ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၁၄

          ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်း များ၊ ဘာသာရေးကျောင်းများနှင့် ဘိုးဘွားရိပ်သာများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

          ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင် မြို့ရှိ မြို့လည်ကျောင်းတိုက်၊ ကွတ်ခိုင်မြို့ရှိ တောင်တန်းဒေသထေရဝါရ ဗုဒ္ဓသာသနာပြု ဝေယံဘုံသာ ကျောင်းတိုက်နှင့် တန့်ယန်းမြို့ရှိ နယ်စပ်ဒေသတောင်တန်းသာသနာပြု ရွှေမောင်းသာသနဝေ ပုလ္လသီလရှင် စာသင်တိုက်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့ရှိ လွယ်ပေါ်ဘုန်းတော်ကြီးကျောင်းနှင့် ကွန်ဟိန်းမြို့ရှိ အောင်မင်္ဂလာစာသင်တိုက်၊ မွန်ပြည် နယ်၊ သထုံမြို့နယ်ရှိ ဘုရားလေး ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း(၁၀)ကျောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မင်္ဂလာစံကျောင်းတိုက်၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်း(၇) ကျောင်း၊ အောင်မြေသာစံမြို့နယ်ရှိ အေးရိပ်မွန်သီလရှင်ကျောင်း၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီး ကျောင်း(၈)ကျောင်း၊ မကွေးမြို့ရှိ နတ်စုတောင် သီလရှင်ကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီး ကျောင်း(၃)ကျောင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ သာသနာ့မင်္ဂလာစာသင်တိုက် တို့မှ  သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နဝကမ္မ အလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

          ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မန်းတောင်ခြေဘိုးဘွား ရိပ်သာရှိ အဘိုး၊အဘွားများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက အလှူငွေများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းကြပြီး နယ်မြေခံဆေး အဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

          အလားတူ ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်း မိသားစုများက ‌နေပြည်တော်ကောင်စီနယ်မြေ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ  ဘုန်းတော်ကြီးကျောင်းများ နှင့် စာသင်တိုက်များမှ သံဃာတော်များအား ဆွမ်းဆန်တော်နှင့် စားသောက်ဖွယ်ရာများ အသီးသီးသွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။