အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric CUP 2022 အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်
ရန်ကုန် ဒီဇင်ဘာ ၂၀
အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric CUP 2022 အုပ်စုပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားအသင်းတို့ ဒီဇင်ဘာ ၂၁ ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပသောပွဲကြိုသတင်းစာရှင်းလင်းပွဲမှ သိရသည်။
မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ်နီဟေးက ကျွန်တော်တို့ကစားသမားတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို သေချာပြင်ဆင်ထားပါတယ်။ မလေးရှားမှာ အရည်အချင်းရှိတဲ့ အားကစားသမားတွေ အများကြီးရှိပါတယ်။ သူတို့ရဲ့ကစားပုံကောင်းတယ်။ ကိုဗစ်ကြောင့် လိဂ်ကိုအကြာကြီးရပ်နားထားခဲ့ရပြီး ကစားသမားရွေးချယ်မှုအပိုင်းမှာ အခက်အခဲအများကြီး ရှိပါတယ်။
အဖွင့်ပွဲစဉ်အတွက် ရလဒ်ကောင်းအောင်သွားမယ်။ မြန်မာ့လက်ရွေးစင်အသင်းအတွက် အကောင်းဆုံး ကြိုးစားသွားပါမယ်ဟု ပြောကြားသည်။
မြန်မာ့လက်ရွေးစင်အသင်းတွင် ဂိုး-ကျော်ဇင်ဖြိုး(ရှမ်းယူနိုက်တက်)၊ မျိုးမင်းလတ်(ရက်ချာဘူရီ-ထိုင်း)၊ထွန်းနန္ဒဦး(မြဝတီအက်ဖ်စီ)၊ နောက်တန်း- ဒေးဗစ်ထန်း(ရန်ကုန်ယူနိုက်တက်)၊ နန္ဒကျော် (ရှမ်းယူနိုက်တက်)၊ ရဲမင်းသူ(ရှမ်းယူနိုက်တက်)၊ သီဟထက်ကျော်(ရန်ကုန်ယူနိုက်တက်)၊ ဟိန်းဇေယျာလင်း (ရန်ကုန်ယူနိုက်တက်)၊ ဟိန်းဖြိုးဝင်း(ရက်ချာဘူရီ-ထိုင်း)၊ဝင်းမိုးကျော်(ဟံသာဝတီယူနိုက်တက်)၊ အောင်နိုင်ဝင်း (ဧရာဝတီယူနိုက်တက်)၊ အလယ်တန်း-ကျော်ဇင်လွင်(ရှမ်းယူနိုက်တက်)၊ ဝေလင်းအောင် (အား/ကာသိပ္ပံ)၊ ဟိန်းထက်အောင်(ဆီလန်ဂေါ-မလေးရှား)၊ ရန်နိုင်ဦး(ရန်ကုန်ယူနိုက်တက်)၊ လွင်မိုးအောင်(ရာရောင်းအက်ဖ်စီ-ထိုင်း)၊ ကျော်မင်းဦး(ရန်ကုန်ယူနိုက်တက်)၊လင်းထက်စိုး(အား/ကာသိပ္ပံ)၊ ရှေ့တန်း-အောင်ကောင်းမာန် (အူဒုံသာနိ-ထိုင်း)၊ ဝင်းနိုင်ထွန်း (ရန်ကုန်ယူနိုက်တက်)၊ မြတ်ကောင်းခန့် (ရှမ်းယူနိုက်တက်)၊ ရဲရင့်အောင် (ရတနာပုံအက်ဖ်စီ)၊မောင်မောင်လွင်(လန်ဖွန်းဝါရီယာ-ထိုင်း) စုစုပေါင်းကစားသမား၂၃ ဦးရွေးချယ်ထားကြောင်း သိရသည်။
ခင်မောင်တင်