ပို့ဆောင်ဆက်သွယ် ပြည်ကျိုးရွယ် လွယ်ကူအားထား မီးရထား(၂)
၁၈၇၇ ခုနှစ် မေ ၁ ရက်တွင် Irrawaddy State Railway အနေဖြင့် ရန်ကုန်-ပြည် ၁၆၁ မိုင်အား A01 ရေနွေးငွေ့စက်ခေါင်းဖြင့် စတင်ပြေးဆွဲခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရထားလမ်းသစ်ကို စတင်ဖွင့်လှစ်ခဲ့ပြီးနောက် အင်္ဂလိပ်တို့အနေဖြင့် ဒုတိယမြောက် ရထားလမ်းကွန်ရက်ဖြစ်သည့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်း(၁၆၆ မိုင်) ကို ၁၈၈၁ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့သည်။ ထို့နောက် ဗြိတိသျှတို့အနေဖြင့် ရထားလမ်းကွန်ရက်များကို ၎င်းတို့၏ လိုအပ်ချက်အရ ဦးစားပေး အစီအစဉ်အလိုက် ဆက်လက်တိုးချဲ့ဖောက်လုပ်ခဲ့ပြီး ၁၉၄၂ ခုနှစ်တွင် ဗြိတိသျှတို့ ဆုတ်ခွာပြီးနောက် မြန်မာ့မီးရထား ဌာနကို ဂျပန်တို့က ဆက်လက်၍ ဦးစီးဆောင်ရွက်ခဲ့သည်။ ဂျပန်တို့အုပ်ချုပ်စဉ် ဒုတိယကမ္ဘာစစ် ကာလဖြစ်သည့် ၁၉၄၂ ခုနှစ် ဇွန် ၂၄ ရက်တွင် ဂျပန်ဘုရင့်တပ်မတော်က ဖမ်းဆီးထားသော စစ်သုံ့ပန်းများကို သုံး၍ မြန်မာနိုင်ငံ သံဖြူဇရပ်မြို့မှ နယ်စပ်ရှိ ဘုရားသုံးဆူတောင်ကြားလမ်းကို ဖြတ်၍ ၄၁၄ ဒသမ ၉ ကီလိုမီတာ(၂၅၇ မိုင်) ကွာဝေးသော ယိုးဒယားနိုင်ငံ (ယခု ထိုင်းနိုင်ငံ)ဘန်ပေါင်(Ban Pong)ရှိ ဘန်ကောက်-စင်ကာပူ မီးရထားလမ်းသို့ ဆက်သွယ်နိုင်မည့် သံဖြူဇရပ်- ဘုရားသုံးဆူ- ဘန်ပေါင် မီးရထားလမ်းသစ်ကို တစ်နှစ်နှင့်အပြီး ဖောက်လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ၁၉၄၃ ခုနှစ် အောက်တိုဘာ ၂၅ ရက်တွင် ဖောက်လုပ်ပြီးစီးခဲ့ကာ မြန်မာ့မီးရထား သမိုင်းတွင် ချွေးတပ်သားအများဆုံး အသုံးပြုခဲ့ပြီး လူ့အသက်ပေါင်း များစွာကိုစတေး၍ ဖောက်လုပ်ခဲ့ရသဖြင့် ကမ္ဘာကျော် “သေမင်းတမန် ရထားလမ်း”( Death Railway) အဖြစ် အမည်တွင်ခဲ့သည်။ ၎င်းကာလများတွင် မြန်မာ့မီးရထား သံလမ်းမိုင် ၂၈၅၂ မိုင်ရှိသည့်အနက် သံလမ်းမိုင် ၃၀၀ ခန့်ကိုဖြုတ်ယူ၍ ယင်းလမ်း၌ အသုံးပြုခဲ့သဖြင့် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၅၁ ရာခိုင်နှုန်းဆုံးရှုံးခဲ့ရကြောင်း မှတ်တမ်းများအရ သိရှိရသည်။ မြန်မာ့မီးရထားလုပ်ငန်း စတင်သန္ဓေတည်ခဲ့သည့် ၁၈၇၇ ခုနှစ်မှ လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခုနှစ်အထိ ရထားသံလမ်းမိုင် ၂၇၃၉ မိုင်ကို ဖောက်လုပ်ခဲ့ကြသည်။
ထို့နောက် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် ဒုတိယကမ္ဘာစစ်၏ ဒဏ်ချက်များကြောင့် အဘက်ဘက်က ယိုယွင်းပျက်စီးခဲ့ရသော မြန်မာ့မီးရထား လုပ်ငန်းကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ငွေစာရင်းမင်းကြီး (Financial Commissioner, Lands and Rural Development)ကို မြန်မာ့မီးရထား ဘုတ်အဖွဲ့ (Railway Board) ၏ဥက္ကဋ္ဌ (Chairman)အဖြစ် ခန့်အပ်တာဝန် ပေးအပ်ခဲ့သည်။ ထို့နောက် ၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့ အက်ဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့ (Union of Burma Railways) ကိုဖွဲ့စည်း၍ မြန်မာ့မီးရထား လုပ်ငန်းကို စီမံခန့်ခွဲ အုပ်ချုပ်ခဲ့သည်။ ၁၉၇၂ ခုနှစ်တွင် မြန်မာ့မီးရထား ကော်ပိုရေးရှင်း(Burma Railway Corporation)ဟု ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူး တစ်ဦးခန့်အပ်၍ စီမံခန့်ခွဲရေးကော်မတီ ဖွဲ့စည်းကာ မြန်မာ့မီးရထား လုပ်ငန်းကို စီမံလုပ်ကိုင်စေခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာ့မီးရထားဟု ထပ်မံပြင်ဆင်ဖွဲ့စည်းခဲ့ရာ ယခုအချိန်အထိ မြန်မာ့မီးရထား (Myanma Railway) အမည်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ လွတ်လပ်ရေး ရရှိပြီးသည့်နောက် အိမ်စောင့်အစိုးရ လက်ထက်မှစ၍ အစိုးရအဆက်ဆက်မှ မီးရထားလမ်း ကွန်ရက်ကို ဆက်လက်ချဲ့ထွင် ဖောက်လုပ်ခဲ့ရာ ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း မီးရထားသံလမ်းမိုင် ၅၄ မိုင်ကို လည်းကောင်း၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တပ်မတော်အစိုးရ လက်ထက်တွင် ၁၉၃၅ မိုင်ကို လည်းကောင်း တိုးတက်ဖောက်လုပ်ခဲ့ရာ ယခုအချိန်တွင် မြန်မာနိုင်ငံ အနှံ့အပြားရှိ စုစုပေါင်း ရထားသံလမ်းမိုင်မှာ ၄၈၃၃ ဒသမ ၀၈ မိုင်ဖြစ်ပြီး ခရီးမိုင်အနေဖြင့် ၃၈၅၇ ဒသမ ၈၁ မိုင် ဖောက်လုပ်နိုင်ခဲ့ပြီးဖြစ်သည်။ ရထားသုံးတံတား အနေဖြင့် တံတားပေါင်း ၁၂၁၀၃ စင်းရှိပြီး ဘူတာရုံ ၉၆၀ ရုံအထိ တည်ဆောက်ပြီးဖြစ်သည်။ မြန်မာ့မီးရထား လုပ်ငန်းသည် ကမ္ဘာ့ပထမဆုံး မီးရထား ကွန်ရက်ကို ပိုင်ဆိုင်ခဲ့သည့် ဗြိတိန်နိုင်ငံထက် ၅၂ နှစ်၊ အိန္ဒိယနိုင်ငံထက်၂၄ နှစ်နောက်ကျပြီး ရထားလုပ်ငန်းကိုဆောင်ရွက်ခဲ့ရာ ယခုနှစ် (၂၀၂၂ ခုနှစ် မေလ)တွင် ၁၄၅ နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အရှေ့တောင်အာရှရှိ အာဆီယံနိုင်ငံများအနက် မီးရထားဝန်ဆောင်ပြေးဆွဲမှု လုပ်ငန်းတွင် သက်တမ်း အရင့်ဆုံးအဖြစ် ရပ်တည်နေလျက်ရှိသည်။
သက်တမ်း ရင့်ရပ်တည်မှုနှင့်အတူ စတင်သန္ဓေတည်ခဲ့သည့် အချိန်ကာလများ၌ပင် ဒုတိယကမ္ဘာစစ်၏ စစ်ဘေးစစ်ဒဏ်များကို ခံခဲ့ရပြီး လွတ်လပ်ရေးရပြီးသည့် နောက်တွင်လည်း ပြည်တွင်းသောင်းကျန်းသူများ၏ ရန်သူသဖွယ် ထိုးနှက်ချက်များကြောင့် မြန်မာ့မီးရထား လုပ်ငန်းမှာ ရှင်သန်ရုံသာ ရပ်တည်ခဲ့ရသဖြင့် ဝန်ဆောင်မှုအပိုင်းတွင်လည်း မလွှဲမရှောင်သာ နိမ့်ကျလာခဲ့ရသည်။ ထို့ပြင် ၂၀၁၁ ခုနှစ်မှစ၍ မော်တော်ယာဉ် တင်သွင်းမှုစနစ်အရ မော်တော်ကား အသုံးပြုသူ များပြားလာခဲ့ပြီး သာမန်ခရီးသွား ပြည်သူများ အတွက်လည်း Aircon Express ကဲ့သို့ ဝန်ဆောင်မှု ကောင်းမွန်သည့် ခရီးသည်တင် ယာဉ်လိုင်းများ ပြေးဆွဲလာနိုင်ခဲ့သဖြင့် လျော့နည်းလာခဲ့ခြင်းလည်းဖြစ်သည်။ ဝင်ငွေရရှိမှု မည်မျှပင် လျော့နည်းလာစေကာမူ မီးရထား ဝန်ဆောင်ပြေးဆွဲမှု လုပ်ငန်းသည် ပြည်သူ့အကျိုးစီးပွားကို များစွာဖော်ဆောင်နိုင်သည့် သယ်ယူပို့ဆောင်စနစ်တစ်ခု ဖြစ်ခြင်းကြောင့် အစိုးရအဆက်ဆက်မှ မီးရထားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ပို့ဆောင်ရေး ကဏ္ဍတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအတွင်း များစွာနောက်ကျ ကျန်ရစ်လျက်ရှိပြီး အာရှဖွံ့ဖြိုးရေးဘဏ် ((Asia Development Bank)၏ သုံးသပ်ချက်အရ ရထားလမ်း အားလုံး(နီးပါး)နှင့် အဝေးပြေးလမ်း ၆၀ ရာခိုင်နှုန်းသည် အလျင်အမြန်ပြုပြင်ရန် လိုအပ်လျက် ရှိပြီး သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အဦများ ဖွံ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၄၀ - ၅၀ ဘီလီယံ သုံးစွဲမည်ဆိုပါက ၂၀၃၀ ပြည့်နှစ်တွင် သယ်ယူပို့ဆောင်စရိတ် ၃၀ ရာခိုင်နှုန်း ချွေတာနိုင်ခြင်း၊ နိုင်ငံ့ GDP ၏ ၁၃ ရာခိုင်နှုန်းကို ချွေတာစုဆောင်းနိုင်ခြင်း၊ ကျေးလက်နေပြည်သူ ၁၀ သန်းအတွက် လမ်းဖောက်ပေးနိုင်ခြင်းနှင့် ပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သုံးသပ်ထားသည်။
မြန်မာ့မီးရထားလုပ်ငန်းအနေဖြင့် ယခုလက်ရှိအချိန်တွင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးဆောင်သည့် စီမံခန့်ခွဲရေး အဖွဲ့ဝင် အထွေထွေမန်နေဂျာ ၁၃ ဦးတို့ဖြင့် လုပ်ငန်းကိစ္စများကို စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် မီးရထား ဝန်ဆောင်ပြေးဆွဲနိုင်ရန် အတွက် တိုင်း ၁၁ တိုင်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး အရာထမ်း ၃၀၀ ကျော် အပါအဝင် ဝန်ထမ်း ၁၄၀၀၀ ကျော်ဖြင့် ဝန်ဆောင်မှု လုပ်ငန်းများကို နေ့စဉ်မပြတ် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အဘက်ဘက်မှ နိမ့်ကျလာခဲ့သည့်ဝန်ဆောင်မှု လုပ်ငန်းများကို ပြန်လည်တိုးတက်စေရန် အတွက် အောက်ပါရည်မှန်းချက် ၁၁ ချက်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်-
၁။ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်သူများစိတ်ချမ်းမြေ့အဆင်ပြေစေရေး၊
၂။ မတော်တဆမှုများ လျော့နည်းပပျောက်ရေး၊
၃။ ရထားများ အချိန်မှန်ကန်စေရေး၊
၄။ ရထားလမ်းများ ပိုမိုတောင့်တင်းခိုင်မာရေး၊
၅။ ဝင်ငွေတိုးရေးနှင့် သုံးငွေလျော့နည်းရေး၊
၆။ လက်ဝယ်ရှိ လူ၊ ပစ္စည်း၊ စနစ်များကိုအထိရောက်ဆုံးဖြစ်စေရန် ကြိုးပမ်းရေး၊
၇။ စက်ရုံ၊ အလုပ်ရုံများ စွမ်းအားပြည့် လည်ပတ်ရေး၊
၈။ စက်ခေါင်းတွဲ ချို့ယွင်းမှုလျော့နည်းရေး၊
၉။ စက်ကိရိယာများနှင့် အရန်ပစ္စည်းများ တီထွင်၊ ထုတ်လုပ်၊ တိုးတက်အောင် ဆောင်ရွက်ရေး၊
၁၀။ ဝန်ထမ်းအခွင့်အရေးနှင့်သက်သာချောင်ချိရေးကိစ္စများ မျက်ခြည်မပြတ်ရေး၊
၁၁။ မသမာမှုများ ကင်းရှင်းပပျောက်ရေး။
ဖော်ပြပါရည်မှန်းချက် ၁၁ ရပ်မှာ အများပြည်သူဆိုင်ရာ ခရီးသွားဝန်ဆောင်မှု ကဏ္ဍများဖြစ်သည့် အတွက် ၎င်းရည်မှန်းချက်များကို ဦးစားပေး အကောင်အထည်ဖော်နိုင်မှသာလျှင် အများပြည်သူ၏ ယုံကြည်အားထားမှု ရရှိမည့် ဝန်ဆောင်မှု တစ်ခုအဖြစ် ရပ်တည်လာနိုင်မည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတွင် အခြေခံ လူတန်းစား အများစုအားထားရာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး (Public Transportation))စနစ်ဖြစ်သည့် မြန်မာ့မီးရထား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးကို အလေးအနက်ထား၍ လမ်းညွှန်မှာကြားလျက်ရှိရာ ရေတိုကုစားခြင်း နည်းလမ်းများဖြင့် အမြန် တိုးတက် ကောင်းမွန်လာစေရေး ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ နောင်နှစ် အနည်းငယ်အတွင်း နိုင်ငံတွင် တိုးပွားလာမည့် လူဦးရေ၊ ဖွံ့ဖြိုးလာမည့် နည်းပညာရပ်များကိုပါ ကြိုတင်တွက်ချက်၍ အနာဂတ်ကာလများ အတွက်ပါ လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။ ။
အောင်ကျော်သက်(ရွှေတာမြေ)