မြိတ်မြို့၌ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်၊ မုခ်ဦးဖွင့်ပွဲနှင့် ကတ်သလစ်ခရစ်ယာန် ပရဟိတဂေဟာသို့ ဆန်၊ ဆီ၊ ကြက်ဥနှင့် အလှူငွေများပေးအပ်လှူဒါန်း

မြိတ်မြို့၌ ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်၊ မုခ်ဦးဖွင့်ပွဲနှင့် ကတ်သလစ်ခရစ်ယာန် ပရဟိတဂေဟာသို့ ဆန်၊ ဆီ၊ ကြက်ဥနှင့် အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၂၂

          တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် မြိတ်ခရိုင်ကရင် တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီက ကြီးမှူးကျင်းပသည့် ကရင် အမျိုးသား နှစ်သစ်ကူးနေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုချီးမြှင့်ခြင်းကို ဒီဇင်ဘာ ၂၁ ရက်ညနေပိုင်းတွင် မြိတ်မြို့၊ မြို့မအားကစားကွင်း၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ်အား ကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့်အသင်းများအား တံခွန်စိုက်ဆုနှင့် ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

          ထို့ပြင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြိတ်မြို့ရှိ မြို့မအားကစားကွင်း၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် နှုတ်ခွန်းဆက်အမှာ စကားပြောကြားသည်။ ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီးမှ ပေးပို့ သည့် သဝဏ်လွှာအား တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ဖတ်ကြားခဲ့ပြီး တာဝန်ရှိသူများက ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံနှင့် ကျေးဇူးတင် စကားများအသီးသီး ပြောကြားကြကာ ယဉ်ကျေးမှုအဖွဲ့များက ကရင်ရိုးရာ ဒုံးယိမ်း အက၊ တုတ်ထောက်အကနှင့် ကရင်အမျိုးသားတေးသီချင်းများ သီဆိုဖျော်ဖြေ ကြသည်။

          ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများက မြိတ်မြို့ရှိ ကတ်သလစ် ခရစ်ယာန်ပရဟိတဂေဟာသို့ ဆန်၊ ဆီ၊ ကြက်ဥနှင့် အလှူငွေများ သွားရောက် လှူဒါန်းရာ ကတ်သလစ်သာသနာကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာ ဘရူးနိုးဖိလစ် က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပရဟိတဂေဟာ ကျောင်းသား၊ ကျောင်းသူများက ဓမ္မတေးသီးချင်းများဖြင့် သီဆို၍ ဆုတောင်း မေတ္တာများ ပို့သခဲ့ကြကြောင်း သတင်းရရှိသည်။