၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား စေလွှတ်ပေးမှုမှ နစ်နာကြေး အများဆုံး ရရှိမည့် အသင်းအဖြစ် မန်စီးတီးအသင်း ထိပ်ဆုံးမှရပ်တည်
ကာတာနိုင်ငံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် ကစားသမားစေလွှတ်ပေးမှုမှ နစ်နာကြေးရရှိမှု အများဆုံး ကလပ်အသင်း စာရင်းတွင် မန်စီးတီးအသင်းက ထိပ်ဆုံးမှ ရပ်တည် နေကြောင်း သိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ကစားသမား စေလွှတ်ပေးမှုများအတွက် ကလပ်အသင်းများကို နစ်နာကြေး စတာလင်ပေါင် ၁၆၉ သန်းကို ခွဲဝေပေးမည်ဖြစ်ပြီး မန်စီးတီးအသင်း အနေဖြင့် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ကစားသမား ၁၆ ဦးအထိ စေလွှတ်ခဲ့ရသကဲ့သို့ လက်ရှိ ဗိုလ်လုပွဲ အဆင့်တွင်လည်း အာဂျင်တီးနားအသင်းမှ အယ်ဗာရက်ဇ် ပါဝင်နေသည့်အတွက် နစ်နာကြေး ရရှိမှုအများ ဆုံး အသင်းအဖြစ် ထိပ်ဆုံး၌ ရပ်တည်နေခြင်းဖြစ်သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသည့် ကစားသမားများအတွက် ၎င်းတို့ ၏ သက်ဆိုင်ရာ ကလပ်အသင်းများကို တစ်ရက်လျှင် စတာလင်ပေါင် ၈၁၂၀ ပေးမည်ဖြစ်ပြီး မန်စီးတီး အသင်းက ပြိုင်ပွဲဝင်အသင်း ကိုးသင်းအတွက် ကစားသမား ၁၆ ဦးအထိ စေလွှတ်ထားရသည့်အတွက် နစ်နာကြေး အများဆုံး ရရှိမည်ဖြစ်သည်။
မန်စီးတီးအသင်းမှ ကစားသမားများဖြစ်သည့် ဂရီးလစ်၊ ဘာနာဒိုဆေးလ်ဗားနှင့် အီဒါဆန်တို့သည်လည်း သက်ဆိုင်ရာ အသင်းများနှင့် ကွာတားဖိုင်နယ် အဆင့်အထိ တက်ရောက်နိုင်သည့် အတွက် နစ်နာကြေးအများဆုံး ရှာဖွေပေးသည့် ကစားသမားများဖြစ်ခဲ့သည်။
မန်စီးတီးအသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား စေလွှတ်မှုမှ စုစုပေါင်း စတာလင်ပေါင် ၄ ဒသမ ၅ သန်းခန့်ရရှိမည်ဖြစ်ပြီး မန်စီးတီးအသင်း နောက်တွင် မန်ယူအသင်းက စတာလင်ပေါင် ၂ ဒသမ ၉၂ သန်း၊ ချယ်လ်ဆီးအသင်းက ၂ ဒသမ ၄၇ သန်း၊ စပါးအသင်းက ၂ ဒသမ ၃၃ သန်းနှင့် အာဆင်နယ် အသင်းက ၂ ဒသမ ၁၁ သန်းဖြင့် ထိပ် ဆုံးငါးသင်း စာရင်းတွင် ရပ်တည်ခဲ့ကြကြောင်း သိရသည်။