောက်မှန်းမသိရောက်ကြရပေဦးမည်။
နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာ စွမ်းဆောင်မှုများ
နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်သည် ယင်းနိုင်ငံလူဦးရေ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ အရည်အချင်းများဖြစ်သည်။ မျက်မှောက်ကာလ စီးပွားရေး တိုးတက်မှုတွင် လူ့စွမ်းအား အရင်းအမြစ် တည်ရှိမှုသည် အရေးပါလှပေသည်။ နိုင်ငံတော်အနေဖြင့် ယနေ့အချိန်တွင် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးဦးတည်ချက် (၃)ရပ် ချမှတ်၍ အမျိုးသားစွမ်းအား (National Power) တည်ဆောက်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိသည်။ ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ နိုင်ငံတော်က နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ရေးဆွဲ၍ ကဏ္ဍအလိုက်၊ ဒေသအလိုက် ဘက်ညီဖွံ့ဖြိုး တိုးတက်မှုရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သို့သော် နိုင်ငံတော်၏ အခြေခံအဆောက်အဦ(၃)မျိုး ဖြစ်သည့် ဆက်သွယ်မှု အခြေခံအဆောက်အဦ၊ လူမှုရေးအခြေခံ အဆောက်အဦနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံများ အပေါ် အကြမ်းဖက် တိုက်ခိုက်ခံရမှုများကြောင့် တိုးတက်မှုများ နှေးကွေးနေခဲ့ရသည်။
နိုင်ငံတော်အနေဖြင့် လွတ်လပ်ရေးရပြီး နောက်ပိုင်း နိုင်ငံတော်တည်ဆောက်ရာတွင် ခေတ်အဆက်ဆက် ပြည်ပချေးငွေများ ရယူကာ နိုင်ငံ့စီးပွားရေး အတွက် အရင်းအနှီးများ မတည်ခဲ့ရသည်။ ယခုနိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစိုးရ လက်ထက်တွင် ပြည်တွင်းမှပြည်ပသို့ ဒေါ်လာစီးဆင်းနိုင်မည့် လမ်းကြောင်းများကို ထိန်းချုပ်နိုင်ခဲ့ပြီး နိုင်ငံ့စီးပွားရေး ကျဆင်းမှုကို ထိန်းထားနိုင်ခဲ့သည်။ ပြည်ပမှချေးငွေ ရယူခဲ့ခြင်းမရှိဘဲ ပြည်ပချေးငွေ အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၉၅ ဘီလီယံကိုပင် ပြန်လည်ပေးဆပ်နိုင်ခဲ့သည်။ ကုန်သွယ်ရေး ကဏ္ဍအား ကြည့်ရှုမည်ဆိုပါကလည်း ၂၀၁၅ ခုနှစ်တွင် ကုန်သွယ်မှုလိုငွေ ၁၂ ဒသမ ၀၉ ဘီလီယံ၊ ၂၀၁၆ ခုနှစ်တွင် ကုန်သွယ်မှုလိုငွေ ၅ ဒသမ ၂၅ ဘီလီယံ၊ ၂၀၂၀ ပြည့်နှစ်တွင် ကုန်သွယ်မှုလိုငွေ ၁၂ ဒသမ ၅၁ ဘီလီယံရှိခဲ့သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ တာဝန် ယူသည့်ကာလအတွင်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ကုန်သွယ်မှုပိုငွေ သုည ဒသမ ၆၇ ဘီလီယံ၊ ၂၀၂၂ ခုနှစ် စက်တင်ဘာလ အထိ(ယာယီ) ကုန်သွယ်မှုပိုငွေ သုည ဒသမ ၀၆၅ ဘီလီယံရှိခဲ့သည့် အတွက် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများနှင့် ပြည်တွင်း မတည်ငြိမ်မှုများကြောင့် နိုင်ငံ့စီးပွားရေး ကျဆင်းနေမှုကို အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့ကြောင်း တွေ့မြင်နိုင်သည်။
NUG ၊ PDF အကြမ်းဖက်များ၏ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ အပေါ် လုပ်ကြံသတ်ဖြတ်မှု၊ နိုင်ငံ့အခြေခံ အဆောက်အဦများအား ဖျက်ဆီးမှုတို့သည် မည်သို့မျှ လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်များဖြစ်သည်။ ယခုပုံစံသစ်ဖြင့် ရေးဆွဲဖော်ပြလာသည့် စီးပွားရေးစစ်ပွဲဟူသည် NUG ၏အကြမ်းဖက် လုပ်ရပ်များကို ပြည်သူများက ရှုတ်ချဆန့်ကျင်လာကြသည့်အတွက် အမည်ပြောင်းလဲ တံဆိပ်ကပ်ထားသော အကြမ်းဖက်မှု အားပေးသည့် လက်ကမ်းစာစောင်တစ်ခုသာ ဖြစ်လာသည်။ မည်သို့ပင်စကားလုံး အလှအပများဖြင့် လှည့်ဖြားထားသည် ဖြစ်စေ နိုင်ငံ့စီးပွားရေး အခြေခံအဆောက် အဦများကို ဖျက်ဆီးခြင်းသည် နိုင်ငံသားများ၏ စားဝတ်နေရေးနှင့် အနာဂတ်တို့ကို ထိပါးခြင်းသာဖြစ်သည်။ NUG ၊ PDF များ အနေဖြင့် အနောက်နိုင်ငံများမှ လမ်းခင်းပေးသည့် အဆိုပါမဟာဗျူဟာသစ် အတိုင်း ကျင့်သုံးလာပါက ကပ်ရောဂါ၊ ကမ္ဘာ့စီးပွားရေးနှင့် ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုများမှ ပြန်လည်တည်ငြိမ်ခါစ နိုင်ငံ့စီးပွားရေး အခြေအနေကို ထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်ပြီး စီးပွားရေးနှင့် ဆက်နွှယ်နေသည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍများသို့ပါ ဂယက်ရိုက်ခတ် လာနိုင်သည့်အတွက် ၎င်းအခြေအနေကိုအေးချမ်းစွာ နေထိုင်လိုကြသည့် ပြည်သူတစ်ရပ်လုံး သတိပြုနိုင်ရေးအတွက် ရေးသား တင်ပြလိုက်ရပါသည်။ ။
ဗစ်တာ(ကေတုမတီ)