ဇာတိမာန်တေး လွတ်လပ်ရေး

ဇာတိမာန်တေး လွတ်လပ်ရေး

    ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်သည် မြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ဖြစ်သည်။

လွတ်လပ်ရေးနေ့ကို အမှတ်တရ မမေ့ကြသည့်နည်းတူ မြန်မာတို့၏ ဇာတိသွေး ဇာတိမာန်ကိုလည်း မမေ့ကြပါချေ။ မြန်မာ့လွတ်လပ်ရေး ဆုံးရှုံး၍ တိုင်းတစ်ပါး၏ အုပ်ချုပ်မှုအောက် ရောက်နေချိန်ဝယ် မြန်မာတို့၏ မျိုးရိုးဇာတိမာန်ကို အုပ်စိုးသူတို့က နည်းအမျိုးမျိုးဖြင့် ချိုးနှိမ်ခဲ့ကြသည်။  တစ်မျိုးသားလုံး သူ့ကျွန်ဖြစ်၍ နင်းပြားဘဝသို့ရောက်နေသော  ထိုအချိန်ဝယ် လွတ်လပ်ရေးအတွက် မြန်မာတို့၏ ဇာတိမာန်သည် ရှင်သန်မြဲဖြစ်သည်။

ဇာတိမာန်ကို ရှင်သန်စေသော တေးတို့သည်လည်း သမိုင်းဝင်ခဲ့ကြသည်။  ဇာတိမာန်ဟူသည် ပါဠိနှင့် ပါဠိသက်ဝေါဟာရကို ပေါင်းစပ်ထားသည့်စကားလုံး ဝေါဟာရပင်ဖြစ်သည်။ ဇာတိသည် ပါဠိစကားဖြစ်၍ မာန်သည် ပါဠိစကား “မာန”မှ ဆင်းသက်လာသည်။ ဇာတိကို လေးမျိုးတွေ့နိုင်သည်။

၁။ ပဋိသန္ဓေနေခြင်း သို့မဟုတ် ပဋိသန္ဓ

၂။ အမျိုးအနွယ် သို့မဟုတ် မျိုးရိုး

၃။မွေးဖွားရာအရပ်

၄။ မူလဖြစ်ခြင်း ၊အစစ်ဖြစ်ခြင်း သို့မဟုတ် ပကတိ

    (၁)ပဋိသန္ဓေနေခြင်းသည် ဇာတိ၏အစပင်ဖြစ်သည်။ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏဟူသည့် တရားအတိုင်းပင်  ပဋိသန္ဓေနေခြင်းကို နားလည်ထားအပ်သည်။

   (၂)အမျိုးအနွယ် သို့မဟုတ် မျိုးရိုးသည် မိဘနှစ်ပါးမှ မွေးဖွားသန့်စင်ပေးလိုက်သော မူလဇာတိပင်ဖြစ်သည်။ မြန်မာမိဘနှစ်ပါးမှ မွေးဖွားလာသူသည် မြန်မာပင်ဖြစ်သည်။ မျိုးရိုးဇာတိမာန်သည် စွန့်လွှတ်ရန်ခက်ခဲသောအရာဖြစ်သည်။ သားသမီးဝတ် ငါးပါးတွင် “စောင့်လေမျိုးနွယ်”ဟု ပါရှိသည်။  အမျိုးအနွယ်သည်  ရင်းမြစ်အစဖြစ်၍ မည်သည့်အခါကာလမျှ မစွန့်လွှတ်သင့်။  စောင့်ထိန်းရမည့် တာဝန်သာဖြစ်သည်။

    (၃)မွေးဖွားရာအရပ်သည်  မိမိအားမွေးဖွားလိုက်သည့် ဇာတိပင်ဖြစ်တော့သည်။ အများအားဖြင့် “ကျွန်တော်က ဘယ်ဇာတိလေ”ဟူသည့် ချက်မြှုပ်ရာဒေသကို ဂုဏ်ယူစွာပြောတတ်ကြသည်။ အချို့သော စာရေးဆရာ ပြဇာတ်ဆရာတို့က သူတို့မွေးဖွားရာဒေသကို ညွှန်းဆိုဂုဏ်ယူတတ်ကြသည်။

    (၄) မူလဖြစ်ခြင်း၊  အစစ်ဖြစ်ခြင်း သို့မဟုတ် ပကတိဆိုရာဝယ် “ကျွန်တော် မြန်မာလူမျိုးစစ်စစ်ပါ၊ ဘယ်သွေးမှ မရောပါဘူးဗျာ”ဟု ပြောလေ့ပြောထရှိသည့် စကားမျိုးနှယ်ဖြစ်သည်။ စစ်မှန်သော မိမိအမျိုးအနွယ်အတွက်   မြင့်မြတ်သောတည်ရှိမှု၊ ဆောင်ရွက်မှု၊ အနေအထားတို့ကို ဂုဏ်ယူတတ်ခြင်းမျိုးပင်ဖြစ်သည်။

မာနမှ သက်ဆင်းလာသော”မာန်”ကိုလည်း အောက်ပါအတိုင်းတွေ့နိုင်သည်။

(၁) သေယျမာန်( ငါသည် သူတို့ထက်အမျိုးလည်းမြတ်သည်။ အကျင့်လည်းမြတ်သည်။ အတတ်ပညာလည်းမြတ်သည်ဟူသည့်မာန်မာနမျိုးဖြစ်သည်)။

(၂) သဒိသမာန် (ငါသည် သူ့နည်းတူအမျိုးလည်းမြတ်သည်။ အကျင့်လည်းမြတ်သည်။ အတတ်ပညာအားဖြင့်လည်း မြတ်သည်ဟူသည့် မာန်မာနမျိုးဖြစ်သည်)။

(၃) ဟီနမာန် (ငါသည် အမျိုး၊ အကျင့်၊ အတတ်ပညာအရာ၌ နိမ့်ခြင်းမှန်၏။ သို့ငြား  သူတို့သည် ငါ့အား ဒီလိုမျိုးတော့ မဆိုသင့်၊ မပြောသင့်ဟူသည့် မာန်မာနမျိုးဖြစ်သည်)။ ဇာတိနှင့်မာန်ကိုပေါင်းစပ်လိုက်သောအခါ “ဇာတိမာန”}ဖြစ်လာသည်။ ဇာတိမာန်ကို ကမ္ဘာ့စာပေသမိုင်းတို့၌-

Nationalism ခေါ် အမျိုးသားရေးဝါဒ။

Patriotismခေါ် တိုင်းချစ်ပြည်ချစ်ဝါဒ။

Chauvinism ခေါ် ခေါင်းဆောင်ပုဂ္ဂိုလ်အား စွဲမြဲကြည်ညိုပြီး သစ္စာရှိသောဝါဒ။

Raciam ခေါ် လူမျိုးရေးဝါဒ။

Superiority Complex ခေါ် မိမိအမျိုးအနွယ်သာ ကြီးမြင့်သည်၊ မြင့်မြတ်သည်၊ အခြားအမျိုးအနွယ်များကို နိမ့်ကျသည်ဟူသော ဇာတိပုညဂုဏ်မာနအစွဲ။

Xenophobia ခေါ် တိုင်းတစ်ပါး၊  လူမျိုးခြားကို ရွံမုန်းကြောက်ရွံ့သည်အထိ  မိမိအမျိုးအနွယ်ကိုသာ ချစ်မြတ်နိုးလွန်းသောဝါဒ။

ဘာသာရေးအရ  စွဲမြဲယုံကြည်ခဲ့သော Caste System  ခေါ် ဇာတ်စနစ်ဝါဒနှင့်  Jingoism ခေါ် ရန်လိုသော တစ်ယူသန် မျိုးချစ်ဝါဒကြောင့်ဖြစ်သော စစ်လိုလားသော ဝါဒ စသည်ဖြင့် အမျိုးမျိုးဖွင့်ဆိုကြသည်။

အမျိုးအနွယ်ကိုစွဲ၍၊ မျိုးရိုးဇာတ်ကို အကြောင်းပြု၍ စိတ်နေစိတ်ထား မြင့်မားခြင်းသည် မြန်မာတို့၏ ဇာတိမာန်ပင်ဖြစ်သည်။ မြန်မာတို့သည် သာကီနွယ်ဝင် စစ်စစ်ဖြစ်သည်ဟူသော    မျိုးရိုးဇာတိမာန်သည် လွတ်လပ်ရေးရရှိရန်အတွက် လှုံ့ဆော်မှုပင်ဖြစ်သည်။

လှုံ့ဆော်မှုတွင်   အနုပညာသဘော ပါဝင်သော  ဇာတိမာန်တေး တို့သည်လည်း လွတ်လပ်ရေးအလို့ငှာ ပေါ်ထွက်လာကြသည်။

၁၉၂၀ မှ ၁၉၄၀ ပြည့်နှစ်များအတွင်း ဝံသာနုရက္ခိတတရားကို ကျင့်သုံးသည့် ဂျီစီဘီအေအသင်းကြီး၊ တို့ဗမာအစည်းအရုံး စသည့်လွတ်လပ်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြသည့်   အသင်းအဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ တို့ဗမာအစည်းအရုံးနှင့်အတူ ဝိုင်အမ်ဘီ သခင်တင်၏  တို့ဗမာသီချင်းသည်လည်း ဇာတိမာန်ကို လှုပ်နှိုးရာ၌ တစ်ထောင့်တစ်နေရာမှ နေရာယူနိုင်ခဲ့သည်။

“တကောင်းအဘိရာဇာ၊ တို့ဗမာ သာကီမျိုးဟာမို့၊ မညှိုးဂုဏ်တေဇာ၊  ယိုးဒယားနှင့်  ကုလားကိုပါ၊ တိုက်ခိုက်ကာ အောင်ခဲ့တာ တို့ဗမာ၊ စိန်မှန်ကင်းစစ်၊ အဖြစ်ကြီးဖြစ်လျက်၊ ထင်း တစ်လှည့်ကြုံရ၊ ထုံးနှင့် မသွေ၊ လောကဓမ္မတာပေ၊ ငါတို့ ကံခေ၊ ဖြစ်ရပြန်သလေ၊ သို့သော် အရင်းကိုစစ်လျှင် ဗမာပြေ၊ ငါတို့ ငါတို့ပြေ။

နောင်ဥဒါန်း ဘယ်မကျေစရာ၊ ရာဇဝင်တင်ထား၊ မျိုးရိုးနွယ်လာ၊ ကမ္ဘာတစ်ခွင်မှာဖြင့်၊ ဗမာအထင်အရှား၊ တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား၊ တို့ဗမာ၊ တို့ဗမာ မဟုတ်လေသလား၊   (တို့ ဗမာ...ငါတို့ဗမာ)၂

(ဒါ ငါတို့ ဗမာ)၂ အားလုံးညီညီ၊ ယောကျ်ားဘသား၊ တို့ဗမာ၊ နောင်လာနောက်သား၊ ကောင်းစားဖို့ရာ၊ တို့ ကိုယ်ကျိုးလုံးလုံးမပါ၊ ရဲရဲ ဗမာပီပီ...ဗမာပြေ...

တို့ ဗမာ...တို့ပါ၊ သခင်ကျင့်ကိုကျင့်ကြပါ၊ သခင်မျိုးဟေ့ တို့ဗမာ၊ မိုးအောက်မြေပြင်မှာ၊ အထက်တန်းစိတ်နဲ့၊ စာမရီသွေး...တို့ဗမာ။

(သံပြိုင်) ကမ္ဘာမကြေ ဗမာတွေ  ( ဒါ  တို့ပြေ  ဒါ တို့မြေ  ဒါ ငါတို့ပြေ )၃ (တို့ဗမာ)၃ ကို တိုင်းရင်းသား အကုန်အစင် တို့ပြေလို့မှတ်ထင်၊ တို့ ဝတ္တရားပင်၊ တို့ဗမာ သခင်၊ အမျိုးသားရေးကို ကြိုးပမ်းကြပါ၊ တို့ဗမာ..တို့ဗမာ၊ အရှေ့က နေဝန်းထွက်သည့်ပမာ၊ တို့ ခေတ်ကို ရောက်ရမည် မလွဲပါ၊ တို့ ဗမာဟေ့...တို့ ဗမာ၊ ဗမာပြည်တစ်ဝန်းအကုန် တို့အိမ်မှတ်ပါ၊ တို့ယာမှတ်ပါ၊ အဲ့ဒါ တို့ဗမာ။”

ဖော်ပြပါသီချင်းဖွင့်ပွဲကို  ၁၉၃၀ ပြည့်နှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ကြီး၏ ရာဟုထောင့်၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် သခင်ဘသောင်းက တို့ဗမာသီချင်း၏အဓိပ္ပာယ်ကို သမိုင်းချီ၍ ရှင်းလင်းတင်ပြပြီးနောက် သီချင်းရေးဆရာ ဝိုင်အမ်ဘီ သခင်တင်ကိုယ်တိုင် ခေတ်ပေါ်တူရိယာများနှင့် တွဲဖက်ကာ သီဆိုဖွင့်လှစ်ခဲ့သည်။ ဇာတိမာန်ကို နိုးထစေသောဇာတိမာန်တေးသည်  နိုင်ငံရေးလှုပ်ရှားမှု လှိုင်းလုံးအောက်ဝယ် ထကြွနိုးကြားခဲ့သည်။ ဇာတိမာန်ကို နှိုးဆွသောနား၊ မျက်စိဖွင့်ပေးသောရည်ရွယ်ချက် ထမြောက်အောင်မြင်ခဲ့၍သာ တိုင်းတစ်ပါးသား၏ လက်အောက်တွင်  နွံနစ်ကျွန်ဖြစ်နေရသည့် ဘဝမှ ရုန်းကန်လွတ်မြောက်ကာ လွတ်လပ်ရေးရရှိလာခြင်းဖြစ်သည်။

သီပေါမင်းကို လွယ်ကူစွာ နန်းချနိုင်သည့် ဗြိတိသျှတို့သည် တိုင်းရင်းသားတို့၏ လက်နက်စွဲကိုင်တော်လှန်မှုကို ဆယ်နှစ်ကျော်မျှ ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ရသည်။  တိုင်းရင်းသားတို့၏ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ကြီးမားပြင်းထန်ခဲ့သည်။  နယ်ချဲ့တို့ကို ထိတ်လန့်စေခဲ့သည်။  နယ်ချဲ့ဆန့်ကျင်ရေးသည် မန္တလေးကိုဗဟိုပြု၍ တောင်ဘက် ထားဝယ်၊ တနင်္သာရီအထိ၊ အရှေ့ဘက်ကုန်းပြင်မြင့်တစ်ပြင်၊ မြောက်ဘက် ကချင်တောင်တန်းများအထိ၊   အနောက်ဘက် ချင်းတောင်တန်းနှင့် ရခိုင်အထိ ကျယ်ပြန့်ခဲ့သည်။ အချို့တိုက်ပွဲများသည် လူအင်အား လေးထောင်အထိ ပါဝင်၍ မြို့များကို  ရက်အတော်ကြာသည်အထိ သိမ်းပိုက်ထားနိုင်ခဲ့သည်။ တောင်ပေါ်မြေပြန့် တိုင်းရင်းသား အားလုံး စုစည်းညီညွတ်ခဲ့ကြသည်။ ဗြိတိသျှတို့သည် မန္တလေးကိုသိမ်းယူစဉ်က အင်အားတစ်သောင်းခန့်သာ သုံးစွဲခဲ့သော်လည်း လက်နက်ကိုင်ထကြွ တော်လှန်မှုကိုမူ စစ်အင်အား ၃၂၀၀၀၊ ပုလိပ်အင်အား ၂၆၀၀၀ စုစုပေါင်းအင်အား ၅၀၀၀၀ ကျော် သုံးစွဲခဲ့ရသည်။ မြန်မာတို့၏ ပြင်းပြသော ဇာတိမာန်သည် နယ်ချဲ့တို့အား ဒူးမထောက်၊ လက်မမြှောက်ကြောင်း  ကောင်းကောင်းသိစေခဲ့သည်။

မြန်မာတို့သည် ကျွန်နိုင်ငံ၊ ကျွန်လူမျိုးဖြစ်ရခြင်းထက် သေခြင်းက မြတ်သည်ဟူသည့် ဇာတိမာန်ဖြင့် လွတ်လပ်ရေးအတွက် အသက်ပေါင်းများစွာ ပေးဆပ်ကာ တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် အတူ အရေးတော်ပုံများ၊ တိုက်ပွဲများစွာကို အောင်မြင်ပြီးမြောက်ခဲ့သော်လည်း လွတ်လပ်ရေးက မရသေး။ ဗြိတိသျှ စစ်ပြေးအစိုးရက မြန်မာပြည်သို့ ဆင်းမလားစီမံကိန်းကို ယူလာပြန်သည်။ ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံ အက်ဥပဒေအရ ပေးအပ်သည့် ၉၁ ဌာန အုပ်ချုပ်ရေးနှယ် ဒိုမီနီယံ အဆင့်အတန်းကို တဖြည်းဖြည်းပေးရန် စက္ကူဖြူစာတမ်းများ ပါလာသည်။ မြန်မာပြည်သူတို့က  လုံးဝလွတ်လပ်ရေးမှ တစ်ပါး အခြားမည်သည့် အဆင့်အတန်းကိုမျှ လက်မခံကြချေ။ လူထုအုံကြွမှုဖြင့် ဆန္ဒပြကြသည်။ ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်မြောက်ရေး အဖွဲ့ချုပ်ကြီး၏ စည်းရုံးမှုအောက်တွင် သွေးစည်းညီညွတ်စွာဖြင့် ပြည်သူ့ဆန္ဒကို ဖော်ထုတ်ပြသခဲ့ကြသည်။ ဤသည်ပင်  မြန်မာဟူသည့် ဇာတိကိုပြသခြင်း မည်တော့သည်။ နယ်ချဲ့တို့ထက် သေယျမာန်သာကြောင်း ဖော်ကျူးခြင်းပင်ဖြစ်သည်။တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ သွေးစည်းညီညွတ်မှု၊ အေးအတူပူအမျှ နေထိုင်လက်တွဲ စွန့်စားမှုတို့ကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် အထွတ်အမြတ်ပန်းပမာ  လန်းဖြာသည့် လွတ်လပ်ရေးပန်းကြီးကို မြန်မာပြည်တစ်ဝန်း  ဆင်မြန်းနိုင်ခဲ့ကြသည်။

လှုံ့ဆော်ဖော်ဆောင်သည့်  ဇာတိမာန်ဟူသည့် ဝေါဟာရကို တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူတို့က ဆက်လက် သယ်ဆောင်လာကြသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးသည့်နောက်တွင်   ပြည်တွင်းသောင်းကျန်းမှုများ ပေါ်ပေါက်ခဲ့သည်။ ပြည်တွင်းသောင်းကျန်းမှု မျိုးစုံကို ဇာတိမာန်စိတ်ဖြင့် ကြံ့ကြံ့ခံနိုင်ခဲ့သည်။ ၁၉၆၂- ၁၉၈၈ ခုနှစ်ကာလများတွင် ဇာတိမာန်သည် နိုင်ငံသားတို့ရင်၌ ခိုင်မြဲဆဲရှိသည်။  ရှိပြီးသား ဇာတိမာန်ကို ထိန်းသိမ်းကြသည်။ လက်ဆင့်ကမ်း ပေးဝေနိုင်ခဲ့သည်။  ၁၉၈၈ လွန်ကာလများတွင်မူ ဇာတိမာန်၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း နှောင်းလူငယ်တို့အား မျှဝေပေးသည့်ကာလဖြစ်သည်။ ဒီမိုကရက်တစ်တို့ အားကောင်းလာသော ကာလများတွင်မူ ဇာတိမာန်ဆိုသည့် ဝေါဟာရသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်လိုက်ရတော့သည်။

ရရှိပြီးဖြစ်သော လွတ်လပ်ရေးကြီး ရေရှည်တည်တံ့ ခိုင်မြဲရန်အတွက် ယနေ့လူငယ်လူရွယ်တိုင်း၏ စိတ်တွင် ဇာတိမာန်စိတ်  ကိန်းအောင်းနေရန် လိုအပ်သည်။ ဇာတိမာန်စိတ်   မပျောက်ပျက်ရန် လိုအပ်သည်။

ဇာတိမာန်စိတ် ပျောက်ကွယ်သွားပါက လူမျိုးပျောက်မည့် အန္တရာယ်သည် ခြိမ်းခြောက်လာမည်ဖြစ်သည်။ ဇာတိမာန်ကို နိုးထစေသော တေးများလည်း ထပ်မံပေါ်ပေါက်ရန် လိုအပ်သည်။ အနုပညာသည် ဆွဲဆောင်မှုအားကောင်းသည်။   လက်တွဲခေါ်ယူနိုင်သည့် စည်းရုံးရေး နည်းလမ်းကောင်းပင်ဖြစ်သည်။ သို့မှသာ လွတ်လပ်ရေးရရှိရန် အတွက်ကြီးမားသော စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ ပေးဆပ်မှုတို့ကို ယနေ့လူငယ်တို့ နားလည်သဘောပေါက်မည်ဖြစ်သည်။ ဇာတိမာန်တေးတို့သည်  လွတ်လပ်ရေးရရှိရန်  ခရီးကြမ်း၌ အရေးပါခဲ့သည့်နည်းတူ  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး တည်ဆောက်ရာတွင်လည်း အရေးပါဆဲဖြစ်သည်။ ရရှိပြီး လွတ်လပ်ရေးသည် စိန်ရတုမှသည် ရာပြည့်၊ ထိုမှ ကမ္ဘာတည်သရွေ့ ခိုင်မြဲတည်တံ့စေရန် ဇာတိမာန်တေးတို့ဖြင့် စဉ်ဆက်မပြတ် လှုံ့ဆော်တိုက်တွန်းနေရန် လိုအပ်ပါတော့သည်။   ။

ကိုဇော်ဌေး(ယဉ်ကျေးမှု)