ရုရှားနှင့်အိန္ဒိယနိုင်ငံတို့၏ စွမ်းအင်ကဏ္ဍဆက်ဆံရေးကို ပိုမိုတိုးတက်စေခဲ့သည့် အနောက်နိုင်ငံများ၏ လုပ်ဆောင်ချက်
ရုရှားနိုင်ငံအပေါ် အနောက်နိုင်ငံများက ပိတ်ဆို့မှုများ ချမှတ်လျက်ရှိသော်လည်း ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် ရေနံစိမ်းများကို အိန္ဒိယနိုင်ငံက အများဆုံးဆက်လက်ဝယ်ယူမည်ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတစ်ခုက ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံ ယူရယ်လ်ဒေသမှထွက်ရှိသည့် ရေနံစိမ်းများကို ယခုနှစ် ဒီဇင်ဘာလတွင် ဒုတိယမြောက်လအဖြစ် အများဆုံး တင်သွင်းဖွယ်ရှိကြောင်း ထုတ်ပြန်ခဲ့သည့် အချက်အလက်များနှင့် ရေနံကုန်သည်များ၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံသည် စွမ်းအင်လိုအပ်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ရုရှားနိုင်ငံမှတင်သွင်းသောရေနံပမာဏမှာ ယခုနှစ်နိုဝင်ဘာလအတွင်းမှာပင် ပြည်ပမှတင်သွင်းခဲ့သည့် ရေနံပမာဏ စုစုပေါင်း၏ ၅၃ ရာခိုင်နှုန်းရှိခဲ့သည်။
ထို့ကြောင့် ယခုနှစ် ဒီဇင်ဘာလအတွင်း အိန္ဒိယနိုင်ငံသည် နိုင်ငံအတွက် လိုအပ်နေသည့် ရေနံပမာဏစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကို ရုရှားနိုင်ငံမှတင်သွင်းမည်ဟု ခန့်မှန်းထားသည်။
အိန္ဒိယနိုင်ငံသည် ပြီးခဲ့သည့်ခုနစ်လ အတွင်းမှာပင် ရေနံဝယ်ယူရန် ရုရှားနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ နီးပါးပေးအပ်ခဲ့ပြီးဖြစ်သည်။ ယင်းပမာဏသည် ယခင်က အိန္ဒိယနိုင်ငံ၏ တစ်နှစ်စာရေနံတင်သွင်းမှု ပမာဏထက် ပိုမိုများပြားနေသည်။
အိန္ဒိယနိုင်ငံသည် အာရှဒေသ၌ ရေနံဒုတိယအများဆုံး အသုံးပြုနေသည့်နိုင်ငံဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာလမှစ၍ ရုရှားနိုင်ငံ ယူရယ်လ်ဒေသမှရေနံများကို လျှော့ဈေးဖြင့် အများဆုံး ဝယ်ယူလျက်ရှိကြောင်း ရေနံဈေးကွက်မှ အရင်းအမြစ်များ၏ ပြောဆိုချက်ကိုကိုးကား၍ မီဒီယာတစ်ခုက ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံသည် ယခုလအစမှ လက်ရှိအချိန်ထိ အနည်းဆုံး ရေနံတန်ချိန်ပေါင်း နှစ်သန်းခန့်ကို ဝယ်ယူထားပြီးဖြစ်သည်။
ထို့ပြင် ဥရောပသမဂ္ဂ (န့) အဖွဲ့၏ ပိတ်ပင်မှုမှ ကင်းလွတ်ခွင့်ရရှိထားသည့် ဘူလ်ဂေးရီးယားနိုင်ငံအနေဖြင့် ရုရှားနိုင်ငံမှ ရေနံတန်ချိန်ပေါင်း ရှစ်သိန်းခန့်ကို တင်သွင်းထားပြီး ဖြစ်သောကြောင့် ယခုလအတွင်း ရုရှားနိုင်ငံမှ ရေနံဒုတိယအများဆုံး ဝယ်ယူနေသည့်နိုင်ငံ ဖြစ်လာနိုင်ဖွယ်ရှိသည်။
သို့ရာတွင် ကမ္ဘာပေါ်၌ ရေနံအများဆုံး အသုံးပြုနေသည့် တရုတ်နိုင်ငံကမူ ရုရှားနိုင်ငံမှတင်သွင်းနေသည့် ရေနံပမာဏမှာ လျော့နည်းလျက်ရှိသည်။ တရုတ်နိုင်ငံသည် ယခုနှစ် ဒီဇင်ဘာ ၁၆ ရက်အထိ ယူရယ်လ်ဒေသမှ ရေနံတန်ချိန်ပေါင်း ၁၄၀၀၀၀ ခန့်ကိုသာ ဝယ်ယူထားသည်။
သို့သော် ယခုလကုန်ပိုင်းတွင် တရုတ်နိုင်ငံသည် ရုရှားနိုင်ငံမှရေနံတင်သွင်းမှု ပမာဏတိုးမြှင့်လာဖွယ်ရှိသည်ဟု ရေနံကုန်သည်များက ခန့်မှန်းထားသည်။
ရုရှား၏ မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် တူကီယဲနိုင်ငံသည် ယခုနှစ်အတွင်း ရုရှားနိုင်ငံမှရေနံများကို တိုးမြှင့်ဝယ်ယူလျက်ရှိသည်။ ယင်းနိုင်ငံသည် ယခုနှစ်ဒီဇင်ဘာလတစ်လတည်းတွင်ပင် ရေနံတန်ချိန်ပေါင်း ၁၄၀၀၀၀ ခန့်ကို တစ်ကြိမ်တည်းဝယ်ယူခဲ့ပြီးဖြစ်သည်။
အိန္ဒိယအစိုးရသည် ရုရှားနိုင်ငံမှ ရေနံဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ ကိုယ်ပိုင်ဆုံးဖြတ်ချက် ချမှတ်နိုင်ကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီးက ယခုလအစောပိုင်းတွင် ခုခံပြောဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံမှ ရေနံဝယ်ယူတင်သွင်းနေမှုအပေါ် အနောက်နိုင်ငံများမှ ဝေဖန်မှုများ ထွက်ပေါ်လာခြင်းကြောင့်ဖြစ်သည်။
ထို့ပြင် အိန္ဒိယနိုင်ငံအနေဖြင့် စွမ်းအင်ဖူလုံရေးအတွက်သာ ဦးစားပေး လုပ်ဆောင်မည်ဖြစ်ပြီး ရုရှားနိုင်ငံကို အနောက်နိုင်ငံများက ပိတ်ဆို့မှုချမှတ်ခြင်းအပေါ် ထောက်ခံရန်ငြင်းဆိုထားပြီး ဖြစ်သည်။
အလားတူပင် အိန္ဒိယအစိုးရအနေဖြင့် ရုရှားနိုင်ငံမှတင်ပို့သည့် ရေနံအပေါ် ဈေးနှုန်းကန့်သတ်ခဲ့သည့် န့၊ ွ-၇ အဖွဲ့နှင့် သြစတြေးလျနိုင်ငံတို့၏ လုပ်ဆောင်ချက်ကိုလည်း ပယ်ချထားသည်။
အိန္ဒိယနိုင်ငံ၏ မြင့်တက်လာသည့်ရေနံဝယ်လိုအားကြောင့် ရုရှားနိုင်ငံသည် ယခုနှစ် အောက်တိုဘာလတွင် ဆော်ဒီအာရေဗျနှင့် အီရတ်နိုင်ငံတို့ကိုကျော်ဖြတ်၍ အိန္ဒိယနိုင်ငံသို့ ရေနံအများဆုံး တင်ပို့ခဲ့သည့်နိုင်ငံ ဖြစ်လာသည်။
ယင်းကာလအတွင်း ရုရှားနိုင်ငံမှတင်ပို့သည့် ရေနံပမာဏသည် အိန္ဒိယနိုင်ငံက တင်သွင်းခဲ့သည့် ရေနံပမာဏစုစုပေါင်း၏ ၂၂ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး အီရတ်နိုင်ငံက ၂၀ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဆော်ဒီအာရေဗျက ၁၆ ရာခိုင်နှုန်း အသီးသီး ရပ်တည်ခဲ့သည်။
ရုရှားနိုင်ငံသည် နိုင်ငံ့ဘဏ္ဍာစုစုပေါင်း၏ ထက်ဝက်နီးပါးကို ပြည်ပနိုင်ငံများသို့ ရေနံတင်ပို့ရာမှရရှိနေခြင်းကြောင့် ရုရှားအစိုးရသည် ရေနံတင်ပို့မှုအပေါ် အမှီသဟဲပြုလျက်ရှိသည်။
ယခုအခါ အနောက်နိုင်ငံများသည် အိန္ဒိယနိုင်ငံက ရုရှားထံမှ ရေနံများပိုမိုဝယ်ယူနေခြင်းကို ထိုင်ကြည့်ရုံသာ ရှိသည့် အခြေအနေတွင်ရှိနေသည်။ အကြောင်းမှာ အိန္ဒိယအစိုးရသည် အနောက်နိုင်ငံများ၏ ဖြားယောင်းပြောဆိုမှုကို လျစ်လျူရှုခဲ့သည့်အပြင် နိုင်ငံ၏အကျိုးစီးပွားကိုသာ ရှေးရှုလုပ်ဆောင်နေခြင်းကြောင့် ဖြစ်သည်။
အနောက်နိုင်ငံများသည် ယူကရိန်းပဋိပက္ခအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံကို ပိတ်ဆို့မှုအမျိုးမျိုး ချမှတ်ထားသော်လည်း အိန္ဒိယနိုင်ငံကမူ ပါဝင်ခဲ့ခြင်းမရှိပေ။ ယူကရိန်းပဋိပက္ခအပေါ် ဆန့်ကျင်ကြောင်း ပြောဆိုရန်လည်း ငြင်းဆိုခဲ့သည်။ EU အဖွဲ့ဝင်နိုင်ငံများသည် ယူကရိန်းပဋိပက္ခတွင် ယူကရိန်းအားထောက်ခံလျက်ရှိပြီး ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုများချမှတ်ခဲ့သည်။
သို့ရာတွင် ယင်းအဖွဲ့ဝင်နိုင်ငံတချို့မှာ စွမ်းအင်ကဏ္ဍ၌ ရုရှားအပေါ် အကြီးအကျယ်အမှီသဟဲပြုနေရသည်။ တစ်ချိန်တည်းမှာပင် EU အဖွဲ့သည် ရုရှားမှ တင်သွင်းလာသည့် ရေနံအပေါ် ဈေးနှုန်းကန့်သတ်ခဲ့သောကြောင့် ရုရှားနိုင်ငံအနေဖြင့် ဈေးနှုန်းကန့်သတ်လိုက်သည့် နိုင်ငံများ သို့ ရေနံတင်ပို့မည် မဟုတ်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
EU ၏ အဆိုပါ လုပ်ဆောင်ချက်သည် စီးပွားရေးအင်အားကြီးမားသည့် အဖွဲ့ဝင်နိုင်ငံများအတွက် ဆိုးကျိုးသက်ရောက်မှု နည်းပါးသည်ဟု ဆိုနိုင်သော်လည်း အရှေ့ဥရောပရှိ အဖွဲ့ဝင်နိုင်ငံတချို့အတွက်မှာ အကျိုးဆက်က ကြီးမားလှသည်။ ယင်းနိုင်ငံများအနေဖြင့် အထူးသဖြင့် အကျိုးဆက်ကို အလူးအလဲခံနေရသည်။
အချုပ်အားဖြင့် ဆိုရပါမူ အနောက်နိုင်ငံများ၏ ရုရှားတန်ပြန်ရေး အစီအစဉ်သည် ပြောင်းပြန် အကျိုး သက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့သည့်အပြင် ရုရှားနှင့် အိန္ဒိယနိုင်ငံတို့၏ စွမ်းအင်ကဏ္ဍ ဆက်ဆံရေးကိုပါ ပိုမိုတိုးတက်လာစေကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
ဇေယျဘုန်း
Ref: RT, Theprint