စိန်ရတုသရဖူ . . .မော်ကွန်းထုရစ် . . .သမိုင်းသစ်စေ . . .တပ်မတော်(လေ)

စိန်ရတုသရဖူ . . .မော်ကွန်းထုရစ် . . .သမိုင်းသစ်စေ . . .တပ်မတော်(လေ)

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(လေ)နှစ်ပတ်လည်နေ့ဂုဏ်ပြုဆောင်းပါး

    ကာကွယ်ရေးဟူသည် ကြီးမားသော စွမ်းရည်ကြီးတစ်ရပ်၊ ထုထည်ကြီးတစ်ခု ဖြစ်၏။ တိုင်းပြည်တစ်ပြည်၊ နိုင်ငံတစ်ခုအပေါ်တွင် အရိပ်သဖွယ်  အမြဲတစေ စိုးမိုးလေ့ရှိသည်။ အဘယ်ကြောင့်နည်း။ ကာကွယ်ရေး အခြေခံတောင့်တင်းပါမှ သူ့ကိုယ်စားပြုရာ နိုင်ငံသည် ငြိမ်းချမ်းမှုကိုဖြစ်စေ၏။ ယင်းငြိမ်းချမ်းမှုကြောင့်ပင် လူမှုစီးပွား   ဖွံ့ဖြိုးသည်။  တိုးတက်သည်။ ဝပြောသာယာသည်။ နိုင်ငံတကာ ဆက်ဆံရေး လွတ်လပ်ကျယ်ပြောစေသည်။ ဒီတော့ ကာကွယ်ရေးတည်း ဟူသည့် အဝန်းအဝိုင်းသည်  နိုင်ငံတော်အတွက် အထူအပံ့ ထုထည်ကြီးဖြစ်သကဲ့သို့ အများ၏ အားထားယုံကြည်ရာ၊ အကာအကွယ်ပြုမှီခိုရာ တံတိုင်းကြီးလည်း ဖြစ်နေပြန်သည်။

ကာကွယ်ရေး၏  မူလရင်းမြစ်မှာ တပ်မတော်ပင်ဖြစ်၏။ တပ်မတော်သည် (ကြည်း၊ ရေ၊ လေ)ဆိုင်ရာ ကာကွယ်ရေး အဖွဲ့အစည်းကြီးဖြစ်သည်ဟု ယုံကြည်သည်။ မြန်မာ့တပ်မတော်၏ လက်ရုံးကြီးတစ်ခုမှာ တပ်မတော်(လေ)ဖြစ်၏။ မြန်မာ့တပ်မတော်၏ ကြီးမားသော ပုံရိပ်အောက်တွင် တပ်မတော်(လေ)သည် အစဉ်အလာကောင်းများကို ခံယူပိုင်ဆိုင်ရင်း ရှင်သန်ကြီးပြင်းရင့်ကျက်လာခဲ့ပေသည်။ ယုတ်စွအဆုံး မြန်မာ့သမိုင်းနှင့် တပ်မတော်သမိုင်း ယှဉ်တွဲနေမှုတွင် တစ်စိတ်တစ်ပိုင်းအဖြစ် တပ်မတော်(လေ) ပါဝင်နေခြင်းကပင်လျှင်  သမိုင်းတန်ဖိုးအချို့ကို ထွေးပိုက် ထိန်းသိမ်းထားကြောင်း သိမြင်နိုင်သည်။

သမိုင်းဟူသည် လူ့အဖွဲ့အစည်းနှင့်အတူ တည်မှီနေသည်ဟုပင်   ပြောနိုင်ပါ၏။  လူတစ်ဦးချင်းဖြစ်စေ၊   အများစုအဖွဲ့ဖြစ်စေ၊  လှုပ်ရှားခြင်း၏ ဖြစ်စဉ်ဖြစ်ရပ်များနောက်တွင် ကပြသည့်အတိုင်း သမိုင်းအဖြစ် ကျန်ရစ်မြဲပင်ဖြစ်သည်။ ပြင်ဆင်ပြောင်းလဲ၍ မရတော့ပါ။ ကျွန်တော်မြင်ကြည့်ပါမည်   “တပ်မတော်(လေ)သမိုင်း”၊ အဝန်းအဝိုင်းဖွေလှစ်ဆန်းစစ် ဆန့်ထုတ်ရင်း  ခေတ်/စနစ်  မျက်မှောက်ကာလ အချိန်ထင်မြင်လာ၏။

ခရစ်နှစ် ၂၀၂၂ ခုနှစ် လအားဖြင့် ဒီဇင်ဘာ ၁၅ ရက်။

ဥတုရာသီအခင်းအကျင်းမှာ ဆောင်းဝတ်ရုံခင်း မိုးလေကင်း၏။ ကောင်းကင်မှာ ပြာပြာကြည်ကြည်လင်လင်၊  ငွေနှင်းဖြူ၏ အတွေ့အဆက်၊ အပွေ့အဖက်ကဖြင့် ချမ်းချမ်းမြမြ။   ယင်းခံစားမှုသည် လရာသီ၏ စေစားမှုသက်သက်မို့  ပုံမှန်လည်ပတ်ရိုး ထုံးစံသဘာဝပင်။   ပုံမှန်မဟုတ်စေကာမူ   ပုံမှန်ကဲ့သို့  ဖြစ်တည်လာသည့် ခံစားမှုတစ်ခုကလည်း  စွဲစွဲနစ်နစ်ရှိလှ၏။  ဆိုလိုသည်မှာ အချိန်ကာလဖွဲ့တည်မှု၊      ခေတ်သမိုင်း၏ တိုက်တွန်းမှု စသည့်တိုက်ဆိုင်မှုတို့ဖြင့် (၇၅)နှစ်မြောက် စိန်ရတုနှစ် တပ်မတော်(လေ)မွေးနေ့ရောက်ရှိနေခြင်းပင်တည်း။

၇၅ နှစ်တည်းဟူသည့် အချိန်ကာလသည်   နှစ်ရှည်ဆန့်တိုင်း အပိုင်းအဆစ်၊  အဖြစ်အရေးမသေးလှ။  တကယ်တွက်စစ်ကြည့်လျှင်  ယနေ့ဆို အတိတ်သမိုင်းဖြစ်နေခဲ့ပြီ။    ဆွဲဆန့်ကြည့်သောအခါ ရှည်လျားသောဆယ်စုနှစ်များစွာ ယနေ့ အနေအထားမှ  လည်ပြန်အကြည့်တွင်မူ ခံစားမှုက   တနင့်တပိုးဖြစ်ရပြန်သည်။ ပန်းစကြာ မှန်ပြောင်းလှည့်လိုက်သလို ရုပ်ပုံလွှာများက လျှပ်တစ်ပြက် အလင်းအမှောင် ပြကွက်များနှင့် တစ်လှည့်စီ ပြိုးပြိုးပြက်ပြက်၊ သမိုင်းဖြစ်ရပ်များက မှန်ကူကွက်များနှယ် တဖျပ်ဖျပ်၊ ရင်မှာတော့ တလှပ်လှပ်ပင် စစ်ခရီးကြမ်းကြီး၏  အတက်အဆင်း၊ အခက်အပြင်း၊    အရွေ့အပြောင်းများ တသက်သက်ထင်သာမြင်သာ  ဖြစ်လာခြင်းဖြစ်၏။  သြော်  မြန်မာ့နိုင်ငံရေး ခရီးကြမ်းကြီး၏ အတွင်းသရုပ် ဖမ်းဆုပ်၍ပင် မကုန်နိုင်တော့ပါလား။

တပ်မတော်(လေ)စတင်ခဲ့စဉ်က အခြေအနေမှာ စစ်တံခွန်နယ် ဖွင့်လိုက်မြှင့်လိုက်ခြင်း ဖြစ်သော်လည်း စစ်လက်နက်ပစ္စည်းပိုင်းမှာ ချို့တဲ့လှပါ၏။ လွတ်လပ်ရေးမရမီ ရက်ပေါင်း ၂၀ အလိုဖြစ်သည်။ လေယာဉ်ဆို၍ ဗြိတိသျှစစ်လက်ကျန် တိုက်ဂါးမော့သ်၊ တွင်အော်တာ၊  အောက်စဖို့လေယာဉ် အနည်းငယ်သာ၊ တကယ်တော့ ကိုလိုနီခေတ် ၁၉၃၄ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံသို့ လေကြောင်းပညာရပ် ရောက်ရှိခဲ့သည်။ ယင်းမှ စိတ်ဝင်စားသူ များလာခြင်းကို အခြေခံကာ  ရန်ကုန်လေယာဉ်မောင်းကလပ် တည်ထောင်ခဲ့ကြသည်။ ၁၉၄၀ ပြည့်နှစ်စက်တင်ဘာ ၁၉ ရက် ရောက်သောအခါတွင် “ဗမာ့အပျော်တမ်းလေတပ်ဖွဲ့”ဖွဲ့စည်းလာခဲ့သည်။ ထိုမှ မျိုးဆက်ကိုဆင့်၊ စွမ်းရည်မြှင့်ကာ ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်၌ “တပ်မတော်(လေ)တည်း”ဟူ၍ မြန်မာ့စစ်လက်ရုံးကြီး တစ်ခုပေါ်ထွန်းခဲ့သည်။ စင်စစ် နိုင်ငံရေးရေချိန် မတည်ငြိမ်သည့်ခေတ်၊ မိုးကြမ်းမုန်တိုင်း ခြုံသိုင်းလှိုင်းဒဏ် ဝိုင်းခံနေရသောကာလ။ ၁၉၄၇ ခုနှစ် နိုင်ငံရေးအကွေ့၊ အချိုး “အန္တရာယ် “ဖြစ်ရပ် ဆိုးကြီးနှင့်လည်း   ကြုံခဲ့ရသေးသည်။ တပ်မတော်(လေ) မပေါ်ထွန်းမီ လေးလနှင့် ၂၆ ရက်အကွာ ဇူလိုင် ၁၉  ရက်တွင် လွတ်လပ်ရေးအတွက် ကြိုးပမ်းနေကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည်။ ဤသို့ ဤမျှနိုင်ငံရေး ခဲခက် ဝဲဂယက်များကြားတွင် အလူးအလှိမ့်၊ အတို့အထိ၊ အပွန်းအပဲ့ ခံစားနေရာမှ တပ်မတော်(လေ)ပေါ်ထွက်လာခြင်းမှာ အလွန်ဂုဏ်ယူစရာ  ကောင်းလှသည်။ အထက်ကတင်ပြခဲ့သလို နိုင်ငံတော်အပိုင်းမှ စစ်တံခွန်နယ် ဖွင့်လိုက်ခြင်းလည်း ဖြစ်ပေ လိမ့်မည်။

သမိုင်းခေတ်ရေအလျဉ်ကို လိုက်ပါကြည့်လျှင်  အထက်ပါနိုင်ငံရေး   မုန်တိုင်း သို့မဟုတ် အိပ်မက်ဆိုးကြီး တွေ့ထိဖြတ်သန်းလာခဲ့စဉ် အကျိုးအမြတ် နှစ်ခုရရှိခဲ့သည်ဟု ကျွန်တော်မြင်၏။   တပ်မတော်(လေ)တည်းဟူသည့်   စစ်လက်ရုံးကြီးတစ်ခု အားသစ်လောင်း ပေါ်ထွက်ခဲ့သလို ယင်းအားသစ်လောင်းပြီး ရက်ပေါင်း ၂၀ အကြာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးပန်းမဉ္စူကို အရယူနိုင်ခဲ့ခြင်းပင် မဟုတ်ပါလား။ မုန်တိုင်းဟူသည် သဘာဝတရား၏ စေ့ဆော်မှုကြောင့် ဖြစ်တည်လာသည့် လေထု၏ခြယ်လှယ်မှုပင်ဖြစ်၏။ မုန်တိုင်းငြိမ်သက်လေပြီဟု ထင်ရသော်လည်း အမှန်က အစပျိုးခြင်းသာ၊ လေပြည်အဆင့်မှသည် အရှိန်ယူနေပြီဖြစ်ကြောင်း  မမြင်မိခဲ့။  ဟော မုန်တိုင်းလာပြန်ပြီ၊ ပြင်းထန်မည့်ပုံပင်၊ ပျိုပျစ်နုနယ်စ လွတ်လပ်ရေးကို မျဉ်းဖြောင့် တစ်ကြောင်းအဖြစ် အမြင်ထက် အတုအစစ်၊ အထစ်တမြူ၊ အထူအပါး၊ အယူမှားကာ အသွေးအရောင်ခွဲခြား တိုင်းတစ်ပါးဝါဒမှိုင်း စွဲကိုင်ရှေ့တန်း တင်လာသည့် နိုင်ငံရေး ပါတီ၊ အဖွဲ့အစည်းများကြောင့် ထိန်းမရ၊ နိုင်ငံရေးမုန်တိုင်းကြမ်းက ဝင်မွှေခဲ့လေပြီ။ ပြည်တွင်းစစ်မီး အစပြုခဲ့ပြီပေါ့။ ထိုအဖြစ်ကို သတင်းစာဆရာကြီး ဦးပုလေးက “ခက်ဖွယ်ရယ်ကြုံ လက်နက်ကယ်စုံမညီနဲ့”အမည်ဖြင့် ရင်ဖွင့်ခံစားရေးသားခဲ့သည့် စာတစ်အုပ်ရှိခဲ့သည်။  ၁၉၄၈ ခုနှစ်  မတ်၊ ဇူလိုင်၊ သြဂုတ်လတို့တွင် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် တိုင်းရင်းသားများ တောခိုကာ ရောင်စုံသောင်းကျန်းသူများ ဖြစ်လာခဲ့ကြသည်။ မှတ်မှတ်ရရ ၁၉၄၈ ခုနှစ် မတ် ၂၉ ရက်  လွတ်လပ်ရေးရပြီး နှစ်လနှင့် ၂၅ ရက်အကြာတွင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)တောခိုခဲ့ခြင်းဖြစ်၏။

မြွေပူရာ ကင်းမှောင့်ဆိုသလို ကူမင်တန်(KMT) တရုတ်ဖြူများကလည်း ၁၉၄၉ ခုနှစ်မှစတင်ကာ တပ်ဖွဲ့အလိုက် ကျူးကျော်မှုများ ဖြစ်လာကြပြန်သည်။ ၁၉၅၀ ပြည့်နှစ်တွင် အင်အားကြီးမားလာပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းမြို့များ ထိပါးရုံမျှမက အခြေချတပ်စွဲလာသည်အထိ ဖြစ်ခဲ့၏။

၁၉၅၃ ခုနှစ်တွင် အခိုင်အမာပြုလာခဲ့ပြီဖြစ်သည်။ မကောင်းမှုဟူသည် တစ်ဦးတည်းမလာ၊ အပေါင်းအဖော်ဖြင့်လာတတ်၏တဲ့၊ ဘာသာရေး အဆိုအမိန့်တစ်ခုပါ။ အကြွင်းမဲ့မှန်နေသည်။  ပြည်တွင်းစစ်အနေဖြင့် ကြည့်လျှင် စသည်ဆိုသည်နှင့် မငြိမ်းချမ်း

တော့၊ အဆုံးကား ဝေးခဲ့လေပြီ။ ကူမင်တန် (KMT )ကျူးကျော်စစ်ပါ ရင်ဆိုင်ရပြီဆိုသောအခါ တိုင်းပြည်၏ကံကြမ္မာကို မတွေးရက်စရာဖြစ်ခဲ့ပါ၏။ တပ်မတော်(လေ)၏ သက်တမ်းမှာ  သုံးလေးလသာသာခန့် လွတ်လပ်ရေးကလည်း နုနယ်လှ၊ မြန်မာ့နိုင်ငံရေးမှာလည်း “ရန်ကုန်အစိုးရ” ဟု အခေါ်ခံနေရချိန်  ဤမျှနိုင်ငံရေး အလှုပ်အခတ် အန္တရာယ်ဆိုးများ ဝိုင်းဝိုင်းလည် တွေ့နေရသည့်ကာလဖြစ်၏။ တပ်မတော်(လေ)သည် ရှိသမျှ လေယာဉ်၊ စစ်လက်နက်ပစ္စည်းများဖြင့်   မြန်မာ့တပ်မတော်နှင့်အတူတွဲလျက် ထိုးစစ်များ အကြိမ်ကြိမ်ဆင်နွှဲခဲ့ရသည်။  ကြမ်းကြမ်းခက်ခက် ရင်ဆိုင်ရသည်။ မြန်မာ့တပ်မတော်သည်   မိမိအင်အားကို ဆန့်ထုတ်ကာ အဆမတန် အင်အားကြီးမားသည့် ရောင်စုံသောင်းကျန်းသူ  အစုအဝန်းများကို နှိမ်နင်းခဲ့ရသည်။

တပ်မတော်(လေ)အနေဖြင့် အော်တာလေယာဉ်တွင်   သေနတ်များ တပ်ဆင် အသုံးမပြုနိုင်သဖြင့် စက်ပစ်သမား လိုက်ပါ၍ ပစ်ခတ်ခြင်း၊ တွဲဖက်လေသူရဲမှ ဗုံးကို လက်ဖြင့်ကိုင်ကာ   စနက်တံဖြုတ် ဗုံးချပေးခဲ့ရခြင်းမျိုးများ ရှိခဲ့သည်။  ၁၉၄၈ ခုနှစ်နောက်ပိုင်း    စင်ကာပူနိုင်ငံမှ စပစ်ဖိုင်းယားလေယာဉ်  သုံးစင်းဝယ်ယူကာ လေကြောင်းပစ်ကူ အားဖြည့်နိုင်ခဲ့ပါသည်။ လေကြောင်းအကူ စစ်ဆင်ရေးများတွင် လေယာဉ်အပါအဝင် လေသူရဲအချို့ နိုင်ငံတော်အတွက်  အသက်ပေးလှူခဲ့ရခြင်းများ ရှိခဲ့သည်။ ပြည်တွင်းစစ်၏ အထိအတွေ့များကား ခါးသီးလှ၏။ မြန်မာ့တပ်မတော်နှင့် အတူ တပ်မတော်(လေ)သည်  အသက်ကိုရင်း   အသွေးခင်းကာ  ကြံ့ကြံ့ခံရင်း ရန်စွယ်ဟူသမျှ ဖယ်ရှင်းခဲ့သည်။

ခေတ်သမိုင်း၏ အပိုင်းအခြားအလိုက် သုံးသပ်ကြည့်သောအခါတွင် တပ်မတော်(လေ)၏ ကောင်းမြတ်သည့် အတ္ထုပ္ပတ္တိနှင့် မြင့်မားသောဥပဓိကို တွေ့လာရပေသည်။ စင်စစ်ဝါဒမှိုင်း အတွန်းအတိုက်မှသည် ရောင်စုံသောင်းကျန်းမှု ကြီးထွားလာကာ ဖြစ်တည်လာသည့် ပြည်တွင်းစစ်ပြီးတော့ ကူမင်တန်(KMT )ပြည်ပကျူးကျော်စစ် စသည့်ပဋိပက္ခများ၏  သက်ရောက်မှု စစ်ပွဲမုန်တိုင်းကြမ်းကြီး နှစ်ခုသည် မြန်မာနိုင်ငံတွင် ဆုံမှတ်ဖြစ်လာသည်။ ကြည့်စမ်း ဘယ်လောက်ကြောက်စရာ ကောင်းလိုက်ပါသလဲ။ နိုင်ငံရေး၊ စစ်ရေးနှစ်ဖက်လုံး၏ ထိုးနှက်မှုမလျော့၊ တင်းတင်းမာမာ လှိုင်းကြီးလေထန်  မာန်ဟုန်ပြင်းလှ၏။ ထိုစဉ်က မြန်မာ့တပ်မတော်နှင့်အတူ စစ်လက်ရုံးပီပီ၊ ရင်ပေါင်တန်း ပါဝင်ခဲ့သည့် တပ်မတော်(လေ)၏  ရုပ်ပုံလွှာမှာ  အင်အားအရ နည်းကောင်းနည်းပါလိမ့်မည်။ စွမ်းရည်ပိုင်းတွင်မတော့ အောင်မှတ်အထက် ဂုဏ်ထူးအဆင့် သတ်မှတ်ရပေလိမ့်မည်။  ဗုံး/ ကျည်ဆန်/ ယမ်းငွေ့ကြားမှ သမိုင်းပုံရိပ်၊ စစ်ပုံရိပ်တို့အပြင် ခေတ်ပုံရိပ်မှတ်တမ်းများတွင် တွေ့ရပေလိမ့်မည်။ ဖြစ်ရပ်များစွာ ရှိနှင့်ပါ၏။ သာဓကနှစ်ခု တင်ပြကြည့်ပါမည်။                  

တစ်ခုမှာ စစ်ခေါင်းဆောင်တစ်ဦး၏ ရဲရင့်ပြောင်မြောက်သော သူရဲကောင်း ရုပ်ပုံလွှာ၊ မိမိအသက်ကို  မငဲ့ကွက်ဘဲ အမြင့်မြတ်ဆုံးသော စွန့်လွှတ်ခြင်းမျိုးဖြင့် တာဝန်ထမ်းဆောင်ရင်း အသက်စွန့်ခဲ့သည့် ဒုတိယဗိုလ်မှူးကြီးအက်စ်ခင်(S . J . Khin)။ ထိုစဉ်က သူသည် လေတပ်ဦးစီးချုပ်ဖြစ်၏။ ကူမင်တန်(KMT ) ကျူးကျော်စစ် အစပိုင်းကာလ လက်ရှိစပစ်ဖိုင်းယား လေယာဉ်မလုံလောက်၍ အောက်စဖို့ အပေါ့စား လေယာဉ်တွင်  ဒုံးပျံတပ်ဆင်စမ်းသပ် ပစ်ခတ်မှုပြုလုပ်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ် ဇွန် ၁၅  ရက်တွင်  ဒုတိယဗိုလ်မှူးကြီး အက်စ်ခင်ကိုယ်တိုင် မောင်းနှင်ပျံသန်း စမ်းသပ်ပစ်ခတ်မှုပြုလုပ်စဉ် မအောင်မြင်ဘဲ တောင်ပံကျိုးကာ ကျိုင်းတုံလေယာဉ်ကွင်းအနီး မြေပြင်သို့ ထိုးကျခဲ့သည့် လေယာဉ်မတော်တဆ ထိခိုက်မှုနှင့်အတူ အသက်ဆုံးရှုံးခဲ့ရသည်။ မိမိကိုယ်ကျိုးကို ပဓာနမထားသည့် စစ်ခေါင်းဆောင်တစ်ဦး၏ ဗီဇစိတ်ကို ပြလိုက်ခြင်းဖြစ်၏။

နောက်တစ်ခုမှာ   စစ်သူရဲကောင်း တစ်ယောက်၏ ဝိညာဉ်ပူးကပ်နေသည့်     သာမန်လေသူရဲ   စစ်ဗိုလ်လေးတစ်ဦး သန္နိဋ္ဌာန်စိတ်ကို အညွန့်အဖူး ဝိသေသပြုခဲ့သည့် ဗိုလ်ပီတာ၊ မြန်မာ့ကောင်းကင်ပြင်၌ ရန်သူ့လေယာဉ်နှင့် စီးချင်းထိုးပွဲ  ရင်ဆိုင်ရစဉ် ရန်သူ့ကျည်ထိမှန်လင့်ကစား မတုန်လှုပ်ခဲ့။ ရန်သူ့လေယာဉ်အား ကျည်ကုန်ပစ်ခတ် ထိမှန်စေခြင်းနှင့်အတူ မိမိအသက်ကို ပဓာနမထားဘဲ မိမိလေယာဉ်ဖြင့် လေယာဉ်ကိုယ်ထည်ချင်း    ဝင်ဆောင့်တိုက်ကာ အသက်စွန့်ခဲ့သည်။ နောက်မတွန့်သည့် သူရဲကောင်း၏  ကိုယ်ရေးသမိုင်းပင်။

ထိုစဉ်က   ၎င်းသည် ဒုတိယဗိုလ်အဆင့်သာဖြစ်၏။ ပြည်ပကျူးကျော် စစ်အတွင်း ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် တာချီလိတ်မြို့အနောက်ဘက်   ဝမ်ပါဆန်းရွာ ကောင်းကင်ပြင် ရန်သူ့ရိက္ခာပို့ အင်ဂျင်လေးလုံးတပ် PB4Y-2 Privateer လေယာဉ်ကြီးနှင့် ဗိုလ်မောင်သိန်း၊ ဗိုလ် ချစ်ခိုင်၊   ဗိုလ်ပီတာတို့မောင်းနှင်သည့် မြန်မာ့ဆီးဖြူရီ တိုက်လေယာဉ် သုံးစင်း တွေ့ဆုံစီးချင်းထိုးပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။  သို့သော် မမေ့၊ လေတပ်သားတိုင်း၏ နှလုံးသားတွင် စိမ်းလန်းသစ်လွင်နေဆဲပင်။

ဤဖြစ်ရပ်များသည် တပ်မတော်(လေ)၏ သမိုင်းစာမျက်နှာထဲမှ အညွန့်တင်ထားသော ဖြစ်ရပ်များသာဖြစ်ပြီး စွန့်လွှတ်စွန့်စားသည့် တပ်မတော်(လေ)၏ မူလ ဥပဓိကို     ဖွင့်ပြလိုက်ခြင်းပင်ဖြစ်၏။ တစ်ခုတော့ရှိသည်။ ဒုတိယဗိုလ်လေးတစ်ဦးနှင့် ဒုတိယဗိုလ်မှူးကြီးတစ်ဦး ရာထူးအဆင့် ကွာခြားပါလျက်   နှလုံးသားလိပ်ပြာ၊ စိတ်အထာတူမျှ   ပဓာနအဖြစ်ကဆန်းနေပါသည်။ တကယ်တော့ မိခင်လေတပ်ကြီး၏ အရိပ်အောက်တွင် အတူရှိနေခြင်း၊ လေသူရဲဟူသည့် ထမ်းရွက်တာဝန်တူညီနေခြင်း စသည်တို့ကို     တွေ့ရပေလိမ့်မည်။ တပ်မတော်(လေ)တွင်  အဆင့်အတန်း အားလုံးသည်   ထမ်းဆောင်ရသည့် တာဝန်အောက်ဝယ် စိတ်တူညီမျှ တစ်တန်းတည်း ဦးလည်မသုန် ထမ်းရွက်ကြသည်ဟု ကောက်ချက်ဆွဲမိပါသည်။ ဦးတည်ချက် ဆောင်ပုဒ်ကို ကြည့်လျှင်လည်း Sky is the Limit တက်နိုင်ဖျားရောက်တဲ့၊ စွန့်စားခြင်းလုံ့လဖြင့် စွမ်းရည်ဖွဲ့တည် အောင်ပွဲချီနိုင်ရမည်ပေါ့။ အမှန်ဆိုရလျှင် ထိုထိုသော သူရဲကောင်းများ ပေါ်ထွက်လာစေရန် ယင်းဆောင်ပုဒ်ကပင်လျှင် တွန်းအားကြီး တစ်ခုဖြစ်နေခြင်းပင်တည်း။

ပြည်ပကျူးကျော်စစ်ကို   ရင်ဆိုင်တွန်းလှန်ခဲ့ရသည့်   စစ်ဆင်ရေးများမှာ မဟာစစ်ဆင်ရေး၊  နဂါးနိုင်စစ်ဆင်ရေး၊ ဘုရင့်နောင်စစ်ဆင်ရေး၊  ရန်ကြီးအောင် စစ်ဆင်ရေးနှင့် မဲခေါင်စစ်ဆင်ရေး စသည်တို့ဖြစ်သည်။ လေကြောင်းစစ်ကူ ပါဝင်ခဲ့ရသည့်    စစ်ဆင်ရေးကြီးများဖြစ်၏။ လေယာဉ်များအနေဖြင့် ချစ်ပ်မန့်၊ ပရိုပို့စ်၊ ဗင်ပါယာ၊ စပစ်ဖိုင်းယား၊ ဘဲလ် ၄၇ ဂျီ ရဟတ်ယာဉ်၊ ဗာတောရဟတ်ယာဉ် စသည်တို့ဖြစ်သည်။ နှစ်အလိုက်ဝယ်ယူ ဖြည့်တင်းလာခဲ့ကြောင်းလည်း သိရှိရသည်။

ပြည်တွင်းသောင်းကျန်းသူများ အခြေအနေမှာ အရှိန်အဟုန်အနည်းအများ အလိုက် ရေရှည်စစ်ပွဲအသွင်ဆောင်ခဲ့ပြီး နေရာများစွာတွင် စစ်ဆင်ရေးကြီးငယ် အကြိမ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ရသည်။ အောင်သီဟစစ်ဆင်ရေး၊ ဟိုက်ကမ်းပါး တိုက်ပွဲ၊ ကွမ်းလုံ ရက်(၄၀)၊ ထော်ပိုင်စစ်ဆင်ရေး၊ အောင်စိုးမိုး၊ အောင်တံခွန်၊ အောင်သံလွင်၊ ရဲရန်အောင်၊ ရွှေလင်းယုန် စသည့်စစ်ဆင်ရေးများနှင့် စီစီဝမ်တာပန်၊ ပါဂျိုနားဖော့၊  မိုင်းယန်းမဲသဝေါ စသည့်စစ်ဆင်ရေးများတွင် တပ်မတော်(ကြည်း)နှင့်အတူတွဲကာ  တပ်မတော် (လေ)တိုက်ပွဲဝင်ခဲ့သည်။

အမျိုးသားရေး လှုပ်ရှားမှုဖြစ်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင်လည်း စစ်ဆင်ရေးအသွင်ဖြင့် ပါဝင်ဆောင်ရွက်လာခဲ့ပေသည်။  ပန်ပိစစ်ဆင်ရေး၊ မဲလုံး စစ်ဆင်ရေး၊ ဇင်ဒူးစစ်ဆင်ရေး၊  မိုးဟိန်းစစ်ဆင်ရေး၊ တောင်ရန်ရှင်းစစ်ဆင်ရေး၊ ငရဲပန်းစစ်ဆင်ရေး စသည်ဖြင့် စစ်ဆင်ရေးအလိုက် ဘိန်းခင်း၊ ဘိန်းချက်စခန်းများကို ဖျက်ဆီးရန်အပြင် ဘိန်းဓားပြများကိုပါ ချေမှုန်းခဲ့ရသည်။

တပ်မတော်(လေ)သည် ပြည်ပကျူးကျော်စစ်နှင့် ပြည်တွင်းသောင်းကျန်းမှု ကာလရှည်ကြီးအပြင် နိုင်ငံရေးအရ မငြိမ်သက်သည့်လှုပ်ရှားမှု မိုးမုန်တိုင်းများကိုလည်း ရင်ဆိုင်ရင်း တပ်မတော်(ကြည်း)နှင့် လက်တွဲဆောင်ရွက်ခဲ့သည်။ တစ်ဖက်တွင်လည်း မိမိတပ်မတော်(လေ)၏ ကောင်းမြတ်သည့် အစဉ်လာနှင့်  မြင့်မားသည့်ရုပ်ပုံလွှာကို မြင့်သထက်မြင့် တင့်သထက်တင့်လာရန် ပြုစုပျိုးထောင်လာခဲ့ရသည်။ ယနေ့ဆိုလျှင် နှစ်ပေါင်း ၇၅ နှစ် စိန်ရတုနှစ်ကာလတိုင်ခဲ့လေပြီ။ သာမန်အနေအထား မဟုတ်တော့၊ နည်းပညာပိုင်းတွင် ပစ္စတင်အင်ဂျင်စနစ်မှသည် ဂျက်အင်ဂျင်ခေတ်သို့ ရောက်ခဲ့ပြီ မဟုတ်လား။ 

ကြိုးစားပမ်းစားဆောင်ရွက် လာခဲ့ရသည်က နှစ်ပေါင်းများစွာ လေ့လာ၊ လေ့ကျင့်၊ တီထွင်၊ ပြင်ဆင် စသည်ဖြင့် လေသူရဲကောင်းများစွာ မွေးထုတ်ပေးခဲ့သလို စက်မှုပညာပိုင်းနှင့် ကျွမ်းကျင်ပညာရှင်များအပိုင်းကိုလည်း ပြည်ပ၊ ပြည်တွင်းသင်တန်းများဖြင့် မြှင့်တင်   ဆောင်ရွက်လာကြပေသည်။ တကယ်လည်း လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေး ဌာနချုပ်ဟူသည့် တပ်စခန်းဌာနချုပ်ကြီး တစ်ခုပေါ်ထွက်လာခြင်းက မျက်မြင်ဖြစ်၏။  ပြီးတော့  တပ်တော်ဝင် အခမ်းအနားများဖြင့် လေယာဉ်/ရဟတ်ယာဉ် ဝယ်ယူဖြည့်တင်းပေးခြင်းများလည်း ၁၂ ကြိမ်မျှ ပြုလုပ်ခဲ့ခြင်း ရှိခဲ့သည်။ ဆိုတော့ တပ်တော်ဝင်အခမ်းအနားသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် လေယာဉ်၊ ရဟတ်ယာဉ် လွှဲပြောင်းပေးခြင်းဖြစ်ရာ တိုးကာ တွန်းကာ ဖောက်ထွက်လာမည့် တပ်မတော်(လေ)၏ ဆန့်ထုတ်စွမ်းရည်များ ဖြစ်လာပေလိမ့်မည်။    သမိုင်းခေတ်၏ အကွေ့များမှ အရွေ့ဖြစ်ရပ်များဟု ဆိုနိုင်၏။

အင်အားဖြည့်တင်းခြင်းနှင့် စွမ်းရည်မြင့်မားရေးတို့ကိုလည်း တစိုက်မတ်မတ် ဆောင်ရွက်လာခြင်းဖြင့် စွမ်းအားနှင့် အရည်အချင်းမျှညီခြင်း အစုအစည်းကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။ ၂၀၁၈ ခုနှစ်ကပင် တပ်မတော်(လေ)တွင် အမျိုးသမီးလေသူရဲများ မွေးထုတ်ပေးခဲ့သည့် အစီအစဉ်ရှိခဲ့သည်။ ယင်းအမျိုးသမီးလေသူရဲများ အနေဖြင့် ယနေ့ဆိုလျှင် သယ်ယူပို့ဆောင်ရေး လေယာဉ်နှင့် ရဟတ်ယာဉ်များတွင် သာမက တိုက်ခိုက်ရေး လေယာဉ်များ၌ပင် တာဝန်ထမ်းဆောင် လာနိုင်ပြီဖြစ်ကြောင်း တွေ့ရသဖြင့် တပ်မတော်(လေ)၏ ဆန်းသစ်သည့် စွမ်းအားဆင့်ပွား လာနေပြီဟု ပြောရပေလိမ့်မည်။ နိုင်ငံတကာမြင်ကွင်းဝယ် အသံထက်မြန်သော လေယာဉ်၊ ဂျက်တိုက်လေယာဉ်များ၊ မောင်းသူမဲ့လေယာဉ်များ ပေါ်ထွက်လာနေပြီဖြစ်၏။  တပ်မတော်(လေ)သည် သွင်ပြင်လက္ခဏာအရဖြစ်စေ၊ ပုံသဏ္ဌာန်ဖွဲ့စည်းပုံအရဖြစ်စေ၊ သမားရိုးကျမဟုတ်ပေ။   နည်းပညာရပ်နှင့် တီထွင်ဆန်းသစ်  ခေတ်သိပ္ပံပညာ လမ်းကြောင်းပေါ်တွင် ရပ်တည်နေသည်ဖြစ်ရာ နိုင်ငံတကာစံနှုန်းနှင့် မျှညီရပ်တည်ရန် ကျားကုတ်ကျားခဲ ကြိုးပမ်းလာခဲ့ရပေသည်။

သိပ္ပံနှင့်နည်းပညာတို့၏ ပွတ်တိုက်မှု၊ အဆင့်ဆင့်မြင့်မားလာနေသည့် စစ်လက်နက် ပစ္စည်းပိုင်း၏ တီထွင်ဆန်းသစ်မှု အဆန့်အထုတ် အဝန်းအဝိုင်း ကျယ်ပြောလာမှုတို့ကိုလည်း အမြဲတမ်းစောင့်ကြည့်နေရပေလိမ့်မည်။ စစ်ရေးစစ်သွေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာများ၏ ဆန့်ထွက်လာသည့် အရှိန်အဟုန်မြင့်မားလာခြင်းကလည်း ရှိနေပြန်သေးသည်။ လေကြောင်းစွမ်းရည်သည်  စစ်ပွဲ၏ အဆုံးသတ် ရလဒ်ကိုဖန်တီးနိုင်စွမ်း၊ လှည့်ပြောင်းနိုင်စွမ်း ရှိကြောင်းလည်း နိုင်ငံတကာဖြစ်ရပ်များက ဖော်ပြနေပြီးဖြစ်၏။ တပ်မတော်(လေ)သည် သက်တမ်းရှည်သမျှ၊ သက်တမ်းတည်သမျှ၊ အတတ်ပညာ၊ အသိပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန်  စဉ်ဆက်မပြတ် ဆောင်ရွက်နေရသည်မှာ မဆန်းလှတော့ပေ။

ယနေ့ဆိုလျှင်  တပ်မတော်(လေ)၏ သက်တမ်း(၇၅)နှစ် စိန်ရတုနှစ်တိုင်ခဲ့လေပြီ။ တစ်နည်းပြောရလျှင် “စိန်ရတုသရဖူ” ပိုင်ဆိုင်ခြင်းနှင့်အတူ သမိုင်းသစ်မော်ကွန်း တစ်ခုကို  ထူထောင်ရေးထိုးနိုင်ခဲ့ပြီဟု ပြောရပေလိမ့်မည်။ ဤမျှရှည်လျားသော ခရီးကြမ်းဝယ်    မျိုးဆက်အဟောင်းအသစ် အကူးအသန်း    ပေါင်းမီကမ်းသည့် အခင်းအကျင်း အစဉ်အလာကောင်းများကြောင့် ဖြစ်ပေလိမ့်မည်။ ယနေ့ခေတ်တွင် လေကြောင်းစွမ်းရည်သည် အလွန်ကြီးမားသည့် ရေမီးအဟုန်ကဲ့သို့ဖြစ်နေရာ အတူလိုက်ပါ စီးမျောနိုင်ရေးအတွက် တပ်မတော်(လေ)သည် အလေးထား ဆောင်ရွက်ရင်း မိမိ၏     လေကြောင်းစွမ်းရည်ပို၍ပို၍ ခိုင်မာတောင့်တင်း လာခဲ့ပြီဖြစ်၏။ လေတပ်စခန်းများ တိုးချဲ့ဖွင့်လှစ်လာနိုင်ခဲ့သဖြင့်လည်း ဖြည့်တင်းလာသော အင်အားနှင့် အဆင့်အတန်းရှိသော အရည်အချင်းတို့ ပေါင်းမီမှုရှိလာခဲ့ပြီဖြစ်၏။ တစ်နှစ်ထက်တစ်နှစ် အဆင့်အတန်းမြင့်မီလာသလို စွမ်းရည်ပိုင်းအရလည်း ပို၍ပို၍ အနှစ်သာရ ရှိလာခဲ့ကြောင်း  တွေ့မြင်ရသည်။

တပ်မတော်(လေ)၏ ဗဟိုချက်ဟုခေါ်တွင်လောက်သည့် မိတ္ထီလာမြို့ကလေး၊ တစ်နည်းအားဖြင့် လေကြောင်းပညာရပ်များ ထုံမွမ်းစီးမျောရာ လေကြောင်းလွင်ပြင်သည် အမြဲတမ်းသစ်လွင်နေ၏။ ယင်းလွင်ပြင်မှသည် လေကြောင်းဆိုင်ရာ အတတ်ပညာ၊ အသိပညာရပ်များ ဖြန့်ဖြူးသင်ကြားပို့ချရာ ကျောင်းတော်ကြီးများကလည်း တာဝန် ကျေပွန်ကြပေသည်။ ဤအထောက်အကူ အထူအပံ့များအပြင် နိုင်ငံတော်အပိုင်းမှ ခေတ်မီတပ်မတော် ပေါ်ထွန်းရေး ရည်မှန်းချက်မူဘောင်၏  သက်ရောက်မှု၊   မိမိ အဆင့်အတန်းများ အားလုံး၏   ကိုယ်စီကိုယ်စီ ကြိုးပမ်းမှုများ စသည့် တွန်းအားများဖြင့်  တပ်မတော်(လေ)၏ပုံရိပ်သည် မြင့်သထက်မြင့်လာရပြီဖြစ်၏။ စွမ်းရည်ပိုင်း အနေအထားဖြင့်မူ။  အဆင့်တစ်ခုသို့ ရောက်နှင့်ခဲ့ပြီဟုဆိုရမည်။ နက်ဖြန်ဆိုသည်ကို မျှော်ကြည့်ရန်မလိုတော့ ယနေ့ပင် အသင့်အနေအထား၊ ဆက်၍ဆက်ကာ ချီတက်ရန်သာ။    ။

မောင်လတ် (ကမ်းရိုးတန်း)