ပါးမီးယက်စ်အသင်းမှ လူငယ်ကစားသမား အန်းဒရစ်ကို ယူရို သန်း ၆၀ ဖြင့် ခေါ်ယူနိုင်ကြောင်း ရီးယဲလ်မက်ဒရစ်အသင်း အတည်ပြု
ရီးယဲလ်မက်ဒရစ်အသင်းက ပါးမီးယက်စ်အသင်းမှ လူငယ်ကြယ်ပွင့် ကစားသမား အန်းဒရစ်ကို ပြောင်းရွှေ့ ကြေး ယူရို သန်း ၆၀ ဖြင့် စာချုပ်ချုပ်ဆိုကာ ခေါ်ယူနိုင်ကြောင်း အတည်ပြုကြေညာခဲ့သည်။
အသက် ၁၆ နှစ်အရွယ် အန်းဒရစ်သည် ယခုဘောလုံးရာသီတွင် ပါးမီးယက်စ်အသင်းနှင့် အတူ ခြေစွမ်းပြ ကစားနိုင်မှုများကြောင့် အစောပိုင်းက တည်းက ဥရောပထိပ်တန်း အသင်းကြီးများက အပြိုင်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ ရီးယဲလ်မက်ဒရစ်အသင်းက ကာလရှည်စာချုပ်ဖြင့် ခေါ်ယူ နိုင်ခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်းက အန်းဒရစ်ကို ကနဦး ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၄၅ သန်းပေးချေရမည် ဖြစ်ပြီး ကျန်ရှိသည့် ယူရို ၁၅ သန်းကို အရစ်ကျစနစ်ဖြင့် ပေးချေရမည်ဖြစ်သော်လည်း ကစားသမား၏ စွမ်းဆောင်မှုပေါ်မူတည်ပြီး အပိုဆုကြေး ယူရို ၁၂ သန်း ထပ်မံပေးချေ ရမည်ဖြစ်သည်။
ရီးယဲလ်မက်ဒရစ် အသင်းက အန်းဒရစ်ကို ငါးနှစ် စာချုပ်အပြင် ထပ်ဆောင်းသုံးနှစ်စာချုပ် စုစုပေါင်း ရှစ်နှစ်စာချုပ်ဖြင့်ခေါ်ယူရန် သဘောတူညီမှု ရရှိထားသော်လည်း လက်ရှိတွင် အသင်းသို့ခေါ်ယူမည် မဟုတ်သေးဘဲ ပါးမီးယက်စ် အသင်း၌သာ ဆက်လက် ကစားစေမည်ဖြစ်ကာ ၂၀၂၄ ခုနှစ် ၎င်းအသက် ၁၈ နှစ်ပြည့်မှသာ အသင်းသို့ ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။