မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက် တစ်ဆင့်မြင့်တက်

ရန်ကုန်  အောက်တိုဘာ  ၂၄

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၏ အောက်တိုဘာလအတွက် ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်  မြန်မာ့ လက်ရွေးစင် အမျိုးသားဘောလုံးအသင်းသည် အဆင့်တစ်ဆင့်မြင့်တက်ခဲ့ပြီး ကမ္ဘာ့အဆင့် (၁၃၄) နေရာ၌ ရပ်တည်နေသည်။

အောက်တိုဘာ ၂၃ ရက်က ထုတ်ပြန် သည့် FIFA ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် မြန်မာအသင်းသည် ရမှတ် ၁၀၈၁ မှတ်ရရှိပြီး ယခင်ထက် အဆင့်တစ်ဆင့်မြင့် တက်ခဲ့ခြင်းဖြစ်သည်။

အရှေ့တောင်အာရှ နိုင်ငံများတွင် ဗီယက်နမ်အသင်းက ကမ္ဘာ့အဆင့် (၉၄) ဖြင့် ဦးဆောင်ထားပြီး ထိုင်း အသင်းက အဆင့် (၁၁၃)၊ ဖိလစ်ပိုင်အသင်းက အဆင့်(၁၂၄)၊ မြန်မာအသင်းက အဆင့် (၁၃၄)၊  မလေးရှား အသင်းကအဆင့် (၁၅၄)၊ စင်ကာပူအသင်းက အဆင့် (၁၅၈)၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီယားအသင်းတို့က အဆင့် (၁၇၃)၊  လာအိုအသင်းက အဆင့် (၁၈၈)၊ ဘရူနိုင်းအသင်းက အဆင့် (၁၉၁)နှင့် တီမောအသင်းက အဆင့် (၁၉၇) ဖြင့် အသီးသီးရပ်တည်နေသည်။

အောက်တိုဘာလအတွက် ထုတ်ပြန်သည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ မြန်မာအသင်းသည် အရှေ့တောင် အာရှတွင် အဆင့် (၄)နှင့်  အာရှနိုင်ငံများ၌ အဆင့် (၂၅)နေရာ၌ ရပ်တည်နေသည်။

၂၀၁၉ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည့် FIFA ကမ္ဘာ့အဆင့် သတ်မှတ်ချက်များတွင် မြန်မာအသင်းသည် နိုဝင်ဘာလ၌ ကမ္ဘာ့ အဆင့်မြင့်တက်မှု အများဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး   မြန်မာအသင်းသည် FIFA ကမ္ဘာ့အဆင့် ၁၁ ဆင့် မြင့်တက်ခဲ့ သည်။

လက်ရှိ ကမ္ဘာတစ်ဝန်း ဖြစ်ပွားလျက်ရှိသည့် COVID-19 ရောဂါအခြေအနေကြောင့် နိုင်ငံလက်ရွေးစင် အသင်းအများစု နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်မှုရပ်နားထားပြီး လာမည့်နှစ်မှသာ ပြိုင်ပွဲများ ယှဉ်ပြိုင်ရ မည်ဖြစ် ကြောင်း သိရသည်။

ကိုရဲ