ဆေးသောက်လျှင် ရေနွေးကြမ်းအဖန်ရည်နှင့် မသောက်သင့်
မြန်မာလူမျိုးတို့ဓလေ့ထုံးစံမှာ ဧည့်သည်လာလျှင် ရေနွေးကြမ်း၊ အဖန်ရည်အိုးဖြင့် ဧည့်ခံလေ့ရှိသည်။
ခေတ်မီဆေးပညာအရလည်း လက်ဖက်ရည်ကြမ်းသည် သွေးတွင်းအဆီကျစေ၍ လူကိုအကျိုးပြုသည်ဟု ဆိုသည်။
သို့သော်...ဖျားနာ၍ဖြစ်စေ၊ ရောဂါဝေဒနာတစ်ခုခုအတွက် စွဲသောက်ရသည့်ဆေးကိုဖြစ်စေ၊ ရေနွေးကြမ်းနှင့်သောက်လျှင် ဆေးအာနိသင်ကို လျော့နည်းသွားစေနိုင်သည်။ ဆေးဆိုရာတွင်လည်း မြန်မာဆေးဖြစ်စေ၊ အင်္ဂလိပ်ဆေးဟုခေါ်ကြသော အနောက်တိုင်းဆေးဖြစ်စေ နှစ်မျိုးလုံးအတွက် အာနိသင်လျော့ကျစေနိုင်သည်။
အရက်သောက်ပြီး မူးလာသူတစ်ဦးကို ပျားရည်တစ်ဇွန်းကို ရေကျက်အေးဖြင့် ဖျော်တိုက်လျှင် အမူးပြေစေနိုင်သည်ဟုဆိုသည်။ အကယ်၍ အိမ်တွင်ပျားရည်မရှိခဲ့လျှင် အရေးပေါ်အိမ်သုံးဆေးမြီးတိုအဖြစ် ရေနွေးကြမ်းကို တိုက်နိုင်သည်။ ရေနွေးကို ဆူအောင်ပွက်အောင်တည်ပြီး လက်ဖက်ခြောက်ထည့်ထားသော မတ်ခွက်တစ်ခုအတွင်း လောင်းထည့်ပြီး ၁၅ မိနစ်ခန့်အုပ်ထားပါ။ လက်ဖက်ခြောက် အဖန်ဓာတ်ထွက်လာပြီးသော အကျရည်ကို မတ်ခွက်တစ်ဝက်ခန့်သောက်လျှင် အစာအိမ်တွင် ရောက်ရှိနေသော အရက်အာနိသင်ကို ပျက်ပြယ်စေနိုင်သည်။
ထို့အတူ အရက်မူးပြီး အော့အန်နေသူကိုလည်း ရေနွေးအဖန်ရည်ကိုအအေးခံပြီး ဆားအနည်းငယ် ထည့်တိုက်လျှင် အန်ရလွယ်ကူပြီး အန်ဖတ်ဆို့ခြင်းမှ ကာကွယ်နိုင်သည်။
တိုင်းရင်းမြန်မာဆေးများတွင် ဆေးပူနှင့်ဆေးအေးနှစ်မျိုးရှိသည်။ ထိုဆေးပူ၊ ဆေးအေးနှစ်မျိုးလုံးပင်အဖန်နှင့် တွေ့လျှင် ပူခါးအေးခါးဖြစ်ကာ ဓာတ်ပြယ်သွားစေနိုင်သည်။ အဖန်သည် လေကိုချုပ်စေသဖြင့် ဝမ်းသက်စေသောဆေးကို ရေနွေးအဖန်ရည်နှင့်သောက်လျှင် ဝမ်းမသက်တော့ဘဲ ဝမ်းချုပ်စေသော ဆေးအဖြစ် ပြောင်းသွားနိုင်သည်။
ရှေးကလူကြီးများသည် ရေနွေးကြမ်းဝိုင်းတွင် ဆားလှော်ခွက်ကလေးတစ်ခွက်ထားလေ့ရှိကြသည်။
အဖန်ရည်သည် လေချုပ်၊ ဝမ်းချုပ်စေတတ်သဖြင့် ဆားလှော်အနည်းငယ် ထည့်သောက်ကြသည်။
ကျောက်၊ ဝက်သက် စသောအပူနာများမပေါက်အောင်လည်း အကာအကွယ်ပေးသည်။ လေထိုးလေအောင့်ရောဂါကိုလည်း သက်သာစေသည်။
သွားဖုံးရောင်ခြင်း၊ အာသီးရောင်ခြင်းကိုလည်း သက်သာစေသည်။ အပူကန်ချောင်းဆိုးခြင်းကိုလည်း သက်သာစေသည်။
ရေနွေးကြမ်း သို့မဟုတ် ကျေးလက်အခေါ် အဖန်ရည်သည် သူ့ချည်းသောက်လျှင် ကောင်းကျိုးများစွာ ရှိသည်မှာ မှန်သော်လည်း ဆေးနှင့်တွဲဖက်သောက်လျှင် ဆေးအာနိသင်ကို လျော့စေနိုင်သည်၊ ပျက်ပြယ်စေနိုင်သည်ကို သတိပြုသင့်သည်။ ဆေးသောက်လျှင် ရေနွေးအဖြူ သို့မဟုတ် ရေကျက်အေးဖြင့် သောက်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။ ။
ကြည်လွင်မြင့်(မုဒြာ)