ယခုရာသီကုန်တွင် မန်စီးတီးအသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ထားပြီးဖြစ်သော အသက် ၃၄ နှစ် အရွယ် ဝါရင့် စပိန်ကွင်းလယ် ကစားကွက်ဖန်တီးရှင် ဒေးဗစ်ဆေးလ်ဗားကို လာဇီယိုအသင်းက တစ်ပတ်လစာ ပေါင် ၅၂ဝဝဝ အပြင် ရောမမြို့မှ ခမ်းနားသော နေအိမ်၊ သီးသန့်ဂျက်လေယာဉ်တစ်စင်းပါ အသုံးပြုနိုင်ရန် စီစဉ်ပေးမည်ဟု ဆိုကာ ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ ဒေးဗစ်ဆေးလ်ဗားကို ပြောင်းရွှေ့ကြေး မပေးရဘဲ ခေါ်ယူနိုင်မည်ဖြစ်၍ လာဇီယိုအပြင် ဗလင် စီယာ၊ ဘက်တစ်၊ ဒေးဗစ်ဘက်ခမ်းပိုင် မေဂျာလိဂ် ကလပ်အသစ် အင်တာမီယာမီနှင့် ယူအေအီး ကလပ်များကလည်း ကမ်းလှမ်းမှုများ ပြုလုပ်ထားကြသည်။ အီတလီ၌ ဘောလုံး ကစားသမားများ အခွန်ကောက်ခံမှု ပိုမိုများပြားသည့်ကြားမှ လာဇီယိုသည် ဆေးလ်ဗားကို အခွန်ဆောင်အပြီး တစ်ပတ်လစာ ပေါင် ၅၂ဝဝဝ အပြင် ခမ်းနားသည့် နေအိမ်၊ သီးသန့်ဂျက်လေယာဉ် တစ်စင်းပါ စီစဉ်ပေးပြီး နှစ်နှစ်စာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ သို့သော် ဆေးလ်ဗားဘက်မှ တစ်ပတ်လစာအဖြစ် အနည်းဆုံးပေါင် ၈၆ဝဝဝ ရမှ လက်ခံနိုင်မည်ဖြစ်ကြောင်း တုံ့ပြန်ထားသည်ဟု သတင်းများအရ သိရသည်။ ဆေးလ်ဗားသည် မန်စီးတီးတွင် တစ်ပတ်လစာ ပေါင် ၂၂ဝဝဝဝ ရရှိနေကြောင်း သိရသည်။