ရေစကြိုမြို့နယ်၊ ကြန့်ဆိပ်ကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများအား လက်နက်/ခဲယမ်းများ၊ လက်လုပ်မိုင်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိ

ရေစကြိုမြို့နယ်၊ ကြန့်ဆိပ်ကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများအား လက်နက်/ခဲယမ်းများ၊ လက်လုပ်မိုင်းများနှင့်အတူ အသေပစ်ခတ်ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ - ၂၂

          နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးတို့ကို ပျက်ပြားစေရန် ရည်ရွယ်၍ NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်း တိုက်ခိုက်ခြင်း၊ ရဟန်းသံဃာများ၊ အစိုးရဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ အများပြည်သူအသုံးပြု သွားလာလျက်ရှိသည့် လမ်းတံတားများနှင့် ယာဉ်များ၊ အဆောက်အဦများကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များအား လိုင်စင်မဲ့ယာဉ်များ အသုံးပြု၍ လုပ်ဆောင်လျက်ရှိသည်။

          ထိုသို့လုပ်ဆောင်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် အကြမ်းဖက်မှုကို မလိုလားသည့် ဒေသခံပြည်သူ များ၏ သတင်းပေးပို့ချက်အရ ကြန့်ဆိပ်ကျေးရွာ၏ မြောက်ဘက် မီတာ ၃၀၀ ခန့်အကွာ၌ စောင့်ဆိုင်းနေစဉ် ယနေ့နံနက် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် တောင်ကြား ကျေးရွာဘက်မှ ကြန့်ဆိပ်ကျေးရွာဘက်သို့ မောင်းနှင်လာသည့်  Mishubishi အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်ပေါ်၌ လက်နက်များ ကိုင်ဆောင်ထားသည့် PDF အမည်ခံ အကြမ်းဖက် သမားများအား တွေ့ရှိရသဖြင့်  ပစ်ခတ် ဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား အမျိုးသား ၃ ဦးအား ၁၂ ဗို့သေနတ် ၁ လက်၊ ၎င်းကျည် ၁၄ တောင့်၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်မိုင်း ၄ လုံး၊ လိုင်စင်မဲ့မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ အသေပစ်ခတ် ဖမ်းဆီးရမိခဲ့သည်။

          အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဒေသခံပြည်သူများက ရွံရှာမုန်းတီးလျက်ရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက် သမားများ၏ လှုပ်ရှားမှုသတင်းများ ရရှိပါက နီးစပ်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ရန်နှင့် ရပ်ရွာတည်ငြိမ် အေးချမ်းရေးအတွက် ပြည်သူ တစ်ရပ်လုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းထားကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။