မန်စီးတီးအသင်း သွင်းယူသည့် နှစ်ဂိုးစလုံး မိမိအမှားကြောင့် ပေးခဲ့ရသည့်အတွက် ရီးယဲလ်ခံစစ်မှူးဗာရာနီ တောင်းပန်

သြဂုတ် ၇ ရက်ညက ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ရီးယဲလ် အသင်းသည် မန်စီးတီးအသင်းကို ၂ ဂိုး-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့်အတွက် နှစ်ကျော့ပေါင်း ရလဒ် ၄ ဂိုး-၂ ဂိုးဖြင့် ရှုံးပြီး ပြိုင်ပွဲမှထွက်ခဲ့ရသည်။ ထိုပွဲတွင် မန်စီးတီးအသင်းသွင်းယူသော နှစ်ဂိုးစလုံးမှာ မိမိအမှားကြောင့် ပေးခဲ့ရခြင်းဖြစ်ကြောင်း  ရီးယဲလ်ခံစစ်မှူး ဗာရာနီက အသင်းဖော်များနှင့် ပရိသတ်များကို တောင်းပန်ခဲ့သည်။ ပွဲစပြီး ရှစ်မိနစ်မှာပင် စတာလင်း သွင်းယူသည့်ဂိုးသည် ဗာရာနီ လူပေးမှားခဲ့သဖြင့် ပေးလိုက်ရခြင်းဖြစ်ပြီး ရီးယဲလ်ဘက်မှ ချေပဂိုး ပြန်သွင်းသော်လည်း ဒုတိယပိုင်းတွင် ဗာရာနီသည် ထပ်မံအမှား ကျူးလွန်ခဲ့သဖြင့် ဂျီးဆက်က ဂိုးသမားကိုကျော်ကာ ဂိုးသွင်းယူခဲ့ခြင်းဖြစ်သည်။ တွဲဖက်ဗဟိုခံစစ်မှူး    အသင်းခေါင်းဆောင်ရာမို့စ် ပွဲပယ်ခံထားရ၍  မပါဝင်နိုင်သည့် ထိုပွဲစဉ်တွင် ဗာရာနီ၏ ဆိုးရွားသောအမှားနှစ်ခုကြောင့် ရီးယဲလ်အသင်း ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းဖြစ်သည်။ ဗာရာနီက ''ကျွန်တော် အမှားကျူးလွန်ခဲ့တယ်။ ကျွန်တော်တို့ ပြိုင်ပွဲက ထွက်လိုက်ရတယ်။ အသင်းဖော်တွေကို တောင်းပန်ချင်ပါတယ်။ ပြိုင်ပွဲက ထွက်လိုက်ရလို့ ဝမ်းနည်းမိတယ်။ ကျွန်တော့် ကစားသမားဘဝမှာ  ဒီလိုအမှားမျိုး အများကြီး မရှိခဲ့ဖူးပါဘူး။ အခု အမှားအတွက် ကျွန်တော် ဝန်ခံပါတယ်။ ပွဲကလည်း တကယ့်ကို ခက်ခဲခဲ့ပါတယ်''ဟု ပြောသည်။ မန်စီးတီး အသင်းသည် ကွာတား ဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်တွင် လိုင်ယွန်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။