AFF Mitsubishi Electric Cup တွင် မြန်မာအသင်း မလေးရှားကိုရှုံးနိမ့်
နေပြည်တော် ဒီဇင်ဘာ ၂၁
၂၀၂၂အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ပြိုင်ပွဲအုပ်စု(ခ)ပွဲစဉ်ဖြစ်သည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားလက်ရွေးစင်အသင်းတို့ ပွဲစဉ်ကိုယနေ့ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မလေးရှားအသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ဂိုး- ကျော်ဇင်ဖြိုး၊ နောက်တန်း- နန္ဒကျော်၊ ရဲမင်းသူ၊ ကျော်ဇင်လွင်၊ သီဟထက်အောင်၊ အလယ်တန်း-ကျော်မင်းဦး၊ ရန်နိုင်ဦး၊ လွင်မိုးအောင်၊ ရှေ့တန်း- ဟိန်းထက်အောင်၊ အောင်ကောင်းမာန်၊ မောင်မောင်လွင်တို့ဖြင့် စတင်ပွဲထွက်ခဲ့သည်။
မလေးရှားအသင်းကလည်း ကိုရီးယားနည်းပြ Kim Pangon ၏ ဦးဆောင်မှုနှင့်အတူ အကောင်းဆုံး လူစာရင်းဖြင့် မြန်မာအသင်းကိုရင်ဆိုင်ခဲ့ရာ ပွဲချိန်ပထမပိုင်းတွင် မြန်မာအသင်း၏ ကစားပုံကောင်း မွန်ခဲ့ပြီး အောင်ကောင်းမာန်နှင့် ဟိန်းထက်အောင်တို့၏ ဂိုးရရှိရေး ကြိုးစားမှုများကို မလေးရှားအသင်းနောက်တန်းက ကာကွယ်နိုင်ခဲ့သည်။ မလေးရှားအသင်းကလည်း ကျောနံပါတ် (၇)တိုက်စစ်မှူး မိုဟာမက်ဟိုင်ဆာ၏ ထိုးဖောက်မှုများဖြင့် မြန်မာအသင်းကို ဖိအားပေးခဲ့သည်။ ပွဲချိန်မိနစ်၄၀ တွင် မြန်မာအသင်းခေါင်းဆောင် မောင်မောင်လွင်ဒဏ်ရာရသွားသဖြင့် ရဲရင့် အောင်နှင့် လူစားလဲခဲ့ရပြီး ပထမပိုင်းအပြီးတွင် ဂိုးမရှိ သရေကျနေခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန်ကစားခဲ့ပြီး ပွဲချိန် ၅၁ မိနစ်တွင် တိုက်စစ်မှူးမိုဟာမက်ဟိုင်ဆာက မလေးရှားအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ယင်းနောက် မြန်မာအသင်းသည် ရန်နိုင်ဦး၊ အောင်ကောင်းမာန်၊ ကျော်ဇင်လွင်၊ နန္ဒကျော်တို့ကိုထုတ်ပြီး မြတ်ကောင်းခန့်၊ ဝင်းနိုင်ထွန်း၊ ဟိန်းဖြိုးဝင်း၊ ဒေးဗစ်ထန်း တို့ကိုထည့်သွင်း၍ တိုက်စစ်အရှိန်မြှင့်ကာ ချေပဂိုးရရှိရေး တောက်လျှောက်ဖိအားပေး ကစားခဲ့သော်လည်း မလေးရှားအသင်း ဂိုးသမားနှင့် နောက်တန်းတို့ အကောင်းဆုံး ကာကွယ်နိုင်ခဲ့သည်။
ပွဲချိန် ၈၉ မိနစ်တွင် ပယ်နယ်တီဧရိယာအတွင်း မလေးရှားအသင်းကစားသမား လက်ထိဘောဖြစ်၍ ပယ်နယ်တီပေးခံရပြီး ယင်းပယ်နယ်တီကို ဝင်းနိုင်ထွန်း ကန်သွင်းသော်လည်း မလေးရှားအသင်းဂိုးသမား ကာကွယ်နိုင်ခဲ့သဖြင့် မြန်မာအသင်း ချေပဂိုးရရှိမည့် အခွင့်အရေးဆုံးရှုံးကာ ပွဲအပြီးတွင် ၁ ဂိုး ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup 2022 ဒုတိယမြောက်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၄ ရက်တွင် စင်ကာပူအသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
ကျော်လွင်