ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

ကိုယ်နှင့်သက်ကို နှင်းဆက်အပ်မည်

အမှတ်စဉ်(၁၀၃)

 

ဆင်းဆေ့(ဆရာ) တပည့် ရဲမောင်တို့၊ ခင်ဇော်တို့    အကြောင်းပြောပြပါအုံး (ကိုမြသောင်းအသံ) ရဲမောင်က ပထမအပတ် ကျောင်းဆင်းပဲ၊ ဒုတိယဗိုလ်တောင်ဖြစ်နေပြီ၊ ဒုတိယအပတ်မှာ သူ့ကို ကျောင်းသားခေါင်းဆောင်အနေနဲ့ ဗိုလ်လောင်းတံဆိပ်တပ်ပြီး ထည့် ပေးလိုက်တာပဲ၊ သူမလိုက်ချင်ဘူး၊ ဒါပေမဲ့အမိန့်နဲ့ တာဝန်ကို လေးစားသောအားဖြင့်မငြင်းပယ်ဘဲ လိုက်သွားခဲ့တယ်ခင်ဇော်ကတော့ မြန်မာပြည်ရောက်ပြီးချူရုဘုတိုက်နဲ့အတူ ဗန်းမော်၊ မြစ်ကြီးနား၊ လားရှိုးဘက် စစ်ဆင်ရေးလုပ်စဉ်က ငါတို့တပ်ရင်းမှာ စကားပြန်အဖြစ်နဲ့ပါခဲ့တာပဲ၊ ဂျပန်နာမည် ဆန်းကာရောလို့ခေါ်တယ်၊

အသက်ကတော့ ၁၆ နှစ်လောက်ပဲရှိဦးမယ်၊ ငါ ရန်ကုန်ရောက်တော့ ဗိုလ်မှူးကြီးကာဝါရှိမားကိုပြောပြီး မောင်ခင်ဇော်ကိုခန်းဘုဂေါဟောဆေ့တိုက် (ဗိုလ်သင်တန်း)မှာ သွင်းပေးခဲ့တယ်၊ တပ်ခွဲ(၁) တပ်ခွဲမှူးခီးဘေချူးအိဆီမှာ  သူ့ကိုအပ်ခဲ့တယ်၊ သူလည်း နိပွန်ရှိခန်းဂကောမှာ ပညာသင်ဖို့ အရွေးခံရတယ်။ အသက်ငယ်ငယ်မို့ သွက်သွက်လက်လက် ထက်ထက်မြက်မြက်လုပ်တတ်တယ်၊ လူပုသလောက် စိတ်တိုတယ်ဆင်းဆေ့(ဆရာ့)အကြောင်းလည်း ပြောပြဖို့ မေတ္တာရပ်ခံပါတယ်(ကိုမြသောင်းအသံ)ငါက မင်းတို့လို အဆင့်မြင့်တဲ့ ဘုရင့်စစ်တက္ကသိုလ်ကို မတက်ခဲ့ရဘူး၊ ငါ အသက်၂၅ နှစ်မှာ နိပွန်ယူနီဗာစီတီက အောင်မြင်ခဲ့ပြီး နိပွန်တပ်မတော်ကိုဝင်ခဲ့တယ်။ ခန်းဘုဂေါဟောဆေ့တိုက် (ဗိုလ်သင်တန်း)တက်ပြီး အရာရှိဖြစ်တာနဲ့ မြန်မာပြည် စစ်မျက်နှာကိုရောက်ခဲ့တယ်။ ငါ မြန်မာပြည်နဲ့ မြန်မာလူမျိုးတွေအပေါ် အများကြီးစေတနာထားပြီးလုပ်ခဲ့ပါတယ်။  ကောင်းစေလိုတဲ့စေတနာနဲ့ နောက်ဆုံးအချိန်ထိ ကြိုးစားခဲ့တာကို အဲဒီတုန်းက ဗမာ့တပ်မတော်အရာရှိကြီးတွေသိကြပါတယ်။  ငါ အခု အသက် ၆၈ နှစ်ကျော်ခဲ့ပြီ။ ကျန်းမာ ပါတယ်။ ပစ္စည်းမချမ်းသာပေမယ့် ကိုယ့် အိမ်ကိုယ့်ရာနဲ့ နေနိုင်ပါတယ်။ အိမ်ငယ် ပေမယ့် မင်းတို့လာရင် ဧည့်ခံနိုင်ပါတယ်။

လူ့ဘဝမှာ ကောင်းတာရှိသလို မကောင်း တာတွေလည်း တွေ့ကြုံရမှာပါပဲ။ ဒါပေမဲ့ငါတို့၊ မင်းတို့ရဲ့ ဘဝလမ်းတစ်လျှောက်မှာ တော့ သာယာဖြောင့်ဖြူးမှုနည်းခဲ့ကြတယ်။

မင်းတို့အတွက်ပြောရရင် မင်းတို့ မြန်မာ လူငယ်ကလေးတွေဟာ ငယ်ရွယ်စဉ်အချိန်မှာ ပညာကို ဆုံးခန်းတိုင်မသင်ကြားရဘဲ တိုင်းပြည်အတွက် တပ်မတော်ထဲကို ခြေစုံပစ်ဝင်ခဲ့ကြတယ်။ ဒုတိယကမ္ဘာစစ်ကြီးရဲ့ ကြမ်းတမ်းလှတဲ့ အတွေ့အကြုံတွေ ကြုံခဲ့ရတယ်။ ငယ်ရွယ်သူတို့သဘာ၀ ပျော်ရ ပါးရမယ့်အချိန်မှာ ကိုယ့်ဘဝကို အလုပ်ထဲမှာမြှုပ်နှံခဲ့ကြတယ်။ တိုင်းပြည်လွတ်လပ်ရေး ရအောင်နဲ့ လွတ်လပ်ရေးမဆုံးရှုံးရအောင် အခုထက်ထိ မင်းတို့မှာ တာဝန်တွေရှိနေကြသေးတယ်။ ငယ်ရွယ်တုန်းက တိုင်းပြည်အတွက် အသက်ပေးဖို့ကို ဝန်မလေးကြဘူးဆိုတာ ငါသိပါတယ်။    ဒီစိတ်ဓာတ်ကို သေသည်အထိ ရှိသွားကြဖို့ ငါတိုက်တွန်းလိုတယ်။ မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ နဲ့ အင်တိုက်အားတိုက်လုပ်၊ တောင့်ထား၊(ရှိကရိဇာ ရေဂန်ပတ်တေး ကူဒါဆိုက်) ကျေးဇူးတင်ပါတယ်။ ဟတဆိုတဲ့ လူသား တစ်ယောက်ကို   သတိတရလာရောက် တွေ့ဆုံနှုတ်ဆက်တဲ့အတွက် အများကြီးဝမ်းသာတယ်။ မြသောင်းစန်ကို ကျေးဇူးတင်တယ်ဆရာဟတ ကျွန်တော်တို့ကိုပြောချင် တာ ဒါပဲဖြစ်ပါသည်။

ဆရာ့အသံနားထောင်ရင်း ဆရာ့ရုပ်သွင်ကို ကျွန်တော့်မျက်စိထဲတွင် မြင်နေသည်။

ဆရာသည် စစ်ဝတ်စုံကို အမြဲသပ်သပ် ရပ်ရပ် ဝတ်ဆင်ထားတတ်သည်။ လမ်း လျှောက်လျှင် ခပ်တောင့်တောင့် မြန်မြန်လျှောက်တတ်သည်။ စစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ရာတွင် ကျွန်တော်တို့ကို နည်း နည်းမှ မညှာတာပါ။   မှားလျှင် မိုးအိကိုက်ဟု ထပ်ကာတလဲလဲ လုပ်ခိုင်းသည်။

ကျွန်တော်တို့၏ နေ့စဉ်သွားလာလှုပ်ရှားမှုများကို မျက်ခြည်မပြတ်ကြည့်ရှုနေတတ်ပြီးချို့ယွင်းချက်တွေ့လျှင် ပြင်းပြင်းထန်ထန်ဆုံးမတတ်သည်။ စစ်စည်းကမ်းကို နည်းနည်းမှ အလျှော့မပေး။ မလုပ်ရဟု စည်း ကမ်းသတ်မှတ်ထားလျှင် လုံးဝမလုပ်ရဲအောင် လေ့ကျင့်ပေးထားသဖြင့် ကျွန်တော်တို့တွင် မလုပ်သင့်၊ မလုပ်ထိုက်ဟု သိလျှင်ထိန်းသိမ်းတတ်မှု အရိုးစွဲအောင် အကျင့်ပါနေပါပြီ။ စာသင်ခန်းများတွင် စစ်ပညာကို ပညာကုန်သင်ပေးသည်။ သို့သော်အရေးကြီးသော သင်ခန်းစာလျှို့ဝှက်ချက်များကို သင်ကြားခါနီးတွင် ဟင်းမစ်စု၊ ခခုန၊ အင်ပိစုအိုကေး(လျှို့ဝှက်ချက်၊ မရေးနဲ့၊ ခဲတံချထား) ဟု ပြောလေ့ရှိသည်။

ခိုတိုက်ချိုဝါနီဟွန်း နိုယူနီဗာစီတီခရဟုသူ နိပွန်တက္ကသိုလ်က အောင်ခဲ့တယ်ဟုမကြာခဏကြွားလေ့ရှိသည်။ မင်္ဂလာဒုံ ဗိုလ်သင်တန်းတွင် ကျွန်တော်တို့ ပါးရိုက်မခံရသောနေ့ဟူ၍ မရှိခဲ့ပါ။ ဂျပန်ဆရာများသည် ကောင်းစေလိုသောစေတနာ နှင့် ဆုံးမခြင်းထက် အနိုင်ကျင့်သည်က ပိုများပါသည်။ စက်သေနတ်ကြီးတပ်စုမှ ဆရာ့တပည့်တပ်ကြပ်ကြီးများဖြစ်ကြသော တေရအူချီဂွန်းဆော်၊ အိုနုမာဂွန်းဆော်နှင့် ကျွန်တော်တို့ အာဠာဝကဟု အမည်ပေး ထားသော မအေးဒဂွန်းဆော်တို့သည် လက်သံအပြောင်ဆုံးဖြစ်ပါသည်။ သို့သော်ကျွန်တော် ဆရာဟတ၏ ပါးရိုက်ခြင်းကို တစ်ခါမှ မခံရဖူးပါ။ သူ့လက်သုံးတော် ဓားဖြင့် ခေါင်းခေါက်ခြင်းကိုတော့ မကြာခဏခံရပါသည်။

ဆရာ နောက်ဆုံးပြောသွားသည့် စကားများကို အဓိပ္ပာယ်ကောက်ရလျှင် ဘဝဟူသည် ရယူခြင်းမဟုတ်၊ ပေးဆပ်နေရခြင်းဖြစ်သည် ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုလိုပါသည်။ သူသည်    နိုင်ငံတော်အတွက် အရာရာကို စွန့်လွှတ်ထားသူဖြစ်သည်။ သူသည် သူ့အကျိုးခံစားရမှု၊ ရယူလိုမှု အတွက် ဘဝကို ရုန်းကန်လှုပ်ရှားခဲ့ခြင်း မဟုတ်။ သို့သော် သူ၏ဆောင်ရွက်ချက် များကို နိုင်ငံတော်က လျစ်လျူရှုမထား၊သူနေနိုင်စားနိုင်အောင် ကြည့်ရှုထားသည်။

သူ့တပည့်များကိုလည်း သူ့လိုစိတ်မျိုးထားရန် တိုက်တွန်းထားသည်။

ဆက်လက်ဖော်ပြပါမည်။