ရုရှား၏ ပဉ္စမမြောက်အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာသည့် အိန္ဒိယ

ရုရှား၏ ပဉ္စမမြောက်အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာသည့် အိန္ဒိယ

အိန္ဒိယနှင့်ရုရှားနိုင်ငံတို့ကြား  နှစ်နိုင်ငံကုန်သွယ်မှုသည်   ယခုနှစ် ၁၀ လတာကာလအတွင်း အမေရိကန်ဒေါ်လာ  ၂၇ ဘီလီယံအထိ  မြင့်တက်လာခြင်းကြောင့် အိန္ဒိယနိုင်ငံသည်   ရုရှား၏  ပဉ္စမမြောက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာသည်။

အိန္ဒိယနှင့်ရုရှားနှစ်နိုင်ငံကြား   ကုန်သွယ်မှုတိုးမြှင့်လာပြီးနောက် အိန္ဒိယနိုင်ငံမှ  ရုရှားနိုင်ငံသို့တင်ပို့သည့်  ကုန်ပစ္စည်းပမာဏ     မြင့်တက်လာခြင်းဖြစ်သည်။

နှစ်နိုင်ငံအစိုးရ အဖွဲ့များသည် ၎င်းတို့ကြားကုန်သွယ်မှုပြုလုပ်ရာတွင် ငွေကြေးပေးချေမည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ စေ့စပ်ညှိနှိုင်းပြီးနောက်ပိုင်းတွင်     ကုန်သွယ်မှုပမာဏမှာ ယခင်ကထက် ပိုမိုမြင့်တက်လာခြင်း ဖြစ်ကြောင်း  အိန္ဒိယအကောက်ခွန်ဌာနမှထုတ်ပြန်သည့်   ကြေညာချက်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံမှ ရုရှားနိုင်ငံသို့တင်ပို့သည့်   ကုန်ပစ္စည်းပမာဏသည်   ၂၀၂၁  ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၃ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ   အမေရိကန်ဒေါ်လာ သန်း ၂၈၀   အထိမြင့်တက်လာကြောင်း အကောက်ခွန်ဌာနမှထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံက   အိန္ဒိယနိုင်ငံမှ အဓိကတင်သွင်းနေသည့်    ကုန်ပစ္စည်းများတွင်  လက်ဖက်ခြောက်၊   ကော်ဖီ၊   ဟင်းသီးဟင်းရွက်၊ ဓာတုပစ္စည်း၊ သံနှင့်သံမဏိတို့ပါဝင်သည်။ အိန္ဒိယနိုင်ငံမှ ရုရှားနိုင်ငံသို့ တင်ပို့နေသည့်  စုစုပေါင်းပို့ကုန်ပမာဏသည် ပြီးခဲ့သည့်နှစ်ကတင်ပို့သောပမာဏနှင့် နှိုင်းယှဉ်ပါက    အနည်းငယ်လျော့ကျ ခဲ့သော်လည်း  ယခုနှစ်နိုဝင်ဘာလမှစ၍  ပြန်လည်မြင့်တက်လာမည်ဟု  မျှော်မှန်းထားခြင်းဖြစ်သည်။

အိန္ဒိယနှင့်  ရုရှားနိုင်ငံတို့သည် ၎င်းတို့ကြား အဟန့်အတားဖြစ်နေသည့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခက်အခဲများကို ဖြေလျှော့ပေးခဲ့ပြီး အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားနိုင်ငံသို့  ကုန်ပစ္စည်းများတင်ပို့ရာတွင် တူကီယဲနိုင်ငံမှတစ်ဆင့်တင်ပို့လိုပါက တင်ပို့နိုင်မည်ဖြစ်သည်။ ထို့ပြင် အဆိုပါအင်အားကြီးနှစ်နိုင်ငံသည် ၎င်းတို့ကြား ငွေကြေးပေးချေရာတွင်လည်း    ရူပီးငွေကြေးဖြင့် ပေးချေရန် သဘောတူညီထားပြီးဖြစ်သည်။

ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက်ပိုင်းတွင် အနောက်နိုင်ငံများက ရုရှားအပေါ် ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများကြောင့် အိန္ဒိယ-ရုရှားကုန်သွယ်မှု၌  ငွေကြေးပေးချေရေးနှင့်   ထောက်ပံ့ပို့ဆောင်ရေးတို့တွင်   ယခုနှစ်သြဂုတ်လအထိ     အခက်အခဲများစွာတွေ့ကြုံခဲ့ရသည်။

သို့သော် အဆိုပါအခက်အခဲနှင့်အဟန့်အတားများကို    နှစ်နိုင်ငံစလုံးက  စေ့စပ်ဆွေးနွေးခြင်းအားဖြင့်  ဖြေရှင်းနိုင်ခဲ့ပြီဖြစ်သည်။

အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများရှိနေသော်လည်း  ရုရှားနိုင်ငံမှ အိန္ဒိယနိုင်ငံသို့တင်ပို့သည့်ပို့ကုန်ပမာဏမှာ    ယခုနှစ်အတွင်း သိသိသာသာမြင့်တက်လာသည်။အထူးသဖြင့် အိန္ဒိယနိုင်ငံ၏ ရေနံဝယ်လို အားမြင့်တက်လာခြင်းကြောင့် အိန္ဒိယနိုင်ငံ၏  ရုရှားနိုင်ငံမှ  ရေနံတင်သွင်းမှုသည် အောက်တိုဘာလတွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံအထိ  မြင့်တက်လာကြောင်း တွေ့ရသည်။ အိန္ဒိယအစိုးရသည် ပြီးခဲ့သည့်နှစ်   အလားတူကာလအတွင်း ရုရှားနိုင်ငံမှ အမေရိကန်ဒေါ်လာ  ၃၉၉  သန်းတန်ဖိုးရှိ  ရေနံများကိုသာ တင်သွင်းခဲ့ခြင်းကြောင့်   အိန္ဒိယနိုင်ငံ၏ရေနံတင်သွင်းမှုသည်  ယခုနှစ်အတွင်း  စံချိန်တင်မြင့်တက်လာခြင်း ဖြစ်သည်။

ထို့ပြင် ၂၀၂၂ ခုနှစ် ဧပြီလမှ အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံမှ  အမေရိကန်ဒေါ်လာ  ၂၁ ဘီလီယံတန်ဖိုးရှိ ရေနံများကိုတင်သွင်းခဲ့ရာ ယင်းပမာဏသည်  ၂၀၂၁ ခုနှစ်  အလားတူကာလအတွင်းက တင်သွင်းသည့်ပမာဏနှင့်နှိုင်းယှဉ်ပါက ၇၂၇ ရာခိုင်နှုန်းမြင့်တက်လာသည်။ ထို့ကြောင့်  ရုရှားနိုင်ငံသည်၂၀၂၂  ခုနှစ်အတွင်း   အိန္ဒိယနိုင်ငံ၏ ဒုတိယအကြီးဆုံးရေနံတင်ပို့သည့်နိုင်ငံဖြစ်လာသည်။

ယူကရိန်းပဋိပက္ခနှင့်     စပ်လျဉ်း၍ အနောက်နိုင်ငံများက ပိတ်ဆို့မှုများချမှတ်ထားသော်လည်း    အိန္ဒိယနိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်ကုန်သွယ်မှုကို နှစ်ဆတိုးမြှင့်ရန် ကြိုးပမ်းလျက်ရှိသည်။  အိန္ဒိယနိုင်ငံသည် ယခင်က  ရုရှားနိုင်ငံမှ   ရေနံကို ၁ ရာခိုင်နှုန်းသာတင်သွင်းခဲ့သော်လည်း ယခုအခါ စုစုပေါင်းပမာဏ၏ ၂၀ ရာခိုင်နှုန်းကို ရုရှားနိုင်ငံမှတင်သွင်းလျက်ရှိသည်။ 

အိန္ဒိယနှင့်  ရုရှားနိုင်ငံတို့ကြား  နှစ်နိုင်ငံကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံအထိမြင့်တက်လာစေရန်လုပ်ဆောင်မည်ဟု ရုရှားသမ္မတဗလာဒီမာပူတင်နှင့်  အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီတို့က ချမှတ်ခဲ့သော်လည်း လက်တွေ့တွင်  နှစ်နိုင်ငံကြားကုန်သွယ်မှုပမာဏသည်  ကနဦးမျှော်မှန်းထားသည့် ပမာဏထက် သုံးဆခန့်ပိုမိုမြင့်တက်လာမည့် အလားအလာရှိနေသည်။

အိန္ဒိယနိုင်ငံက   ရုရှားနိုင်ငံမှ  အဓိကတင်သွင်းနေသည့် တခြားကုန်ပစ္စည်းမှာ ဓာတ်မြေသြဇာဖြစ်သည်။ သို့သော် အိန္ဒိယနိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း ရုရှားနိုင်ငံမှ အများဆုံးတင်သွင်းနေသည့် သွင်းကုန်မှာ  ရေနံဖြစ်သည်။  အိန္ဒိယအစိုးရသည် ယခုနှစ်နှောင်းပိုင်းတွင်လည်း ရုရှားနိုင်ငံမှ တင်သွင်းလာသည့်ရေနံအပေါ် အမှီသဟဲ ပြုနေရမည့်    အလားအလာရှိနေသည်။

အဘယ်ကြောင့်ဆိုသော်   အိန္ဒိယနိုင်ငံအတွင်းရှိ ရေနံချက်စက်ရုံများ၏ လိုအပ်ချက်မြင့်တက်လာခြင်းနှင့်     ဥရောပသို့ တင်ပို့မည့်စွမ်းအင်ဝယ်လိုအား  မြင့်တက်လာခြင်းကြောင့်ပင်ဖြစ်သည်။

အိန္ဒိယနိုင်ငံ၏စီးပွားရေးသည် လက်ရှိတွင် ၄ ရာခိုင်နှုန်းကျော်သာ တိုးတက်လာပြီးဥရောပနိုင်ငံများသည် စီးပွားရေးကျဆင်းလာမည့်အခြေအနေနှင့်   တွေ့ကြုံရဖွယ်ရှိသည်။ ထို့ကြောင့်  ရုရှား၏ကန့်သတ်မှုနှင့် ရင်ဆိုင်နေရသည့်   ဥရောပနိုင်ငံများအနေဖြင့် ဈေးနှုန်းသက်သာသော အိန္ဒိယမှစွမ်းအင်တင်ပို့မှုအပေါ် မှီခိုလာနိုင်သည့်အပြင်  အိန္ဒိယနိုင်ငံအတွင်းရှိ    စွမ်းအင်ကဏ္ဍတွင်လည်း ရင်းနှီးမြှုပ်နှံမည့် အလားအလာရှိနေကြောင်း ကျွမ်းကျင်သူများက ဆိုထားသည်။

ထို့ကြောင့် ဥရောပသို့တင်ပို့မည့် စွမ်းအင်ဝယ်လိုအားအတွက်   ရုရှားနိုင်ငံက အိန္ဒိယနိုင်ငံသို့ လောင်စာများ ထောက်ပံ့ပေးရမည့်အလားအလာရှိနေသည်။

ထို့ပြင် အိန္ဒိယနိုင်ငံသည် ဥရောပနိုင်ငံများ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရုရှားနှင့်လုပ်ဆောင်နေသည့် နှစ်နိုင်ငံကြားကုန်သွယ်မှု၊ အထူးသဖြင့် ရေနံတင်သွင်းမှုသည် ယခင်ကထက်    ပိုမိုမြင့်တက်လာမည့်    အလားအလာရှိနေသည်ဟု ကျွမ်းကျင်သူများက  ရှုမြင်လျက်ရှိကြောင်း ရေးသား တင်ပြလိုက်ရပါသည်။    ။

ဇေယျဘုန်း

Ref: Russia-briefing, Sputnik