မြန်ပြည်တစ်ခွင် အားသစ်ဆင်မည် သမားဇာနည် အောင်စစ်သည်
တပ်မတော်သားများနှင့် မိသားစုဝင်များကို သာမက တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံး၏ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုအတွက် မိမိတို့တတ်ကျွမ်းသော ဆေးပညာရပ်များဖြင့် အလုပ်အကျွေးပြုကြတော့မည့် သမားဇာနည် အောင်စစ်သည် များအား ၂၁-၁၂-၂၀၂၂ ရက်နေ့တွင် ထပ်မံမွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ တပ်မတော် (ကြည်း၊ ရေ၊လေ)အတွက် လိုအပ်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် ဆေးသိပ္ပံပညာရှင်အရာရှိကောင်းများ မွေးထုတ်ပေးရန် ဟူသည့် ရည်ရွယ်ချက်ဖြင့် တပ်မတော်ဆေးတက္ကသိုလ်မှ ဆေးသိပ္ပံပညာရှင် တပ်မတော်သားဆရာဝန်အရာရှိများအား လေ့ကျင့်မွေးထုတ် ပေးခဲ့သည်မှာ ၂၃ နှစ်တိုင်ခဲ့ပြီဖြစ်၏။ မကြာမီ ငွေရတုကာလသို့ပင်ရောက်ရှိပေတော့မည်။ ထိုသို့ လေ့ကျင့်မွေးထုတ် ပေးနိုင်ခဲ့ခြင်းသည် တပ်မတော်အတွက်သာလျှင်မက နိုင်ငံတော်အတွက် ပါအားအင်သစ်များ ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
လွတ်လပ်ရေးကြိုးပမ်းမှုကာလအတွင်း ဗမာ့တပ်မတော်၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပေါ်ပေါက်လာခဲ့သော ဆေးဝန်ထမ်းတပ်ဖွဲ့၏သက်တမ်းသည် ယခုနှစ် အောက်တိုဘာလ ၁ ရက်တွင် (၇၅)နှစ်ပြည့်မြောက်ခဲ့သည်ကို မှတ်သားသိရှိရ၏။ လွတ်လပ်ရေးကြိုးပမ်းမှု ကာလမှသည် မျက်မှောက်ကာလတိုင် ဆေးဝန်ထမ်း တပ်ဖွဲ့များ၏ တိုင်းပြည်၊ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်သည့်ဆောင်ရွက်ချက်များကို အားရကျေနပ်ဖွယ် တွေ့ရှိရသည်။ သမိုင်းဝင်စစ်ဆင်ရေးများဖြစ်သည့် အင်းစိန်တိုက်ပွဲ၊ တရုတ်ဖြူကျူးကျော်မှု စသည့်တိုက်ပွဲကြီးများမှသည် တိုက်ပွဲပေါင်း၊ စစ်ဆင်ရေးပေါင်းများစွာတွင် ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် မူလတာဝန် ဆေးကုသခြင်း လုပ်ငန်းများအပြင် အရေးကြုံက လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့သည့် ဆောင်ရွက်ချက်များက မှတ်တမ်းတင်စရာများပင် ဖြစ်ခဲ့ပါသည်။
အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သည့် ခေတ်မီမျိုးချစ်တပ်မတော် တစ်ရပ်ဖြစ်ရေး တည်ဆောက်နေချိန်တွင် တပ်မတော်သားတို့၏ ကိုယ်ရည်ကိုယ်သွေး တစ်နည်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ပြည့်ဝဖူလုံနေဖို့ အရေးကြီးပေသည်။ တပ်မတော်အကြီးအကဲ များအနေဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီးချိန်မှစ၍ တပ်မတော်အား ကဏ္ဍစုံမှ တိုးတက်မှု ရှိစေရေးဆောင်ရွက်ခဲ့ကြ၏။ ခေတ်နဲ့အညီ ကမ္ဘာကိုရင်ပေါင်တန်းနိုင်စေရေး စဉ်ဆက်မပြတ်ကြိုးစားခဲ့ရာ အခက်အခဲအကျပ် အတည်းများကြားမှ မြန်မာ့တပ်မတော်သည် နိုင်ငံတကာက အသိအမှတ်ပြုခံရသည့် တပ်မတော်တစ်ရပ် ဖြစ်သည်အထိ ခရီးပေါက်ခဲ့သည်ကို တွေ့ရှိရပါသည်။ မျက်မှောက်ကာလ နိုင်ငံတကာ တပ်မတော်အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမှ ဆုတံဆိပ်များရရှိခဲ့ခြင်း အကျိုးကျေးဇူးကြောင့် မြန်မာ့တပ်မတော်ကို ပိုမိုသတိပြုမိလာခဲ့ကြသည်။ ယနေ့အချိန်တွင် ခေတ်ကာလနှင့်လျော်ညီစွာ ကုသမှုပေးနိုင်ရေးအတွက် တပ်မတော်ဆေးရုံများအား အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ခဲ့ရာ ကျောက်ကပ်အစားထိုးကုသနိုင်သော ဆေးရုံလေးရုံ၊ အသည်းအစားထိုးကုသနိုင်သော ဆေးရုံတစ်ရုံ၊ နှလုံးသွေးကြောရောဂါရှာဖွေခြင်းနှင့် သွေးကြောချဲ့ကုသနိုင်သော ဆေးရုံလေးရုံ၊ နှလုံးခွဲစိတ်ကုသနိုင်သော ဆေးရုံနှစ်ရုံနှင့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသနိုင်သော ဆေးရုံသုံးရုံရှိခဲ့ပြီ ဖြစ်ပါသည်။ မကြာသေးမီ ကာလအတွင်း ဆေးဝန်ထမ်းတပ်ဖွဲ့၏ ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှုကို ဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း တွေ့ရှိရသဖြင့် လွန်စွာဝမ်းမြောက်ဂုဏ်ယူစရာ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ထိုသို့ ဆောင်ရွက်နိုင်ခဲ့မှုများသည် ပြည့်အင်အားသည် ပြည်တွင်းမှာရှိကြောင်း ဖော်ညွှန်းနိုင်ခဲ့ခြင်းလည်းဖြစ်ပေသည်။ သင်တန်းကာလပြီးမြောက်၍ လက်တွေ့လုပ်ငန်း ခွင်များဆီ ဝင်ရောက်ကြတော့မည့် ကျောင်းဆင်းအရာရှိများ အနေဖြင့် ကျောင်းတော်ကြီးမှ သင်ယူခဲ့သည့် စာတွေ့ လက်တွေ့ပညာရပ်များအား လုပ်ငန်းခွင်အတွေ့အကြုံများနှင့် ပေါင်းစပ်ကာ စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ ဟူသည့် ဆောင်ပုဒ်ကိုရင်ဝယ်ထားလျက် ကျရာတာဝန်များကို ထမ်းဆောင်ကြတော့မည်ဖြစ်ပါသည်။
ကျရာတာဝန်များ ထမ်းဆောင်သည်ဟု ဆိုရာတွင် အပြောလွယ်သလောက် လက်တွေ့ လုပ်ငန်းခွင် အခက်အခဲများက ကြုံဖူးသူများမှသာ သိကြပါသည်။ လက်တွေ့မြေပြင်တွင် တာဝန်ထမ်းဆောင် ရသည့်အခါ၌ တက္ကသိုလ်တွင် ပညာသင်ခြင်းနှင့် မတူသော ဖိအားများ မလွဲမသွေ ကြုံကြရ၏။ တပ်မတော်သားဆရာဝန်များ၏ စွန့်လွှတ်အနစ်နာခံမှု၊ ပေးဆပ်မှု၊ စစ်သားကောင်းနှင့် နိုင်ငံသားကောင်းပီသမှုများကို အနောက်မြောက်ယွန်းယွန်းမှသည် တိမ်ယံဆီသို့ တပ်မတော်နေ့ ဂုဏ်ပြုရုပ်ရှင် ဇာတ်ကားကြည့်လိုက်ရပြီးမှ ပိုမိုသိရှိ နားလည်လာခဲ့ပါသည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ အတွင်း ထိုစဉ်က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ စစ်ကိုင်းတိုင်းဒေသကြီး ချင်းပြည်နယ်နှင့် နာဂဒေသခရီးစဉ်များအတွင်း နယ်မြေခံပြည်သူများ၏ တင်ပြချက်အရ ဆရာဝန် လိုအပ်ချက်ရှိကြောင်း သိရှိခဲ့ရာ အတူလိုက်ပါသွားခဲ့သော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ချက်ချင်းပင် ထိုအခက်အခဲ ပြေလည်အောင် စီမံဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ တိုင်းရင်းသားပြည်သူလူထု၏လိုအပ်ချက်အပေါ် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်ချက်များမှတစ်ဆင့် လမ်းပန်းဆက်သွယ်မှု၊ ရာသီဥတုအပြင် အခြားသောဘက်ပေါင်းစုံမှ စိန်ခေါ်မှုများ ဆီးကြိုနေသည့် နေရာအသီးသီးသို့ စေတနာရှင် တပ်မတော်သား ဆရာဝန်များ ရောက်ရှိသွားခဲ့ကြပါသည်။ ဆရာဝန် တစ်ယောက်၏တန်ဖိုးအား အမှန်တကယ် ကျန်းမာရေး လိုအပ်ချက်ရှိသောဒေသမှ လူများက ပိုမိုနားလည်တတ်ကြပါသည်။ စားသောက် နေထိုင်ရေးအပြင် အခြားသော အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များ အဆင်မပြေသည့် အဆိုပါ ဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ရန် ဆန္ဒပြုခဲ့ကြသော တပ်မတော်သားဆရာဝန်များ၏ စိတ်ဓာတ်များအား စာရေးသူအနေဖြင့် များစွာဂုဏ်ယူလေးစားမိပါသည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေကြသည့် တပ်မတော်သားများအနေဖြင့် ကျန်းမာကြံ့ခိုင်မှုရှိဖို့ အရေးကြီးလှပေ၏။ ကျန်းမာအောင်နေပြီး သန်စွမ်းအောင်လေ့ကျင့်နေမှသာ လျှင် တိုက်ပွဲဝင်အသင့်ရှိနေမည်ဖြစ်၏။
ထိုသို့ တိုက်ပွဲဝင်အသင့်ရှိနေစေရန် လေ့ကျင့်ရေးသည် ကဏ္ဍတစ်ရပ်အနေဖြင့် အရေးပါသကဲ့သို့ လေ့ကျင့်မှု အတွက် လုံလောက်သည့် ကိုယ်ကာယကြံ့ခိုင်မှုရှိရန် ကျန်းမာရေးကလည်း အရေးပါ လျက်ရှိနေပြန်သည်။ တပ်မတော်သားတို့၏ ကျန်းမာရေးအသိ ကျန်းမာရေးအမြင်များ ကျယ်ကျယ်ပြန့်ပြန့် ရှိစေရန် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ဆရာဝန်၊ သူနာပြုများက အစဉ်လမ်းညွှန်မှုများ ပေးနေရမည်ဖြစ်သကဲ့သို့ လမ်းညွှန်သည့်အတိုင်း မိမိတို့တစ်ဦးချင်းကလည်း ကျင့်ကြံနေထိုင်ကြဖို့ လိုအပ်ပါသည်။
ဆေးဝန်ထမ်းတပ်ဖွဲ့မှ တပ်မတော်သားများသည် အစဉ်အလာကောင်းခဲ့သော ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်းကြောင်းကို လက်ဆင့်ကမ်းထိန်းသိမ်းခဲ့သူများပီပီ ကမ္ဘာတစ်ဝန်းလုံးကို စိတ်သောကရောက်စေခဲ့သည့် ကိုဗစ်-၁၉ ရောဂါအဆိုးဆုံးသောကာလ အခြေအနေများတွင်လည်း မိမိတို့ အသက်ကိုပင် ပဓာနမထားဘဲ ရှေ့တန်းကျကျ ကာကွယ်ကုသခြင်းများဆောင်ရွက်ပေးခဲ့ကြပါသည်။ ယနေ့ ကာလတိုင်အောင်လည်း ကာကွယ်ကုသမှုများပေးနေကြဆဲဖြစ်၏။ ထို့ပြင် မမျှော်လင့်ဘဲ ကျရောက်လာသော နိုင်ငံရေး အလှည့်အပြောင်း ကာလတစ်ခုတွင်လည်း ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ဘဲ တိုင်းပြည်နှင့် ပြည်သူ့အကျိုးကိုသာ ဦးထိပ်ပန်ဆင်ကာ အခက်အခဲမျိုးစုံကြား လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ ဟူသော တပ်မတော်အကြီးအကဲ၏ လမ်းညွှန်ချက်အတိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ကြသည်မှာ မွန်မြတ်သော လုပ်ဆောင်ချက်များပင်ဖြစ်ပါသည်။
အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် ဘက်စုံနည်းပညာနယ်ပယ်တွင် ဆေးသိပ္ပံ ပညာရပ်များ ကလည်း ထူးခြားဆန်းကြယ်စွာ ပြောင်းလဲဖြစ်ပေါ်နေပါသည်။ လူသားတို့၏ ဖန်တီးမှုများအပြင် တိရစ္ဆာန်များ၊ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုများမှ ရောဂါဆန်းများက ကမ္ဘာမြေဆီ နှစ်စဉ်ဝင်ရောက်လျက်ရှိ၏။ အကျိုးဆက်အားဖြင့် လူသားများဆီသို့ ရောဂါများက အတားအဆီးမဲ့စွာ ဝင်ရောက်ခဲ့ကြပါသည်။ ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ဆေးသိပ္ပံနယ်ပယ်တွင် နောက်ကျကျန်ရစ်ခဲ့ခြင်း မရှိစေရန်အလို့ငှာ တပ်ဖွဲ့တွင်းသာမက နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်၍ အတွေ့အကြုံများ နှီးနှောဖလှယ်ခြင်း၊ ချစ်ခင်ရင်းနှီးမှုများရရှိစေရန် ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပေသည်။ မျိုးဆက်သစ် သမားဇာနည်အောင် စစ်သည်များအနေဖြင့် မိမိတို့ဆီရောက်ရှိလာမည့် တာဝန်များအား ထမ်းဆောင်ရာတွင် စစ်သားကောင်းပီသစွာနှင့် နိုင်ငံ့သားကောင်းပီသစွာကြိုးစားခြင်းဖြင့် ဆေးဝန်ထမ်းတပ်ဖွဲ့၏ အစဉ်အလာ ကောင်းကို ထိန်းသိမ်းသွားကြရမည်ဖြစ်ပါသည်။ ထိုသို့ တာဝန်ထမ်းဆောင်ရာတွင် ဆေးဝန်ထမ်းများ သစ္စာပြုရသည့် သစ္စာအဓိဋ္ဌာန် (၉)ချက်ကို နှလုံးအိမ်တွင်ကိန်းအောင်းစေပြီး ခေတ်နဲ့အညီပြောင်းလဲ တိုးတက်နေသော ဆေးသိပ္ပံပညာရပ်များအပြင် မြန်မာ့တိုင်းရင်းဆေးပညာရပ်ကိုပါ အဆင့်မြှင့်တင်နိုင်ရေး တီထွင်ကြံဆသုတေသနပြုသွားကြဖို့လိုအပ်ပါသည်။ တပ်မတော်သားများပီပီ အမြင်(၄)မြင်ကို ကျယ်ကျယ်ပြန့်ပြန့် မြော်တွေးနိုင်ရေးအတွက်လည်း ကြိုးစားသွားကြရမည်ဖြစ်၏။
ဟေမာန်ဆောင်းနှင့်အတူ ဝေဆာ ပွင့်လန်းလာသော ရွက်နုရွက်သစ်များသည် လောကကို အလှဆင်သည့် ပန်းချီကားများပင်ဖြစ်ပါသည်။ မိမိတို့သင်ကြားတတ်မြောက်ခဲ့ပြီးသော ဆေးပညာရပ်များဖြင့် တိုင်းပြည်ကို အလုပ်အကျွေးပြုရန် လုပ်ငန်းခွင်များဆီ ချီတက်ကြတော့မည့် သမားဇာနည်အောင် စစ်သည် မျိုးဆက်သစ် ညီငယ်များသည် နိုင်ငံတော်ကာကွယ်ရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ တာဝန်ထမ်းဆောင်မည့် ရွက်နုရွက်သစ်လေးများနှင့်ပမာတူလှပါသည်။ မြင်သူတိုင်း စိတ်ကြည်နူးအေးချမ်းမှုများ ပေးစွမ်းနိုင်သော စိမ်းစိုနုပျိုသည့် ရွက်သစ်လေးများ၏ အလှတရားခွန်အားဖြင့် တိုင်းပြည်ကို တန်ဆာဆင်နိုင်လိမ့်မည်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း ဤစာစုဖြင့် ဂုဏ်ပြုလိုက်ရပါသည်။ ။