(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များက စုပေါင်းသွေးလှူဒါန်း
နေပြည်တော်၊ ဒီဇင်ဘာ - ၁၄
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော် (ရေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကွပ်ကဲမှုအောက် သန်လျင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစု ၄၆၅ ဦးတို့မှ မိမိတို့၏ သွေးဖြင့် အများပြည်သူတို့၏ အသက်များအား ကယ်တင်နိုင်ရေးအတွက် ဇီဝိတဒါနစုပေါင်း သွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ်ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ စုပေါင်း သွေးလှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ အလယ်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများ၊ စုပေါင်းသွေး လှူဒါန်းမည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ ကျန်းမာရေးဝန်ထမ်းများက သွေးအလှူရှင်များကို သွေးလှူဒါန်းနိုင် ရေးအတွက် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးအုပ်စု ခွဲခြားခြင်းများဆောင်ရွက်ပေးပြီး စုပေါင်း သွေးလှူဒါန်းကြသည်။
ယင်းသို့ စုပေါင်းသွေးလှူဒါန်းနေမှုများကို တာဝန်ရှိသူများနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းသူများအား အားဆေးများ၊ ကြက်ဥ နှင့် အာဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။