ပြည်သူတို့၏ ဒဏ်ခတ်မှုခံနေရသည့် အကြမ်းဖက် အဖျက်သမား

ပြည်သူတို့၏ ဒဏ်ခတ်မှုခံနေရသည့် အကြမ်းဖက် အဖျက်သမား

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်)

မြန်မာပြည်သူအပေါင်းတို့သည် မြတ်ဗုဒ္ဓ၏ တရားတော်နှင့်အညီ  အေးချမ်းသာယာစွာ နေထိုင်လိုကြသည်။   ဘုရားသွားကျောင်းတက် အလှူရေစက်လက်နှင့်မကွာ နေထိုင်ပြီး   ကံကံ၏အကျိုးကို သက်ဝင်ယုံကြည်သူများ ဖြစ်ကြသည်။  နိုင်ငံရေးအပြောင်းအလဲတွင် ပေါ်ပေါက်လာသော အကြမ်းဖက်အဖျက်အုပ်စုသည် လက်နက်ကိုင်ဆောင်ကာ ရဟန်းရှင်လူပြည်သူ အများကို စွဲချက်အမျိုးမျိုးတပ်ကာ ပစ်သတ်နေသည်မှာ ပြည်သူတို့အတွက် လွန်စွာအော့နှလုံးနာစရာ၊ စက်ဆုပ်ရွံရှာဖွယ်ရာဖြစ်သည်။ စိတ်အေးချမ်းသာစွာ ဘုရားဖူးသွားလာသည့် ကျိုက်ထီးရိုးဘုရားဖူး ခရီးသွားများကို အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခြင်းမှာ ပြည်သူတစ်ရပ်လုံးက လက်မခံနိုင်သည့် လုပ်ရပ်ဖြစ်သည်။

ပြည်သူတို့၏ လူမှုဘဝမြင့်မားရေး အတွက်   မရှိမဖြစ်လိုအပ်သော လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိရေး အတွက် ဆောင်ရွက်ပေးလျက်ရှိသည်များကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လမ်းတံတားများကို သွားလာ၍ မရအောင်အမျိုးမျိုး ဖျက်ဆီးနေခြင်း၊ ကျောင်းသား၊ ကျောင်းသူများ စာသင်ခွင့်မရအောင် ဆရာ၊ ဆရာမ များကိုသတ်ဖြတ်ခြင်း၊ ကျောင်းများကိုမီးရှို့ဖျက်ဆီးခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများကို ပြုလုပ်နေသည်မှာ မည်သည့်နိုင်ငံကမျှ လက်မခံနိုင်သော အဖျက်လုပ်ရပ်များဖြစ်သည်။ အဆိုပါ လုပ်ရပ်များကို မသိကျိုးနွံပြုကာ  အကြမ်းဖက်အဖျက်သမားတို့ကို လက်ခံနေသော  နိုင်ငံအချို့မှာ ၎င်းတို့နိုင်ငံတွင် ဖြစ်လာလျှင်မူ ဝမ်းနည်းကြေကွဲမဆုံး သတင်းထုတ်ပြန်မည်ဖြစ်သော်လည်း မြန်မာ့အရေးတွင်မူ ရေငုံနှုတ်ပိတ်နေလျက်ရှိသည်။

ထို့ကြောင့်  မြန်မာနိုင်ငံရှိ  ပြည်သူလူထုတစ်ရပ်လုံးက   အဆိုပါနိုင်ငံအချို့နှင့် အကြမ်းဖက်သမားတို့ကို ရွံရှာစက်ဆုပ်နေပြီ ဖြစ်သည့်အတွက်  အကြမ်းဖက်သမားတို့ သတင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူတို့ထံ ပေးပို့လျက်ရှိသည်။  NUG နှင့် CRPH တို့၏ညွှန်ကြားမှုဖြင့်   PDF အမည်ခံ အကြမ်းဖက်သမားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ရဟန်းသံဃာတော်များ၊ အစိုးရဝန်ထမ်းများနှင့်တိုင်းရင်းသားပြည်သူ များအား အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ အစိုးရယန္တရားများ ပျက်ပြားစေရန် နိုင်ငံပိုင် အဆောက်အအုံများ၊ အများပြည်သူ သွားလာလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း လုပ်ဆောင်နေသည်မှာ တိုင်းပြည်ပျက်စီးရေး လုပ်ရပ်များသာဖြစ်သည်။

ဒေသတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသော လုပ်ရပ်နှင့် အကြမ်းဖက်မှု လုပ်ရပ်များကို မလိုလားသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လျှို့ဝှက်သတင်း ပေးပို့ချက်အရ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် PDF အမည်ခံအကြမ်းဖက်သမားများ လျှို့ဝှက်သယ်ဆောင်လာသော လက်နက်များနှင့်ဆက်စပ်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်သည် ရှမ်းပြည်နယ်(တောင်ပိုင်း)ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စု အနီးရောက်ရှိနေကြောင်း သိရှိရသဖြင့်  လုံခြုံရေး တပ်ဖွဲ့ဝင်များက  ဒီဇင်ဘာ ၁၇ ရက်တွင် အချိန်မီပိတ်ဆို့ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီခန့်တွင် ပင်လုံမြို့  ဆနင်းကျေးရွာဘက်မှ ရပ်စောက်မြို့နယ် ပင်ဖြစ်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် ဒိုင်နာအမျိုးအစား တစ်ပါ(အပြာရောင်) ခြောက်ဘီးယာဉ်တစ်စီးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့်ရပ်တန့်စေခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေး သွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့သည်။ မော်တော်ယာဉ်မှာ ရပ်တန့်သွားခဲ့ပြီး အကြမ်းဖက်သမားများ ထွက်ပြေးသွားခဲ့သည်။

မော်တော်ယာဉ်ပေါ်တွင် PDF အမည်ခံအကြမ်းဖက်သမားများ လျှို့ဝှက် သယ်ဆောင်လာသော  Type-81 အမျိုးအစား လက်နက် ၄၉၉ လက်၊ ၎င်းကျည်အိမ် ၄၉၈ ခုနှင့် အခြားဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သိရသည်။  NUG ၊ CRPH ပြည်ပအဖျက်သမားတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားတို့၏ လုပ်ရပ်မှန်သမျှမှာ မည်သည့်နိုင်ငံရေးမှ မဟုတ်ဘဲ တိုင်းပြည်ပျက်စီးရေးကို ဦးတည်လုပ်ဆောင်ခြင်းဖြစ်သည့် အတွက် ပြည်သူတစ်ရပ်လုံးက လုံးဝလက်မခံတော့ဘဲ သတင်းပေးနေခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၉ ရက်နေ့ထုတ် သတင်းမီဒီယာများတွင်လည်း ဖမ်းဆီးရမိမှု သတင်းများကို ဖော်ပြထားသည့် သတင်းမှာလည်း ပြည်သူတို့၏ သတင်းပေးပို့မှုပင်ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်၊   ဂန့်ဂေါမြို့နယ်နှင့် မင်းကင်းမြို့နယ်အကြား တောတွင်း ပုန်းအောင်း၍ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ကာ    အပြစ်မဲ့ပြည်သူများနှင့် ဝန်ထမ်းများအားပြန်ပေးဆွဲ၊ ဖမ်းဆီး သတ်ဖြတ်လျက်ရှိသော PDF အမည်ခံအကြမ်းဖက် အဖွဲ့များသည် NUG ၊ CRPH  တို့နှင့်ဆက်သွယ်၍ ပလောင်ဒေသမှ တစ်ဆင့် အကြမ်းဖက်လုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန်   လက်နက်ခဲယမ်းများနှင့် ဖောက်ခွဲ ဖျက်ဆီးရေးပစ္စည်းများ သယ်ဆောင်လာကြောင်း သတင်းအရ ဒီဇင်ဘာ ၇ ရက်နေ့တွင် တပ်မတော်စစ်ကြောင်းများမှ လေကြောင်းချီ စစ်ဆင်လျက် ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူတို့ထံမှ အလောင်းများနှင့်  လက်နက်၊ ခဲယမ်းများ၊ ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖြစ်စဉ်များကို လေ့လာကြည့်ခြင်းဖြင့် နိုင်ငံနှင့်လူမျိုး ပျက်စီးရေးကို လုပ်ဆောင်နေသော  အကြမ်းဖက် အဖျက်သမားတို့မှာ ပြည်သူတို့၏ ဒဏ်ခတ်မှုနှင့်အတူ ကျဆင်းလာနေပြီဖြစ်ပါကြောင်း။   ။