၀န်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဆက်လက်ကျင်းပ

၀န်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဆက်လက်ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် (၃)တို့တွင် ကျင်းပသည်။

ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနပေါင်းစုံ အသက် ၂၅ နှစ်အောက်(အမျိုးသား)ဘောလုံးပြိုင်ပွဲ ပထမအဆင့်အုပ်စု ပတ်လည်ပြိုင်ပွဲ ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ကျင်းပရာ  ကာကွယ်ရေးဝန်ကြီးဌာနအသင်းက ပညာရေးဝန်ကြီးဌာနအသင်းကို ၅ ဂိုး ၂ ဂိုးဖြင့် လည်းကောင်း၊ ညနေ ၃ နာရီတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအသင်းက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို  ၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊  လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းက  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အသင်းကို  ၆ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲများသို့ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမင်းသိန်းဇံနှင့် ဘောလုံးအားကစားဝါသနာရှင်များ   လာရောက်ကြည့်ရှု အားပေးကြကြောင်း သိရသည်။