အာဂျင်တီးနားအသင်းကပြင်သစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားဆုဆွတ်ခူး

အာဂျင်တီးနားအသင်းကပြင်သစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားဆုဆွတ်ခူး

ဒိုဟာ  ဒီဇင်ဘာ  ၁၈

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ်  ယနေ့ညပိုင်းတွင် ကာတာနိုင်ငံ လူဆယ်မြို့ရှိ လူဆယ်အိုင်ကွန်နစ် အားကစားကွင်း၌ လက်ရှိချန်ပီယံပြင်သစ်အသင်းနှင့် အာဂျင်တီးနားအသင်းတို့ကစားခဲ့ရာ အာဂျင်တီးနား အသင်းက ပြင်သစ်အသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့်အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည်ဟု Bleacehr Report Football က ယနေ့တွင်  ဖော်ပြခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံး အဓိကကစားသမားအစုံအလင်ဖြင့်ပွဲထွက်လာခဲ့ပြီး  ပွဲအစပိုင်းက   အပြန်အလှန်ဖိအားများဖြင့် အကြိတ်အနယ်ရှိခဲ့သော်လည်း  ပွဲချိန် ၂၃ မိနစ်တွင်  ပြင်သစ်အသင်းမှ  ဒမ်ဘီလီက ဒီမာရီယာကို ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့သည့်အတွက် အာဂျင်တီးနားအသင်း ပယ်နယ်တီကန်ခွင့်ရရှိခဲ့ရာ မက်ဆီက အမှားအယွင်းမရှိ ကန်သွင်း၍ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။

ဦးဆောင်ဂိုးရရှိခဲ့ပြီးနောက်ပိုင်း အာဂျင်တီးနားအသင်းက    ပိုမိုဖိအားပေးကစားနိုင်ခဲ့ပြီး ပြင်သစ်အသင်း ခက်ခက်ခဲခဲထိန်းချုပ်ကစားခဲ့ရကာ  ပွဲချိန် ၃၆ မိနစ်တွင်  အကောင်းဆုံးတွဲဖက်မှုများ မှတစ်ဆင့် ဒီမာရီယာက ဒုတိယဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပွဲချိန်ပထမပိုင်းအပြီးတွင် အာဂျင်တီးနားအသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ထို့နောက်   ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ချေပဂိုးများလိုအပ်နေသည့် ပြင်သစ်အသင်းက ပိုမိုဖိအားပေး တိုက်စစ်ဆင်မှုများ ပြုလုပ်လာခဲ့ပြီး   အာဂျင်တီးနားအသင်းကခံစစ်ပိုင်း ပိုမိုအားပြုကစားခဲ့ရာမှ  ပွဲချိန် ၈၀မိနစ်တွင်  အမ်ဘက်ပီက  ပထမဦးဆောင်ဂိုးရရှိခဲ့ပြီးနောက် တစ်မိနစ်အကြာ ပွဲချိန် ၈၁ မိနစ်တွင်  အမ်ဘက်ပီကပင်  ဒုတိယချေပဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပွဲချိန်မိနစ် ၉၀ တွင် နှစ်ဂိုးသရေရလဒ်ကြောင့် အချိန်ပို မိနစ် ၃၀ ဆက်လက်ကစားခဲ့ရသည်။

အချိန်ပို မိနစ် ၃၀ ဆက်လက်ကစားခဲ့ရာတွင် အာဂျင်တီးနားအသင်းက ပြန်လည် ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၀၉ မိနစ်တွင်  မက်ဆီက   အာဂျင်တီးနားအသင်းအတွက် ဦးဆောင်ဂိုးပြန်လည် သွင်းယူနိုင်ခဲ့သော်လည်း ပွဲပြီးဆုံးခါနီး ၁၁၈ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် အမ်ဘက်ပီက ပြင်သစ်အသင်းအတွက် ချေပဂိုးပြန်လည် သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် သုံးဂိုးစီသရေရလဒ်ကြောင့် ပယ်နယ်တီ အဆုံးအဖြတ်ကစားခဲ့ရပြီး ပယ်နယ်တီအဆုံးအဖြတ်ကစားခဲ့ရာတွင် အာဂျင်တီးနားအသင်းက လေးဂိုး နှစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

အာဂျင်တီနားအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ၁၉၈၆ ခုနစ်က မက္ကဆီကိုနိုင်ငံတွင်ကျင်းပခဲ့သည့် ကမ္ဘာ့ဖလား ပြိုင်ပွဲနှင့် ၁၉၇၈ ခုနှစ်က အိမ်ရှင်အဖြစ်လက်ခံ ကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် ချန်ပီယံ ဆုဆွတ်ခူး နိုင်ခဲ့ပြီးနောက် ယခုအခါ ၄၄ နှစ်အကြာတွင် တတိယမြောက်ချန်ပီယံဆု ဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အာဂျင်တီးနားအသင်းသည် ပြီးခဲ့သည့် ၂၀၂၁ ကိုပါအမေရိကဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့သည့်အပြင်   ယခုအခါ  ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပါ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့်အတွက် စပိန်အသင်းနှင့် ပြင်သစ်အသင်း တို့ပြီးလျှင် အဓိကဆုဖလားနှစ်လုံးကို ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့သည့် တတိယမြောက်အသင်းအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်တွင် ချန်ပီယံဆုကို   အာဂျင်တီးနားအသင်း၊ ဒုတိယဆုကို ပြင်သစ်အသင်း၊ တတိယဆုကို ခရိုအေးရှားအသင်းတို့ကရရှိခဲ့ပြီး အကောင်းဆုံး လူငယ်ကစားသမားဆုကို  အာဂျင်တီးနား အသင်းမှ  အန်ဇိုဖာနန်ဒက်ကလည်းကောင်း၊ အကောင်းဆုံးဂိုးသမားဆုကိုလည်း အာဂျင်တီးနား အသင်း  ချန်ပီယံဆွတ်ခူး နိုင်ခဲ့ရာတွင် အကောင်းဆုံးလက်စွမ်းပြသနိုင်ခဲ့သည့် ဂိုးသမား မာတီနက်ဇ်က လည်းကောင်း၊ သွင်းဂိုး အများဆုံးကစားသမားဖြစ်သည့် ရွှေဖိနပ်ဆုကို  သွင်းဂိုးရှစ်ဂိုးဖြင့်  ပြင်သစ်အသင်းမှ  အမ်ဘက်ပီက လည်းကောင်း၊ ပြိုင်ပွဲတစ်လျှောက်  အကောင်းဆုံးကစားသမားဆုဖြစ်သည့်   ရွှေဘောလုံးဆုကို အာဂျင်တီးနား အသင်းမှ   မက်ဆီကလည်းကောင်း ရရှိခဲ့ကြောင်း သိရသည်။   

STA