ထာဝစဉ် နုပျိုနေဦးမည့် တပ်မတော်(လေ)
(၇၅)နှစ်မြောက် စိန်ရတု တပ်မတော်(လေ)နှစ်ပတ်လည်နေ့ ဂုဏ်ပြုဆောင်းပါး
မေခနှင့်မလိခ မြစ်နှစ်မြွှာပေါင်း၍ ဧရာဝတီမြစ်ကြီး ဖြစ်လာသကဲ့သို့ တော်ဝင်လေတပ်နှင့် နီပွန်လေတပ်တို့က လေ့ကျင့်ပေးထားသော မြန်မာလေသူရဲ နှစ်ဖွဲ့ကိုအမာခံထား၍ ဗမာ့လေတပ်မတော်ဖြစ်လာသည်။ ဗမာ့လေတပ်မတော်ကို ၁၅-၁၂-၁၉၄၇ ရက်နေ့တွင် ဥပဒေပြဋ္ဌာန်း အတည်ပြုခဲ့သဖြင့် ယနေ့တပ်မတော်(လေ)၏ သက်တမ်းမှာ (၇၅)နှစ်တိုင်ခဲ့ပြီ။
တပ်မတော်(လေ)ကို စတင်တည်ထောင်စဉ်က အထွေထွေဌာနခွဲ၊ စက်မှုလက်မှုဌာနခွဲ၊ အုပ်ချုပ်မှု ဌာနခွဲဟူသော ပင်မဌာနကြီး သုံးခုဖြင့်ဖွဲ့စည်းခဲ့သည်။
အင်ဂျင်နီယာတွေရှိသော စက်မှုလက်မှုဌာနခွဲနှင့် ရေး/ထောက် တာဝန်ယူရသော အုပ်ချုပ်မှုဌာနခွဲတို့က လေယာဉ်နှင့် လေသူရဲတွေရှိသော အထွေထွေဌာနခွဲကို ပံ့ပိုးပေးကြရသည်။ လေယာဉ်နှင့်လေသူရဲသည် လေတပ်တစ်ခု၏ အဓိက တိုက်စွမ်းအားဖြစ်သည်။ တပ်မတော်(လေ)သည် ဖွဲ့စည်းပုံနှင့် စစ်လက်နက် ပစ္စည်းတွေမည်သို့ပင် တိုးတက်ပြောင်းလဲလာစေကာမူ အခြေခံသဘောတရားမှာ အတူတူပင်ဖြစ်၏။
လေတပ်သည် လေသူရဲ/ လေယာဉ်သားတွေ အဓိကထား စစ်ဆင်ရေး လုပ်သောတပ်ဖြစ်ပါ၏။ လေယာဉ်ပေါ်ခါစတွင် လေသူရဲ ရှားပါးသောကြောင့် လည်းကောင်း၊ ရိုးစင်းသောလေယာဉ်ဖြစ်သောကြောင့် လည်းကောင်း အရာခံလေသူရဲ၊ အကြပ်ကြီး လေသူရဲတွေရှိခဲ့ဖူးသည်။ လေယာဉ်မျိုးဆက် (Aircraft Generation) မြင့်မားလာသောအခါ သိပ္ပံနည်းပညာ တတ်သိရန်လိုအပ်ခြင်း၊ ဆုံးဖြတ်ချက် မြန်ရန်မှန်ရန်လိုအပ်ခြင်း၊ အုပ်ဖွဲ့ကို ခေါင်းဆောင်မှုပေးရန် လိုအပ်ခြင်း၊ လေယာဉ်ကြီးများတွင် ဦးစီးတာဝန်ခံရန် လိုအပ်ခြင်း စသည့် အချက်များကြောင့် ခေတ်ပညာတတ် ပြန်တမ်းဝင်အရာရှိများကို လေသူရဲလေယာဉ်မှူး တာဝန်ပေးအပ်လာကြသည်။
ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်တို့တွင် တစ်ဖက်နှင့်တစ်ဖက် လေယာဉ်ချင်း၊ လက်နက်ချင်း အလွန်အမင်း မကွာလှချေ။ လေသူရဲ၏ ကျွမ်းကျင်မှုကသာ အဆုံးအဖြတ်ပေးသည်။ ကမ္ဘာစစ်လွန်ကာလတွင် လေယာဉ်တည်ဆောက်မှုနှင့် လက်နက်စနစ်နည်းပညာသည် လျင်မြန်သောအရှိန်အဟုန်ဖြင့် တိုးတက်လာ၏။
လေယာဉ်မျိုးဆက် မြင့်လာသည်နှင့်အမျှ စွမ်းပကားမြင့်တက်လာ၏။ ခေတ်မီစက်ကိရိယာများကို လေသူရဲက ကောင်းစွာ အသုံးပြုနိုင်ရန်သာ လိုအပ်ပေ၏။
ထို့ကြောင့် “နည်းပညာသည် လေသူရဲ၏ အကောင်းဆုံးလက်နက်” (Technology is the best weapon of the pilot) ဟု ဆိုရိုးဖြစ်လာ၏။ မိမိလေတပ်ကို ခေတ်မီနေစေရန် ဤအချက်က သတိပေးလျက်ရှိသည်။
စစ်ဆင်ပျံသန်းသည်ဖြစ်စေ၊ လေ့ကျင့်ပျံသန်းသည်ဖြစ်စေ ပြေးလမ်းပေါ်မှ လေယာဉ်ဘီးကြွမြောက်၍ လေထဲရောက်ပြီဆိုသည်နှင့် ပြန်မဆင်းမချင်း အန္တရာယ် ရှိနေပါသည်။ လေထဲတွင်ရှိနေသမျှ “လူ - စက် - ဥတု” (Man- Machine- Media) ဟူသော M သုံးလုံးကို ရင်ဆိုင်နေရသောကြောင့်ဖြစ်သည်။ လူကြောင့် လည်းကောင်း၊ စက်ကြောင့်လည်းကောင်း၊ ရာသီဥတုကြောင့် လည်းကောင်း အချိန်မရွေး ဘေးတွေ့နိုင်ပါသည်။ ရန်သူ့တုံ့ပြန်မှု မပါသေးချေ။ ထို့ကြောင့် လေသူရဲများသည် ဤဘေးအန္တရာယ်များကြားမှပင် မိမိတို့အား ပေးအပ်ထားသော ပျံသန်းရေး တာဝန်များ တစ်နည်းအားဖြင့် တပ်မတော်(လေ)၏ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရပါသည်။
တပ်မတော်(လေ)၏ တာဝန်ကား အဘယ်နည်း။ လေတပ်အလံနှင့် လေတပ်လေယာဉ်တွင်ပါရှိသော လေတပ်တံဆိပ် (MAF Roundel) က ဤတာဝန်ကို ညွှန်ပြနေပါသည်။ ဤတံဆိပ်ကို တွေ့မြင်တိုင်း လေတပ်သားများသည် မိမိတို့တာဝန်ကို သိရှိနေကြမည်ဖြစ်သည်။
MAF Roundelမှာ အပြာရောင်သုံးနားညီ တြိဂံထဲတွင် အဖြူရောင်နှင့် အဝါရောင်တြိဂံနှစ်ခုကို အချိုးကျစွာ ထည့်သွင်းထားသော ပုံဖြစ်သည်။
အငယ်ဆုံး ရွှေတြိဂံသည် ရွှေရောင်တလက်လက် တောက်ပနေသော ဘုရားစေတီနှင့် ရွှေဝါရောင်စပါးခင်းကို ကိုယ်စားပြုသည်။ အလယ်တွင် ခြယ်သထားသော အဖြူရောင်တြိဂံသည် တပ်မတော်(လေ)ရှိ သူရဲကောင်း စစ်သည်တော်များ၏ ရိုးသားမှု၊ သစ္စာရှိမှုနှင့် ဖြူစင်သော စိတ်ဓာတ်တို့ကို ဖော်ညွှန်းထားခြင်းဖြစ်ပါသည်။ အပြင်ဘက်ဆုံးတွင် ခြယ်သထားသော မိုးပြာရောင်တြိဂံသည် ကျယ်ပြောလှသော မြန်မာ့လေပိုင်နက်ကို ရည်ညွှန်းပြီး ဝေဟင်တွင် တာဝန်ထမ်းဆောင်ရသော တပ်မတော်(လေ)ကို ကိုယ်စားပြုသည်။
အပြာရောင်တြိဂံကြီးက အနားသတ်ပေးထားခြင်းမှာ အတွင်းက အဝါနှင့်အဖြူ တြိဂံနှစ်ခုကို လုံခြုံအောင် ကာကွယ်ပေးသည့် အဓိပ္ပာယ်ဖြစ်သည်။ ထို့အတူ တပ်မတော်(လေ)သည် ကောင်းကင်ယံကို စိုးမိုးထားပြီး မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများကို ကာကွယ်မည်ဖြစ်သည်။ ဤတာဝန်သည် တပ်မတော်(လေ)၏ မူလတာဝန်ဖြစ်ပြီး အဓိပ္ပာယ်လေးနက်သော သုံးရောင်ခြယ်တြိဂံဖြင့် ဖော်ကျူးထားသည်။
လေတပ်သမိုင်းကို ပြန်ကြည့်လျှင် တပ်မတော်(လေ)သည် ဝေဟင်မှနေ၍ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို အတောင်အလက်မစုံခင်ကပင် စတင်ထမ်းဆောင်ခဲ့ပုံကို တွေ့ရသည်။ မြန်မာနိုင်ငံသည် ၄-၁-၁၉၄၈ ရက်နေ့တွင် လွတ်လပ်ရေးရ၏။ ဗမာ့လေတပ်မတော်ကို ၁၅-၁၂-၁၉၄၇ ရက်နေ့တွင် ဥပဒေပြဋ္ဌာန်း အတည်ပြုလိုက်သည်ဖြစ်ရာ လွတ်လပ်ရေးရချိန်တွင် လေတပ်သည် တစ်လသားပင် မပြည့်သေးချေ။ လွတ်လပ်ရေးရအပြီး လပိုင်းအတွင်း ပေါ်ပေါက်လာသော ရောင်စုံသောင်းကျန်းသူများကို ကြည်းတပ်မတော်က နှိမ်နင်းရာတွင် ရှိသည့်လေယာဉ် (အမောင်းသင် အောက်စဖို့လေယာဉ်၊ သယ်ပို့အော်စတာလေယာဉ်ငယ် စသည့်...)၊ ရှိသည့်လူ (အမောင်းသင်တန်း နည်းပြဆရာ၊ သင်တန်းဆင်းစ လေသူရဲ)၊ ရှိသည့်လက်နက် (ပိုက်၊ မီးသတ်ဘူးခွံထဲမှာ ယမ်းထည့်ပြီး စနက်တံတပ်ထားသော လက်ဖြစ်ဗုံး၊ မြေပြင်သုံးစက်သေနတ်)တို့ဖြင့် အနီးကပ် လေကြောင်း အကူပေးခဲ့ရသည်။ ဘာမှမရှိတာထက် တစ်ခုခုရှိတာက ပိုကောင်းသည်ဆိုသကဲ့သို့ မဖြစ်ဖြစ်အောင် တီထွင်ကြံဆ လုပ်ကိုင်မှုကလည်း အရာရောက်သင့်သလောက် ရောက်ခဲ့ပါသည်။
မိမိဘက်တွင်လည်း ဆုံးရှုံးမှုတွေရှိခဲ့ပါသည်။ အင်းစိန်အထိ KNDO တို့က သိမ်းပိုက်ထားပြီး ရန်ကုန်အစိုးရဟု ကမ္ဘာကလှောင်ပြောင်နေချိန်တွင် ရောင်စုံ သောင်းကျန်းသူတို့သည် ရန်ကုန်ကို သိမ်းပိုက်ရန် ပြည်ဘက်မှစစ်ကြောင်း တစ်ကြောင်း၊ တောင်ငူဘက်မှ စစ်ကြောင်းတစ်ကြောင်းခွဲ၍ ဆင်းလာသည်။ တောင်ငူကို သိမ်းပိုက်ထားသော KNDO များကို အောက်စဖို့လေယာဉ်ဖြင့် သွားရောက်တိုက်ခိုက်သည်။ လေကြောင်းပစ်ကူပေးသည်။ စာဗူးတောင်းတိုက်ပွဲဟု နာမည်ကြီးသည်။ ထိုတိုက်ပွဲတွင် မိမိဘက်မှ လေယာဉ်နှင့် လေယာဉ်သားတွေ ဆုံးရှုံးခဲ့ရသည်။ လေသူရဲမှာ သင်တန်းဆင်းပြီးစ ရက်ပိုင်းသာရှိသေးသည်။
သာယာဝတီအနီးရှိ ကွန်မြူနစ်သောင်းကျန်းသူ စခန်းကို လေတပ်ဦးစီးချုပ် ဗိုလ်မှူးအက်စ်ခင် ခေါင်းဆောင်သော အောက်စဖို့လေယာဉ် သုံးစင်းဖြင့် တိုက်ခိုက်ရာတွင် ပစ်မှတ်ညွှန်ပြရန် ခေါင်းဆောင် လေယာဉ်ပေါ်တွင် လိုက်ပါလာသော တိုင်းမင်းကြီး ဗိုလ်စိန်မှန်သည် ရန်သူ့ကျည်သင့်ကာ တွဲဘက်လေယာဉ်မှူး ထိုင်ခုံပေါ်မှာပင် ကျဆုံးသွားခဲ့ပါသည်။
စစ်ဆိုသည်မှာ သူ့ဘက်ကိုယ့်ဘက် ထိခိုက်မည်ဖြစ်သည်။ အဆန်းမဟုတ်သဖြင့် လုပ်စရာရှိသည်ကို ဆက်လုပ်ရသည်။ တစ်ပတ်နွမ်း လေယာဉ်တွေ ဝယ်သုံးရသည်။ စစ်ဆင်ရေးမှာ အသုံးပြုရသည်။ လေသူရဲတွေ စစ်ဆင်ရင်း လေ့ကျင့်ရသည်။ လေ့ကျင့်ရင်း စစ်ဆင်ရသည်။ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး တစ်လျှောက်လုံးတွင် လေကြောင်းပစ်ကူ မပျက်ကွက်ခဲ့ချေ။ ဤသို့လျှင် ရန်ကုန်အစိုးရဘဝမှ တစ်မြို့ပြီးတစ်မြို့ ပြန်လည်သိမ်းပိုက်ကာ သောင်းကျန်းသူများကို နယ်စွန်နယ်ဖျား တောတောင်ကြားသို့ မောင်းထုတ်ခဲ့သော တပ်မတော်၏ တိုက်ပွဲစဉ်များတွင် လေကြောင်းအကူများ ပါဝင်ခဲ့ပေသည်။
တပ်မတော်(လေ)သည် ပြည်တွင်းသောင်းကျန်းသူများကိုသာမက ပြည်ပကျူးကျော်သူ တရုတ်ဖြူ တပ်များကို ၁၉၅၁ ခုနှစ်မှ ၁၉၆၀ ပြည့်နှစ်အတွင်း တပ်မတော်(ကြည်း)က နဂါးနိုင်စစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေး၊ ရန်ကြီးအောင် စစ်ဆင်ရေး၊ မဲခေါင်စစ်ဆင်ရေး စသည့် စစ်ဆင်ရေးများဖြင့် တိုက်ထုတ်ရာတွင်လည်း လေကြောင်းကင်းထောက်ခြင်း၊ အနီးကပ် ပစ်ကူပေးခြင်း၊ ပိုင်းဖြတ် တိုက်ခိုက်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း စသောလေကြောင်း အကူအမျိုးမျိုး ပေးခဲ့ပါသည်။
မဲခေါင်စစ်ဆင်ရေးတွင် ဒုတိယကမ္ဘာစစ်နောက်ပိုင်း အရှေ့တောင်အာရှဒေသ၌ ပထမဆုံး လေကြောင်းတိုက်ပွဲကို မြန်မာလေသူရဲတွေ ဆင်နွှဲခဲ့ကြသည်။ ကူမင်တန်တပ်အတွက် လက်နက်ရိက္ခာချပေးရန် မြန်မာ့လေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်လာသော ဒသမ ၅ စက်အမြောက် ၁၀ လက် တပ်ဆင်ထားသည့် PB 4 Y-2 Privateer (B-24 လေယာဉ်မျိုးဆက်) လေယာဉ်ကြီးနှင့် တပ်မတော်(လေ)မှ ဗိုလ်မောင်သိန်း၊ ဗိုလ်ချစ်ခိုင်၊ ဒုဗိုလ်ပီတာတို့ မောင်းနှင်သော ဆီးဖြူရီ တိုက်လေယာဉ် သုံးစင်းတို့ ဆုံတွေ့တိုက်ခိုက်ခဲ့ကြသည်။ ကူမင်တန်လေယာဉ် မီးလောင်ပျက်ကျ၍ မိမိဘက်မှ ဒုဗိုလ်ပီတာကျဆုံးခဲ့သည်။ ဝမ်ပန်ဆန်းရွာ ကောင်းကင်ယံတွင် ဖြစ်ပွားခဲ့သောကြောင့် ဝမ်ပန်ဆန်း လေကြောင်းတိုက်ပွဲဟု သမိုင်းဝင်သည်။
အကျိုးဆက်မှာ အမေရိကန်နောက်ခံပြု ကူမင်တန်တို့၏ ကျူးကျော်မှုကို ကမ္ဘာသိ၊ ကုလသိအောင် သက်သေပြနိုင်ခဲ့ခြင်းဖြစ်ပြီး ကူမင်တန်တပ်တွေ မြန်မာ့မြေပေါ်မှ အပြီးအပိုင် ထွက်ခွာပေးခဲ့ရသည်။
တပ်မတော်(လေ)သည် လွတ်လပ်ရေးရသည်မှ ယနေ့အထိ တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)တို့နှင့်အတူ လက်တွဲ၍ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ ထမ်းဆောင်ဆဲဖြစ်သည်။ ကင်းထောက်အကဲကြည့် ပစ်မှတ်ညွှန်ပြ လေယာဉ်၊ တိုက်လေယာဉ် အမျိုးမျိုး၊ သယ်ယူပို့ဆောင်ရေး လေယာဉ်အမျိုးမျိုး၊ ရဟတ်ယာဉ်အမျိုးမျိုးတို့ဖြင့် စစ်ဆင်ရေးမြောက်မြားစွာတွင် ပါဝင်ခဲ့သည်။ ထင်ရှားသော စစ်ဆင်ရေးနှင့် တိုက်ပွဲများမှာ ကွမ်းလုံရက် ၄၀ တိုက်ပွဲ၊ အောင်စိုးမိုးစစ်ဆင်ရေး၊ ရဲမင်းအောင် စစ်ဆင်ရေး(ခြူးရွှေပန်ကောက်တိုက်ပွဲ)၊ စီစီဝန်တာပန်တိုက်ပွဲ၊ နဂါးမင်းစစ်ဆင်ရေး (မာနယ်ပလောတိုက်ပွဲ)၊ မိုင်းယန်းတိုက်ပွဲ၊ မဲသဝေါတိုက်ပွဲတို့ဖြစ်ကြသည်။ ဤစစ်ဆင်ရေးနှင့် တိုက်ပွဲများသည် သက်တမ်းအရင့်ဆုံးနှင့် အင်အား အတောင့်တင်းဆုံး သောင်းကျန်းသူအဖွဲ့များ ဖြစ်ကြသော ဗကပနှင့် KNUတို့၏ နိုင်ငံရေး၊ စစ်ရေး ရည်မှန်းချက်များကို ရိုက်ချိုးအောင်ပွဲခံခဲ့သော စစ်ဆင်ရေးနှင့် တိုက်ပွဲများ ဖြစ်ကြသည်။
ကွမ်းလုံရက် ၄၀ တိုက်ပွဲမှာ ဗကပသည် ကွမ်းလုံမြို့ကို သိမ်းပိုက်ပြီး ကိုးကန့်နှင့် “ဝ” နယ်များကို ချဲ့ထွင်ကာ သံလွင်အရှေ့ခြမ်း စိုးမိုးရေးဟူသည့် ရည်ရွယ်ချက်ဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ တပ်မတော်က မဆုတ်တမ်း ခံစစ်ဖြင့်တုံ့ပြန်ခဲ့သည်။ ရဲတပ်ဖွဲ့၊ တိုင်းရင်းသား ကာကွယ်ရေးတပ်များ၊ ပြည်သူများ လက်တွဲပါဝင်ကြသည်။ လေတပ်အကူလည်း ပေးရသည်။ ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ခဲ့သော တိုက်ပွဲသည် ဒီဇင်ဘာလ ၁၇ ရက်နေ့ ကောင်းဗြဲတိုက်ပွဲအပြီးတွင် ဗကပတို့ အရှုံးကြီးရှုံးပြီး ကွမ်းလုံစစ်မျက်နှာ တစ်ခုလုံးမှ ဆုတ်ခွာထွက်ပြေးခဲ့ကြသည်။ ရက်ပေါင်း ၄၀ ကြာမြင့်သော သမိုင်းဝင်တိုက်ပွဲကြီးပါပေ။
အောင်စိုးမိုးစစ်ဆင်ရေးမှာ ပဲခူးရိုးမ ဗကပ ချုပ်ငြိမ်းရေးအတွက် “ဖြတ်လေးဖြတ်” ပြည်သူ့စစ် နည်းဗျူဟာကို ကျင့်သုံးခဲ့သော စစ်ဆင်ရေးဖြစ်သည်။
ဤစစ်ဆင်ရေးတွင် ဗကပဥက္ကဋ္ဌ သခင်ဇင်နှင့် သခင်ချစ် တို့ကိုအသေဖမ်းဆီး ရမိခဲ့သည်။
ပဲခူးရိုးမတွင် ဗကပတို့၏ ခြေကုပ်ယူလှုပ်ရှားမှု ချုပ်ငြိမ်းသွားသည်။ ခြူးရွှေပန်ကောက် တိုက်ပွဲမှာ ဗကပတို့က ကွမ်းလုံအရှေ့ခြမ်းရှိ ဟိုပန်ဒေသကို စိုးမိုးသိမ်းပိုက်ရေးအတွက် အဆုံးအဖြတ် တိုက်ပွဲကြီးတစ်ပွဲ ဖန်တီး၍ တိုက်ကွက်ဖော်လာခြင်းဖြစ်သည်။ ၁၉၇၇ ခုနှစ်၊ အောက်တိုဘာတစ်လလုံး ဆင်နွှဲရသည်။ ဗကပ၏ ထိုးဖောက်တိုက်ခိုက်လာမှုကို တပ်မတော်က တွန်းလှန်အောင်ပွဲခံခဲ့သည်။ စီစီဝမ်တာပန်တိုက်ပွဲမှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်းရှိ စီစီဝမ်တာပန်ဒေသကို ဗကပ၊ ကချင်သောင်းကျန်းသူ၊ ရှမ်းသောင်းကျန်းသူ၊ ပလောင်သောင်းကျန်းသူ ပူးပေါင်းအင်အားများစွာဖြင့် ဝင်ရောက်တိုက်ခိုက်ရာမှ စတင်ခဲ့သည်။ ကွမ်းလုံရက် ၄၀ တိုက်ပွဲနောက်ပိုင်း ဗကပ၏ အကြီးမားဆုံး ထိုးစစ်ဖြစ်သည်။ ခြေမြန်တပ်မဌာနချုပ် နှစ်ခုနှင့် တပ်မတော်(လေ)၏ တန်ပြန်တိုက်ခိုက်မှုကြောင့် ရန်သူတို့ ဆုတ်ခွာသွားခဲ့သည်။ လေတပ်မှ တိုက်လေယာဉ် တစ်စင်းနှင့် လေသူရဲနှစ်ဦး ဆုံးရှုံးခဲ့သည်။ နဂါးမင်းစစ်ဆင်ရေးမှာ KNU ဌာနချုပ်၊ မာနယ်ပလော စခန်းကို တပ်မတော်က ထိုးစစ်ဆင်သော စစ်ဆင်ရေးဖြစ်သည်။ ခြေမြန်တပ်မဌာနချုပ် သုံးခုနှင့် တပ်မတော်(လေ)မှ တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်အုပ်များ (Squadrons) ဟန်ချက်ညီစွာ ပူးပေါင်းစစ်ဆင်၍ ခိုင်ခန့်လှပါသည်ဆိုသောKNU ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့သည်။
နိုင်ငံတစ်ဝှမ်းလုံး အကြမ်းဖက်သောင်းကျန်းမှုများ၊ မင်းမဲ့စရိုက်များ လွှမ်းမိုး၍ အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်သုဉ်းပြီး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေချိန်၊ တပ်မတော်က မြို့တွင်းလုံခြုံရေးကို ယူနေရချိန် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ၌ ဗကပတို့က ရှိသည့်အင်အားပုံအောပြီး မိုင်းယန်းဒေသကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် လည်းကောင်း၊ KNUတို့က မဲသဝေါဒေသကို စက်တင်ဘာလ ၂၆ ရက်နေ့တွင် လည်းကောင်း အချိန်ကိုက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြသည်။ ဤတိုက်ပွဲနှစ်ပွဲတွင် တပ်မတော်(ကြည်း)နှင့် တပ်မတော်(လေ)တို့ ပူးပေါင်းတန်ပြန် တိုက်ခိုက်ခြင်းဖြင့် နိုင်ငံတော်ကို လက်ဝဲလကျ်ာ ရန်သူတို့လက်မှ ကယ်တင်ပေးနိုင်ခဲ့သည်။
တင်ပြပါ စစ်ဆင်ရေး၊ တိုက်ပွဲများတွင် တပ်မတော်(လေ)က လေယာဉ်၊ ရဟတ်ယာဉ်မျိုးစုံဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင် ခဲ့သည်။ လွတ်လပ်ရေးရပြီးစမှ စတင်၍ ယနေ့နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ လက်ထက်အထိ တပ်မတော်(လေ)သည် လေကြောင်း စစ်ဆင်ရေးများကို ရာသီမရွေး၊ နေ့ညမရွေး ထမ်းဆောင်ပေးလျက် ရှိသည်။ ထို့ပြင် မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်သော စစ်ဆင်ရေးများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်နေကြ သော ပြည်သူများအတွက် ရှာဖွေကယ်ဆယ်ရေး၊ ကူညီထောက်ပံ့ရေးတာဝန်များကိုပါ မလစ်မလပ် ထမ်းဆောင်ပေးလျက်ရှိနေပါ၏။
နိုင်ငံတော်ကလည်း ရဲဝံ့စွန့်စားစွာ တာဝန်ထမ်းဆောင်ခဲ့ကြသော လေသူရဲနှင့် လေယာဉ်သားများကို ဘွဲ့တံဆိပ်များ ထိုက်ထိုက်တန်တန် ချီးမြှင့်ခဲ့ရာ သီဟသူရ ၁ ဦး၊ သူရ ၂၆ ဦး၊ သူရဲကောင်းမှတ်တမ်းဝင် ၁၁၇ ဦး ရရှိခဲ့ပြီးဖြစ်သည်။
တပ်မတော်(လေ)၏ ၇၅ နှစ်တာ သက်တမ်းအတွင်း တာဝန်ကျေပွန်ခဲ့ကြပြီး ဖြစ်သော လေတပ်သားဟောင်းကြီးများကို လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။ တပ်မတော်(လေ)ကို ထွန်းသစ်တောက်ပြောင်အောင် အရောင်တင်ပေးလျက်ရှိသော လေတပ်သားများကိုလည်း အားပေးဂုဏ်ပြုပါသည်။ တပ်မတော်(လေ)၏ တာဝန်ကို ပုခုံးပြောင်းထမ်းဆောင်ကြမည့် အနာဂတ် လေတပ်သားသစ်များကို မိမိတို့က လေ့ကျင့် မွေးမြူကြရပါမည်။ ဤသို့ဖြင့် ချစ်သောတပ်မတော်(လေ)ကြီး ထာဝစဉ်နုပျိုနေပါစေ။
အောင်ဇေယျ