တမူး၊ ကုန်သွယ်ရေး
COVID-19 ရောဂါအခြေအနေကြောင့် ယာယီပိတ်ထားသည့် တမူးနယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ဖွင့်လှစ် နိုင်ရန် သက်ဆိုင်ရာသို့တင်ပြထားကြောင်း တမူးနယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်းဥက္ကဋ္ဌ ဦးလှမောင်၏ ပြောပြချက်အရ သိရသည်။
အိန္ဒိယနိုင်ငံနှင့် အဓိကကုန်သွယ်မှု ပြုလုပ်နေသည့် တမူးနယ်စပ်ကုန်သွယ်ရေးကို မတ် ၁၀ ရက်မှ ယနေ့အထိ ယာယီပိတ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် အိန္ဒိယနိုင်ငံက COVID-19 ရောဂါနှင့်ပတ်သက်သည့် ကန့်သတ် ချက်များကို ဖြေလျှော့လိုက်ပြီဖြစ်ကြောင်း သိရသည်။
“အိန္ဒိယနိုင်ငံက ထိန်းချုပ်မှုကိုဖြေလျှော့လိုက်တာကြောင့် တမူးနယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံ တင်ပြထားပါတယ်” ဟု ဦးလှမောင်က ပြောသည်။ ထိုကဲ့သို့ ပြန်လည်ဖွင့်လှစ်နိုင်ရန် စက်တင်ဘာလဆန်းမှစ၍ တင်ပြခဲ့ခြင်းဖြစ်ရာ လတ်တလောတွင် ပြန်လည် ဖွင့်လှစ်ရန် နှုတ်အားဖြင့် ပြောကြားထားပြီ ဖြစ်သည်။
“နိုဝင်ဘာလထဲမှာ ပြန်ဖွင့်ပေးမယ်လို့ နှုတ်အားဖြင့် ပြောထားပါတယ်။ Official တော့ မဟုတ်သေးပါဘူး။ ကျွန်တော်တို့ တင်ပြထားတဲ့အပေါ်မူတည်ပြီးတော့ ဖွင့်ဖို့စဉ်းစားမှာပါ” ဟု ဦးလှမောင်က ပြောသည်။
အဆိုပါ နယ်စပ်ကုန်သွယ်ရေးသည် တစ်နိုင်ငံလုံးရှိ နယ်စပ်ကုန်သွယ်ရေးများတွင် ပို့ကုန်အားဖြင့် အသာစီး ရရှိသည့် ကုန်သွယ်ရေးတစ်ခုဖြစ်ကြောင်း၊ ထို့ပြင် ယာယီပိတ်ထားသည်မှာ ရှစ်လနီးပါး ကြာမြင့်နေပြီဖြစ် သောကြောင့် ပြည်ပဝင်ငွေများစွာ နစ်နာဆုံးရှုံးမှုများ ရှိနေပြီဖြစ်ကြောင်း သိရသည်။
နေနေ