နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မြန်မာ့မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မြန်မာ့မီးရထားစက်ခေါင်းစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများအား တွေ့ဆုံအမှာစကားပြောကြား

 နေပြည်တော် ဒီဇင်ဘာ - ၂၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စု ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မ တော် အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာ့မီးရထားမှ အရာရှိကြီးများနှင့် စက်ခေါင်းစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများ တက်ရောက်ကြသည်။

        ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် အခြေအနေများအရ နိုင်ငံတော်၏တာဝန်များကို ထမ်းဆောင်နေရသည့် အချိန်တွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အတွက် စီးပွားရေးကို အထောက်အကူပြုနိုင်သည့် လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ လည်ပတ်နိုင်ရေး လိုက်လံကြည့်ရှုစစ်ဆေးပြီး တွေ့ဆုံဆွေးနွေးမှုများနှင့် အကြံပေးခြင်း များ ဆောင်ရွက် ခဲ့ကြောင်း။

       

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကလိုအပ်ချက်သည် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေး မောင်းနှင်အားနှင့် ကာကွယ်ရေးစွမ်းပကားများ ကောင်းမွန်ရန်လိုအပ်ကြောင်း၊ နိုင်ငံ ရေး မောင်းနှင်အားတွင် မည်သည့်နိုင်ငံရေးစနစ်ကိုကျင့်သုံးသည်ဖြစ်စေ နိုင်ငံအတွင်းရှိ နိုင်ငံရေးအရ စည်းလုံးညီညွတ်မှုများရှိမည်ဆိုပါက နိုင်ငံတိုးတက်မည်ဖြစ်ကြောင်း၊ စီးပွားရေး မောင်းနှင်အား ကောင်းမွန်မှသာလျင်လည်း ချမ်းသာကြွယ်ဝမှုရှိမည်ဖြစ် ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေးမောင်းနှင်အားကောင်းမွန်သည့် နိုင်ငံများ သည် ဩဇာရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ကာကွယ်ရေးစွမ်းပကား ထက်မြက် သည့် နိုင်ငံများသည်လည်းကမ္ဘာတွင် ဩဇာရှိသည့်နိုင်ငံများဖြစ်ကြကြောင်း၊ နိုင်ငံ တစ် နိုင်ငံအနေဖြင့် မိမိတို့၏ အချုပ်အခြာအာဏာကို လွတ်လပ်စွာဆောင်ရွက်နိုင်ခွင့်ရှိ ကြောင်း။

        မိမိတို့နိုင်ငံသည် စီးပွားရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မည့် ကောင်းမွန်သည့် ရေမြေသဘာဝများရှိပြီးဖြစ်ကြောင်း၊ သို့သော်လည်း လွတ်လပ်ရေး ရရှိပြီးချိန်မှစ၍ ခေတ်အဆက်ဆက်တွင် နိုင်ငံရေးစနစ်အမျိုးမျိုးကို ပြောင်းလဲကျင့်သုံး ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင် မှုမရှိခဲ့ကြောင်း၊ ခေတ်အဆက်ဆက်တွင် စီးပွားရေးအရ ပိတ်ဆို့ခံရမှုများကြောင့် ကုန်သွယ်မှု လိုငွေများဖြစ်ပေါ်ခဲ့ခြင်း၊ ကုန်သွယ်မှုကျဆင်းခြင်းတို့ကြောင့် စီးပွားရေး ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် နိုင်ငံရေးမတည်ငြိမ်မှုများ၊ ဆူပူအုံကြွမှု များ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် တပ်မတော်က နိုင်ငံတော်၏တာဝန်များကို တာဝန် ယူဆောင်ရွက်ခဲ့ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြည်လုံးကျွတ် ဆန္ဒ ခံယူ၍ အတည်ပြုပြဋ္ဌာန်းပြီး ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း။

        ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် တိုင်းရင်းသားများ အားလုံးကို တူညီ သည့် အခွင့်အရေးများပေးထားပြီးဖြစ်ပြီး ဖက်ဒရယ်အခွင့်အရေးများကို ပေးထားခြင်း ပင်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် များနှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လိုလားချက်များမှ အခြေခံဥပဒေအရ ဆောင်ရွက်နိုင်သည့်ကိစ္စရပ်များကို တပ်မတော်အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အချို့သောကိစ္စရပ်များကို လွှတ်တော်တွင်မဲခွဲ ဆုံးဖြတ်၍ အတည်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့်တွေ့ဆုံချိန်များတွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်လိုသည့် ကိစ္စရပ်များအနက် ဖြစ်နိုင်သည့် ကိစ္စရပ်များကို ပြင်ဆင်နိုင်ရေး တပ်မတော်မှ သဘောတူညီသည်ကို ဆွေးနွေးပြောကြားပြီးဖြစ် ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကလိုအပ်ချက်သည် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်ရန် ဖြစ်သည့်အတွက် ယခု ကဲ့သို့ နိုင်ငံ၏ဖြတ်သန်းခဲ့ရသည့် နိုင်ငံရေးသမိုင်းကြောင်းကို ရှင်းလင်းပြောကြား ရခြင်းဖြစ်ကြောင်း။

နိုင်ငံ၏ စီးပွားရေး မောင်းနှင်အားတွင် ရထားပို့ဆောင်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေ

        ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် နိုင်ငံအလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ် ကြိုးပမ်းဆောင်ရွက်နေကြကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ရပ်နေ၍ မရဘဲ ကြိုးစားအားထုတ်နေမှသာလျင် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ နိုင်ငံ့ စီးပွားရေး ကောင်းမွန်မှသာလျင် တိုင်းသူပြည်သားများ ဝင်ငွေကောင်းမွန်မည်ဖြစ်ပြီး နိုင်ငံသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်ပါက နိုင်ငံရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားတို့သည် လည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း။

        စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရာတွင် လူသားအရင်းအမြစ် ကြွယ်ဝရန်၊ ရင်းနှီးမြှုပ်နှံငွေများရှိရန်၊ မြေပေါ်မြေအောက်သယံဇာတများရှိရန်၊ လျှပ်စစ်ဓာတ်အား ရရှိရန်နှင့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးစနစ်များ ကောင်းမွန်မှုရှိရန်တို့ လိုအပ်ကြောင်း၊ နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်ပါက ကုန်စည်စီးဆင်းမှုများသည်လည်း မြန်ဆန်လျှင်မြန်လာမည်ဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးစနစ်တွင် ကုန်လမ်း၊ ရေလမ်းနှင့် လေကြောင်း ပို့ဆောင်ရေးတို့ ရှိပြီး ရထားဖြင့် ပို့ဆောင်ခြင်းသည် ကုန်ကျစရိတ်သက်သာစွာဖြင့် ကုန်ပစ္စည်းများကို ပို့ဆောင်နိုင်သဖြင့် အကျိုးအရှိဆုံး ပို့ဆောင်ရေးစနစ်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ စီးပွားရေး မောင်းနှင်အားတွင် ရထားပို့ဆောင်ရေးသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ရထားပို့ဆောင်ရေး စနစ်ကို ယခုထက် ပိုမိုလျှင်မြန်စွာ သွားလာနိုင်သည့်အဆင့်ထိရောက်ရှိအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်း ခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရန်လည်း လိုကြောင်း၊ အလားတူ ရထားတွဲ များ၊ စက်ခေါင်းတွဲများ၊ လူစီးတွဲ၊ ကုန်တင်တွဲများကိုလည်း အမြဲကောင်းမွန်စေရေး ထိန်းသိမ်းဆောင်ရွက်နေရန်လိုကြောင်း။

        မြန်မာ့မီးရထားသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် မီးရထားဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုသည် အရေးပါသည်ကိုလည်း သတိပြုစေလိုကြောင်း၊ ကုန်စည်စီးဆင်းမှုများ လျှင်မြန်စေ ရေး၊ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် သွားလာနိုင်ရေးအတွက် ရထားလမ်း ကွန်ရက်များ အားလုံး ရထားပြေးဆွဲနိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်ခေါင်းစက်ရုံ(အင်းစိန်)၏ တာဝန်အနေဖြင့် ရထားတစ်စင်းလုံး၏ အဓိကဖြစ်သည့် စက်ခေါင်းတွဲများကို ထုတ်လုပ်တပ်ဆင်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများကို ဆောင်ရွက် ခြင်းပင်ဖြစ်ကြောင်း၊ ဒီဇယ်လျှပ်စစ်စက်ခေါင်းများကို အဓိက ထားထုတ်လုပ်တပ်ဆင် သည်ကို တွေ့ရှိရပြီး စက်ခေါင်းတွဲများ ကြံ့ခိုင်ကောင်းမွန်မှသာ မြန်မာ့မီးရထားကဏ္ဍ သည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအသီး သီး၌ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုများကို ကြုံတွေ့နေကြရကြောင်း၊ စက်သုံးဆီတင် သွင်းနေရမှုများကို လျှော့ချနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် လျှပ်စစ်စွမ်းအင်သုံး ပို့ဆောင်ရေးယာဉ်များကို ပြောင်းလဲအသုံးပြုနိုင်ရေး ဆောင်ရွက် နိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၌ လျှပ်စစ်ရထားပြေးဆွဲနိုင်မည့် အခွင့်အလမ်းများ များစွာ ရှိပြီးဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတွင်း၌ရှိသည့် သယံဇာတရင်းမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မည့် အခြေအနေများသည် အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှု မရှိခဲ့ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ၏ ရှိရင်းစွဲ သယံ ဇာတ အရင်းအမြစ်များကို အကျိုးရှိရှိအသုံးချနိုင်ရမည်ဖြစ်သဖြင့် နိုင်ငံရေးအရ အားပြိုင်မှုများ၊ သွေးထိုးလှုံဆော်မှုများကြောင့် နိုင်ငံ့အတွက် အကျိုးရှိမည့် စီမံကိန်း များဆောင်ရွက်နေမှုကို ကန့်ကွက်နေမှုများအား စဉ်းစားဆောင်ရွက်ကြစေလို ကြောင်း။

        အမှားအမှန်ခွဲခြားနိုင်ရေးအတွက် မိမိတို့နိုင်ငံ၌ ပညာတတ်လူသားအရင်းအမြစ် များ များစွာ ပေါ်ထွက်လာရန်လိုကြောင်း၊ လက်ရှိအချိန်၌ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်သုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားသုံး ရထားစက်ခေါင်းတွဲများ အသုံးပြုနိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ကို ဆောင်ရွက်ထားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ဘဏ္ဍာငွေများ ရရှိရေး စီးပွားရေးကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို အားပေးဆောင်ရွက် လျက်ရှိကြောင်း။

        စက်ခေါင်းစက်ရုံ(အင်းစိန်)သည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော်ခန့် ကတည်း က တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မီးရထားစက်ခေါင်းစက်ရုံအနေဖြင့် ရှေးကတည်း ကပင် မီးရထားစက်ခေါင်းများ ထုတ်လုပ်နိုင် ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ရထားများကို စတင်အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၁၅၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် အတွေ့အကြုံ များစွာရှိပြီးဖြစ်ကြောင်း၊ အဆိုပါ အတွေ့အကြုံများကို အသုံးချ၍ နိုင်ငံအတွင်း မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထိုမှတစ်ဆင့် လျှပ်စစ် ဓာတ်အား အသုံးပြုသည့် မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မိမိတို့၏ ရှိပြီးဖြစ်သည့် အစွမ်းအစများကို အသုံးပြု၍ မီးရထား စက်ခေါင်း နည်းပညာများကို ယခုထက် တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အသိပညာများနှင့် အတတ်ပညာများတိုးတက်စေရေးအတွက် အမြဲမပြတ် ရှာဖွေ လေ့လာဖတ်ရှုခြင်းများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ လုပ်ငန်းခွင်အတွင်း အတွေ့အကြုံများ ဖလှယ်ခြင်းများကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း။

        အလားတူ ကျန်းမာရေးကောင်းမွန်ရေးအတွက်လည်း ဂရုတစိုက်ဖြင့်နေထိုင်ကြ ရန်လိုကြောင်း၊ ကျန်းမာမှသာ အလုပ်လုပ်နိုင်မည်၊ ကျန်းမာမှသာ ပညာသင်ကြားနိုင် မည်ဖြစ်ကြောင်း၊ ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် အရက်၊ ဆေးလိပ်၊ ကွမ်းများ သောက်သုံးခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ကြစေလိုပြီး အကျိုးမရှိစေမည့် အသောက်အစားများကြောင့် ကုန်ကျမည့် ငွေကြေးများကို အကျိုးရှိရှိ အသုံးချရန်လို ကြောင်း၊ အလားတူ ရာသီဥတုနှင့် ကိုက်ညီသည့် နေထိုင်စားသောက်မှုများလည်း ရှိရန် လိုကြောင်း၊ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ မိမိတို့ ထမ်းဆောင်ရသည့် တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ပြီး မိမိတို့ ဘဝ တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားပြီး မြန်မာ့မီးရထား၊ စက်ခေါင်း စက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများ၏ လိုအပ်ချက်များကို မေးမြန်းသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများပေးအပ်ရာ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး သူရဦးအောင်မျိုးမြင့် က လက်ခံရယူသည်။ တွေ့ဆုံပွဲအပြီး တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် တက်ရောက်လာကြသည့် မီးရထားဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မီးရထားစက်ခေါင်းစက်ရုံအတွင်း မီးရထားစက်ခေါင်းများထုတ်လုပ် တပ်ဆင်နေမှု၊ ပြုပြင်ထိန်းသိမ်းနေမှု၊ မီးရထားစက်ခေါင်း အရံပစ္စည်းများ ထုတ်လုပ် ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေနွေးငွေ့စက်ခေါင်းအား ကျောက်မီးသွေးသုံးစက်ခေါင်းအဖြစ် ပြုပြင် ထားရှိသည့် မီးရထားစက်ခေါင်းစမ်းသပ်မောင်းနှင်နေမှုအား ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာ့မီးရထား၊ စက်ခေါင်း စက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။