စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား သွားရောက်တွေ့ဆုံ၊ စားသောက်ဖွယ်ရာများ ထောက်ပံ့
နေပြည်တော်၊ ဒီဇင်ဘာ - ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား နယ်မြေခံတပ်ရင်းခန်းမ၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ်(၂၆)မြို့နယ် တို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အနောက်တောင်တိုင်း စစ်ဌာနချုပ် ဧရာဝတီခန်းမ၌လည်းကောင်း ယနေ့တွင် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တိုင်းမှူးများက အမှာစကားများ အသီးသီးပြောကြားကြ သည်။ ထို့နောက် တိုင်းမှူးများက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ယင်းနောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား နယ်မြေခံဆေး အဖွဲ့များက လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်နေမှုများကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။