၀န်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက် ကျင်းပ

၀န်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲများ ဆက်လက် ကျင်းပ

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာန ပေါင်းစုံ ဘော်လီဘော (အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(ြ)၌ ဆက်လက် ကျင်းပသည်။

အဆိုပါပြိုင်ပွဲယှဉ်ပြိုင် ကစားနေမှုများကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ပြည်ထောင်စု ဝန်ကြီးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊  ဌာနဆိုင်ရာများမှ အရာထမ်း/အမှုထမ်းများ၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးသည်။

ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာန အသင်းက ပညာရေးဝန်ကြီးဌာန အသင်းကို ၃ ပွဲ၁ ပွဲဖြင့် လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီး ဌာနအသင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အသင်းက သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအသင်းကို ၃ ပွဲပြတ်ဖြင့်လည်းကောင်း၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန အသင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အသင်းကို ၃ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်းက ကျန်းမာရေးဝန်ကြီးဌာန အသင်းကို ၃ ပွဲပြတ်ဖြင့် လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အသင်းက ပြန်ကြားရေးဝန်ကြီးဌာန အသင်းကို ၃  ပွဲပြတ်ဖြင့် လည်းကောင်း  အသီးသီး အနိုင်ရရှိသည်။

ဒီဇင်ဘာ ၁၉ ရက် (ယနေ့)နံနက် ၉ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ဘော်လီဘော (အမျိုးသမီး)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာန အသင်းနှင့်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနအသင်း၊ ဘော်လီဘော (အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အသင်းနှင့် ပြည်ထောင်စု ရာထူးဝန်အသင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့်  လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနအသင်း၊ စွမ်းအင်ဝန်ကြီးဌာန အသင်းနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနအသင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် အသင်းနှင့် ဟိုတယ်နှင့်ခရီး သွားလာရေး ဝန်ကြီးဌာနအသင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာနအသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်၍ အားကစား ဝါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။