နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော်   ဒီဇင်ဘာ  ၁၇

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်  (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲအုပ်စု ပတ်လည်ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှစတင်၍ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပသည်။

ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းကို ၃ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနအသင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊  ပြည်ထဲရေးဝန်ကြီးဌာနအသင်းက  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းက  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနအသင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို ၃ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အသင်းက   စွမ်းအင်ဝန်ကြီးဌာနအသင်းကို  ၃  ပွဲပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိသည်။

 အဆိုပါ ပြိုင်ပွဲများသို့  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးလှိုင်၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ  လာရောက်ကြည့်ရှုအားပေးကြသည်။

ဒီဇင်ဘာ ၁၈ ရက် (ယနေ့) နံနက် ၉ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် ပညာရေးဝန်ကြီးဌာနအသင်း၊  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ     ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအသင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအသင်းနှင့် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနအသင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအသင်းနှင့်  သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာနအသင်း၊ ပြန်ကြားရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။       

ကျော်လွင်