ချန်ပီယံလိဂ်မှ ထွက်ခဲ့ရ၍ နည်းပြဆာရီကို ထွက်သွားရန် အီတလီမီဒီယာများ တောင်းဆို နည်းပြအဖြစ်မှ ထုတ်ပယ်ခံရမည်ဟု ဝေဖန်မှုများအတွက် ဆာရီပေါက်ကွဲ

ဂျူဗင်တပ်စ်အသင်းသည် ဇူလိုင် ၇ ရက်ညက အိမ်ကွင်း၌  ယှဉ်ပြိုင်ကစားခဲ့သည့်  ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်တွင် လိုင်ယွန် ကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ပထမအကျော့ အဝေးကွင်းတွင် ၁ ဂိုး-ဂိုးမရှိဖြင့် ရှုံးခဲ့သည့်အတွက် အဝေးဂိုးစည်းမျဉ်းဖြင့် ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ ဂျူဗင်တပ်စ် အသင်းချန်ပီယံလိဂ်မှ ထွက်ခဲ့ရပြီး နောက် အီတလီသတင်းစာများတွင် ဂျူဗင်တပ်စ် နည်းပြဆာရီကို   နည်းပြရာထူးမှ ထုတ်ပယ်ရန် တောင်းဆိုမှုများ ရှိလာခဲ့သည်။  Tuttosport သတင်းစာက '' စီရော်နယ်ဒို အကောင်းဆုံးပုံစံ ပြသပေမယ့်  ဂျူဗင်တပ်စ်က ချန်ပီယံလိဂ် ၁၆ သင်းအဆင့်က ထွက်ခဲ့ရပြီ။ ဆာရီထွက်သွား'' ဟု မျက်နှာဖုံးတင် ဖော်ပြခဲ့သည်။ ထိုသို့ဝေဖန်မှုများ အတွက် ဆာရီကပေါက်ကွဲ ပြီး  ''ကျွန်တော့်အသင်း ကစားပုံကို ကျေနပ်တယ်။ ကစားသမားတွေက သူတို့မှာရှိသမျှ အင်အားတွေနဲ့ အစွမ်းကုန်ပေးဆပ် ကစားခဲ့တယ်။ အခုချန်ပီယံလိဂ်က ထွက်ခဲ့ရတယ်။ လူတွေက တစ်ပွဲလောက် ရလဒ်နဲ့ ကျွန်တော့်ကိုဝေဖန်ပြီး ရာထူးကထွက်ဖို့ တောင်းဆိုမှုတွေလုပ်နေကြတယ်။ အသင်း ဒါရိုက်တာတွေကတော့ တစ်ပွဲလောက်ရလဒ်နဲ့ ကျွန်တော့်ကို ထုတ်ပယ်တာမျိုး စဉ်းစားလိမ့်မယ်လို့ မထင်ဘူး။ သူတို့က တစ်ရာသီလုံး စွမ်းဆောင်မှုကို အဓိကထား သုံးသပ်ပါလိမ့်မယ်။ ကျွန်တော့်မှာ ဂျူဗင်တပ်စ်နဲ့စာချုပ် သက်တမ်းရှိနေတယ်။ ဒါကို ကျွန်တော် လေးစားစွာနဲ့ ဆက်လက်ထမ်းဆောင် သွားမှာပါ။ ဒိုင်ဘာလာကို ဒဏ်ရာရှိနေတဲ့ကြားက အသုံးပြုခဲ့ပြီး ၁၄ မိနစ်သာကစားရသေးချိန်မှာ လူစားလဲလိုက်ရတဲ့ ကိစ္စကိုလည်း ပြောနေကြတယ်။ ကျွန်တော်က သူ့ကို မိနစ် ၂ဝ သုံးဖို့ ဆုံးဖြတ်ခဲ့တယ်။ ကျွန်တော် သူ့ကိုအသုံးမပြုဘဲ ထားခဲ့ရင်လည်း ဘာကြောင့် မသုံးတာလဲဆိုပြီး   မေးခွန်းထုတ်ကြဦးမယ်။ သုံးပြန်တော့လည်း ဒဏ်ရာနဲ့ စွန့်စားတာလား လုပ်ဦးမယ်။ ဝေဖန်တိုက်ခိုက်မှုတွေ ဆိုတာကတော့ ဘောလုံးလောကမှာ ပြီးဆုံးမှာ မဟုတ်ပါဘူး ''ဟု ပြောသည်။