တောင်ကိုရီးယား၌ နှစ်ပေါင်း ၃၃ နှစ်အတွင်း ပင်လယ်ရေမျက်နှာပြင် ၄ လက်မနီးပါးမြင့်တက်
ရာသီဥတုပြောင်းလဲမှုကြောင့် ပြီးခဲ့သည့်နှစ်ပေါင်း ၃၃ နှစ်အတွင်း တောင်ကိုရီးယားနိုင်ငံ၏ ပင်လယ်ရေမျက်နှာပြင်သည် ၄ လက်မနီးပါးမြင့်တက်လာကြောင်း တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသတွင်းသတင်းဌာနများက ဒီဇင်ဘာ ၁၉ ရက်တွင်ထုတ်ပြန်သည်။
၁၉၈၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံ၏ ပျမ်းမျှကမ်းရိုးတန်း ရေမျက်နှာပြင်က ၃ ဒသမ ၉ လက်မ မြင့်တက်လာကြောင်း၊ နှစ်စဉ်ခန့်မှန်းခြေအားဖြင့် ဂျပန်ပင်လယ်အတွင်း သုည ဒသမ ၁၃ လက်မနှင့် ပင်လယ်ဝါအတွင်း သုည ဒသမ ၁၂ လက်မစီမြင့်တက်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံအနောက်တောင်ပိုင်း မော့ပိုမြို့ရှိ နိုင်ငံ၏သက်တမ်းအရှည်ဆုံး စောင့်ကြည့်ရေးစခန်းကပေးပို့သော အချက်အလက်များအရ ပင်လယ်ရေမျက်နှာပြင်သည် ပြီးခဲ့သည့် ၆၂ နှစ်အတွင်း ၆ လက်မမြင့်တက်ခဲ့ကြောင်း၊ ပျမ်းမျှအားဖြင့် နှစ်စဉ် သုည ဒသမ ၀၉ လက်မမြင့်တက်လာကြောင်း South Korea သတင်းဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့်ကြည့်ပါက ၁၉၉၃ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ပင်လယ်ရေ မျက်နှာပြင်သည် နှစ်စဉ်ပျမ်းမျှ သုည ဒသမ ၀၈ လက်မမြင့်တက်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း နှစ်စဉ်ပျမ်းမျှ သုည ဒသမ ၁၇ လက်မမြင့်တက်ခဲ့ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းက ပြီးခဲ့သည့်နှစ်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။
Ref: Sputnik