၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် အကောင်းဆုံး အမျိုးသား၊ အမျိုးသမီး အားကစားသမား ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၂၁
အားကစားသည် နိုင်ငံတစ်နိုင်ငံ၏ ဂုဏ်သိက္ခာ၊ တစ်မျိုးသားလုံး၏ ကျန်းမာ ကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ခိုင်မာမှုများကို ပြသခြင်းဖြစ်ပြီး ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများစွာ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအားကစား မီဒီယာများ အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် အကောင်းဆုံး အမျိုးသား၊ အမျိုးသမီး အားကစားသမားဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းရှိ Multipurpose Hall ၌ ကျင်းပ သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက (၃၁)ကြိမ်မြောက် အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ၊ အခြားနိုင်ငံ တကာအားကစားပြိုင်ပွဲများနှင့် (၁၁)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များကို ဆွတ်ခူး ပေးခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစား သမားများနှင့် အားကစားနည်းအလိုက် အုပ်ချုပ်သူ၊ နည်းပြများကို နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် မေလတွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များကို ရရှိအောင် စွမ်း ဆောင်ပေးနိုင်မည့် အားကစားသမားများကိုလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း။
၁၉၉၄ ခုနှစ်မှစ၍ တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုများ ပေးအပ်ခဲ့သည်ကို တွေ့ရှိရပြီး ၁၉၉၅ ခုနှစ်နောက်ပိုင်းတွင် ရပ်တန့်သွားခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မြန်မာနိုင်ငံအားကစား ကလောင်ရှင်များအဖွဲ့ချုပ်က ပြန်လည်ပေးအပ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုများကို မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်က ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာ့အားကစားလောက ပိုမိုအောင်မြင်တိုးတက် စေရေးအတွက် မီဒီယာပိုင်းအနေဖြင့် ဆက်လက်ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းက ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် အကောင်း ဆုံးအားကစားသမားဆုများကို ရွေးချယ်ခဲ့မှု၊ မြန်မာနိုင်ငံ အားကစားမီဒီယာများ အဖွဲ့ချုပ်၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ၂၀၁၉ခုနှစ်နှင့် ၂၀၂၁ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အကောင်းဆုံးအားကစား သမားဆုရရှိခဲ့သူများ၏ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့မှုနှင့် အောင်မြင်မှုဆုတံဆိပ်ရရှိအောင် စွမ်းဆောင်ခဲ့မှု ပုံရိပ်မှတ်တမ်း Video Clips များကို ပြသသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် အကောင်းဆုံး အားကစား သမားဆု ရရှိခဲ့ကြသည့် ဘိလိယက်နှင့်စနူကာအားကစားနည်းမှ မောင်မောင်ခေါ် ဘုန်းမြင့်ကျော်နှင့် ဦးပေါက်စ၊ အားနစ်အားကစားနည်းမှ မအိန္ဒြေဖူးနှင့် ဗိုဗီနမ်အားကစားနည်းမှ မခိုင်ဝါဖူးနှင့် မမေဟန်နီအောင်လွင်တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၂၀ စီကိုပေးအပ် ချီးမြှင့်ပြီး ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် ဆုတံဆိပ်များရရှိအောင် အကောင်းဆုံး စွမ်းဆောင်ပေးခဲ့သော မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိ သူများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့အတွက် ဆုတံဆိပ်များရရှိအောင် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့သော အုပ်ချုပ်သူနှင့် နည်းပြများကို လည်းကောင်း ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဆုရရှိသူများကိုယ်စား မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမင်းနိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆုရအားကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ မြန်မာနိုင်ငံဘိလိယက်၊ စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသိုင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။