ကန်တော်ကြီးဥယျာဉ်နှင့်ပွဲကောက်ရေတံခွန်
ပြင်ဦးလွင်ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ပွဲကောက်ရေတံခွန်တို့မှာ ပြည်တွင်းပြည်ပခရီးသွားများ နှစ်သက်ကြည်နူးဖွယ်နေရာများ ဖြစ်သည်။ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)၏ (၁၅)ကြိမ်မြောက် ပန်းပွဲတော် Blooming Fantasy 2022 ဖွင့်ပွဲကို ဒီဇင်ဘာ ၁၈ ရက်က ကျင်းပသည်။ အမျိုးသားကန်တော်ကြီးဥယျာဉ်ပန်းပွဲတော်ကို ၂၀၀၆ ခုနှစ်မှစတင်ကျင်းပခဲ့ရာ ကိုဗစ်-၁၉ ရောဂါကာလတွင်ရပ်နားထားခဲ့ပြီး ယခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်။ ပွဲတော်အား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိကျင်းပမည်ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲများ၊ ဈေးပွဲတော်များ၊ ပြခန်းများ ပါဝင်ကြောင်း သိရှိရသည်။
ယခုနှစ်(၁၅)ကြိမ်မြောက် ပန်းပွဲတော်မှာ ယခင်နှစ်များနှင့်မတူဘဲ ထိုင်းနိုင်ငံမှ အထင်ကရပန်းပုအနုပညာရှင်တစ်ဦးမှ အသစ်ပုံဖော်ထားသည့် Landscape များတွင် ပြည်တွင်းပြည်ပပန်းမျိုးစိတ်မျိုးစုံ၊ ရာသီပန်းမျိုးစုံတို့ကို ပေါင်းစပ်ကာ ဇုန်အလိုက် ခင်းကျင်းပြသပေးထားသည်။ မျက်စိပသာဒနှင့် စိတ်နှလုံးကြည်နူးချမ်းမြေ့စေသည့် ခံစားမှုမျိုးကို လာရောက်သူတိုင်း ခံစားရမည်ဖြစ်သည်။
ပြင်ဦးလွင်မြို့သည် တောင်ပေါ်အပန်းဖြေမြို့တော်၊ ချယ်ရီမြို့တော်၊ ပန်းမြို့တော်ဟု ခေါ်ဆိုကြသည်နှင့်အညီဒေသမျိုးရင်းပန်းများ ဥယျာဉ်အတွင်းမြိုင်မြိုင်ဆိုင်ဆိုင်ဖြင့် ဖူးပွင့်လှပလျက်ရှိသည်။ ဆယ့်နှစ်လရာသီပတ်လုံးဖူးပွင့်နိုင်သည့်ပန်းမျိုးစုံရှိသည့်အတွက် ဒေသသို့လာရောက်သည့် ခရီးသွားအပန်းဖြေသူဧည့်သည်များ မည်သည့်အချိန်တွင် လာရောက်သည်ဖြစ်စေ စိတ်ချမ်းသာမှု ရှိစေရေး ပန်းများအမြဲမပြတ် ဖူးပွင့်လှပနေအောင် စီမံဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပန်းတို့၏သဘောသည် လူကိုလန်းဆန်းစေပြီး ကန်ရေပြင်နှင့် အေးမြလတ်ဆတ်သည့်ရေထု၊ လေထုတို့ဖြင့် မြို့ကိုလာရောက်သူများစိတ်အေးချမ်းမှုရရှိစေရန် ပေးစွမ်းနိုင်ရမည် ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားသည်။ ထို့ကြောင့် အမျိုးသားကန်တော်ကြီးဥယျာဉ်စိမ်းလန်းစိုပြည်စေရေး၊ ရေကန်များ ရေဝင်ရေထွက်ကောင်းမွန်စေရေးတို့ကို တာဝန်ရှိသူတို့က ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။
ပြင်ဦးလွင်မြို့တွင် အမျိုးသားကန်တော်ကြီးဥယျာဉ်ကဲ့သို့ အပန်းဖြေဧည့်သည်များ အပန်းဖြေလေ့လာရမည့် နောက်ထပ်နေရာတစ်ခုမှာ ပွဲကောက်ရေတံခွန်ဖြစ်သည်။ ပွဲကောက်ရေတံခွန်သည် ယခင်ကစနစ်ကျသည့် အကွက်ချမှုမရှိခြင်း၊ ဈေးဆိုင်ခန်းများ များပြားလာခြင်း၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း၊ သစ်ပင်များ ခုတ်လှဲခြင်းများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ပျက်စီးယိုယွင်းမှုများဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်ချက်များအရ အဆင့်မြှင့်တင်ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်။
ရေတံခွန်အတွင်း ရေသန့်စင်စေရေး သဘာဝရေသန့်စင်စနစ်ကို အသုံးပြုထားသဖြင့် ရေကစားလို သူများအနေဖြင့်လည်း သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ ရေကစားနိုင်မည်ဖြစ်သည်။ အပန်းဖြေစခန်းအတွင်း ရေတံခွန်သုံးခုရှိပြီး မြန်မာနိုင်ငံတွင် ပထမဆုံး LED မှန်တံတားကိုလည်း ကမ္ဘာ့အဆင့်မီ ထည့်သွင်းဆောက်လုပ်ထားသည်။ မှန်တံတားပေါ်မှဖြတ်သွားရင်း မှန်တံတားအောက်ခြေ ရှုခင်းများကို ရင်ခုန်စိတ်လှုပ်ရှားစွာ ခံစားနိုင်သည်။
လာရောက်အပန်းဖြေသူများစိတ်ချမ်းမြေ့ပျော်ရွှင်နိုင်စေရန်ရည်ရွယ်၍ ပွဲကောက်ရေတံခွန်ကို အဆင့်မြှင့်တင်ဆောင်ရွက်ထားပြီး မှန်တံတား၊ ကြိုးတံတားများအပြင် Log House၊ Coffee Shop၊ တောတွင်းလျှောက်လမ်းများ၊ အပန်းဖြေနေရာများ၊ ကလေးကစားကွင်းများစသည်တို့ကို ပြည့်စုံအောင် ထည့်သွင်းအဆင့်မြှင့်တင်ထားရှိသည်။ ယခုအခါတွင် အရှည် ၅၅၄ မီတာရှိ Sky Cable ကိုလည်းတည်ဆောက်လျက်ရှိပြီး မကြာမီအချိန်အတွင်း ဖွင့်လှစ်နိုင်ရေးအတွက်ဆောင်ရွက်လျက်ရှိသည်။
ပွဲကောက်ရေတံခွန်အပန်းဖြေစခန်း (B.E FALLS) အတွင်းရှိ ဆင်ကလေးများ၏ ကျွမ်းကျင်မှုနှင့် အလှပြ ပြကွက်များကိုလည်း မြင်တွေ့ရမည်ဖြစ်သည်။ နိုင်ငံတိုင်းသည် ခရီးသွားလုပ်ငန်းများကိုအပြိုင် အဆိုင် လုပ်ဆောင်လျက် ရှိရာတွင် မြန်မာနိုင်ငံသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အထောက်အကူပြု လျက်ရှိသည့် ခရီးသွားလုပ်ငန်းကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် ပွဲကောက်ရေတံခွန်စခန်းသို့ ခရီးသွားဧည့်သည်များ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ လာရောက်အပန်းဖြေ အနားယူနိုင်ပြီဖြစ်ကြောင်း သတင်းစကားပါးလိုက်ရပေသည်။ ။