ကောင်းခြင်းမင်္ဂလာ ဆိုက်ရောက်လာပြီ
အယ်ဒီတာ့အာဘော်
(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်)
နေပြည်တော်သို့ရောက်ရှိနေသည့် ရတနာဆင်ဖြူတော်လေးအား ဘွဲ့နာမံတော် အမည်ပေး ကင်ပွန်းတပ်နှင့် အဆောင်တော်တက် မင်္ဂလာအခမ်းအနားကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ ရက်နံနက်ပိုင်းက နေပြည်တော် ဥပ္ပါတသန္တိစေတီတော် အရှေ့ဘက်ဝတ္ထုကံမြေ အတွင်းရှိ ရတနာ ဆင်ဖြူတော်ဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်တာဝန်ရှိပုဂ္ဂိုလ်တို့က ရတနာဆင်ဖြူတော်လေး၏ “ရဋ္ဌနန္ဒက” ဘွဲ့နာမံတော်ကို ဦးကင်းထက်တွင် ဆင်မြန်းအပ်နှင်းပေးပြီး ကောင်းခြင်းမင်္ဂလာ အဖြာဖြာတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
ဆင်ဖြူတော်ရတနာသည် နိုင်ငံတစ်နိုင်ငံ၏ ခေတ်တစ်ခေတ်တွင် ပေါ်ပေါက်ခဲသော ရတနာတစ်ပါးဖြစ်သည်။ ရတနာ ဆိုက်ရောက်လာခြင်းသည် အလွန်ပင် ကံထူးခြင်းဖြစ်သည်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် ကောင်းကျိုးအဖြာဖြာကို ဖြစ်ပေါ်စေခဲ့သည်မှာ ရှေးသမိုင်းကြောင်းများအရ သိသာထင်ရှားသော အချက်ဖြစ်သည်။
ထိုဆင်ဖြူတော်ရတနာကို ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်သောနိုင်ငံများတွင် အလေးအမြတ် တန်ဖိုးထားကြသည်။ ဆန်ရေစပါး ပေါကြွယ်ဝပြီး အေးချမ်း သာယာဝပြောသည့် အတိတ်နိမိတ်ကို ဆောင်ကာ ကောင်းကျိုး ပွားများသည့်အတွက် ဆင်ဖြူတော် ဂုဏ်အင်္ဂါများကို အသိအမှတ်ပြုလေ့ ရှိသည်။
အောက်တိုဘာ ၃၀ ရက်က ဆင်ဖြူတော်ကို ဂုဏ်ပြုသောအားဖြင့် ရှေးထုံးအစဉ်အလာနှင့်အညီ အနန္တရာယိက မင်္ဂလာ-အန္တရာယ်ကင်းမင်္ဂလာ၊ ဂေဟပ္ပဝေသနမင်္ဂလာ- အဆောင်တော်တက်မင်္ဂလာ၊ အာဟာရဘုဉ္စနမင်္ဂလာ-အစာအာဟာ ရကျွေးမွေးခြင်းမင်္ဂလာ၊ ရဝိန္ဒုဒဿနမင်္ဂလာ- နေလပြမင်္ဂလာ၊ နာမ ကရဏမင်္ဂလာ- ဘွဲ့နာမံအမည်တော်ပေး မင်္ဂလာ၊ ပဏ္ဏာကာရ ပရိသိဋ္ဌဒါနမင်္ဂလာ- ရတနာဆင်ဖြူတော်အား လက်ဆောင်၊ လက်ဖွဲ့ပေးအပ်ခြင်း မင်္ဂလာ၊ အဘိသေကဇယမင်္ဂလာ-ရတနာဆင်ဖြူတော်အား ဘိသိက်တော် အောင်ပွဲမင်္ဂလာ ဟူ၍ မင်္ဂလာ(၇)မျိုး ကျင်းပခဲ့သည်။
မြန်မာနိုင်ငံတွင် ယခုပေါ်ထွန်းသော ဆင်ဖြူတော်သည် ဒသမမြောက် ဆင်ဖြူတော်ဖြစ်သည်။ ဆင်ဖြူတော်၏ ကြန်အင်လက္ခဏာ ရှစ်ချက်တွင် ခုနစ်ချက် ကိုက်ညီမှုရှိသည်မှာ လွန်စွာထူးခြားခြင်းပင်ဖြစ်သည်။ နာမကရဏ မင်္ဂလာ-ဘွဲ့နာမံအမည်တော်ပေး မင်္ဂလာအရ ဒသမမြောက် ဆင်ဖြူတော်လေးအား “ရဋ္ဌနန္ဒက”ဟု နာမံပေးခြင်းမှာ တိုင်းပြည်က ချစ်ခင်မြတ်နိုး၍ နိုင်ငံတော်၏ သာယာဝပြောပျော်ရွှင်ခြင်းကို ဆောင်ကြဉ်းမည့် ဆင်ဖြူရတနာဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် အမျိုးသားရေး လုပ်ငန်းစဉ် (၂)ရပ်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးကို ဆောင်ရွက်လျက်ရှိသည်။ တိုင်းပြည်သာယာဝပြောရေး ဆိုသည်မှာ ငြိမ်းချမ်းရေးကို အခြေခံပြီး အလုပ်အကိုင် အခွင့်အလမ်းများကို ဒီမိုကရေစီ နည်းလမ်းနှင့်အညီ ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖိတ်ခေါ်ရာတွင် လွန်စွာထူးခြားသော အချက်မှာ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ် သတ်မှတ်ကြေညာခဲ့ပြီး နိုင်ငံရေးအရဖြစ်ပေါ်နေသည့် သဘောထားကွဲလွဲမှုများကို မည်သည့် ကန့်သတ်ချက်မျှ မထားရှိဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာရန် ဖိတ်ခေါ်ဆွေးနွေးခြင်းဖြစ်သည်။
ထိုသို့ဆွေးနွေးရာတွင်လည်း ပြည်ထောင်စုအကျိုးကို ရှေးရှု၍ လေးလေးနက်နက် ဆွေးနွေးကြခြင်းဖြစ်ပေရာ ဆွေးနွေးပွဲ တက်ရောက်သည့် အဖွဲ့များက အားရကျေနပ်မှုရှိကြောင်း ပြောဆိုကြသည်။ နိုင်ငံတော်အစိုးရ၏ ပွင့်လင်းမြင်သာမှု၊ စိတ်ရင်း မှန်ကန်မှုတို့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အောင်မြင်မှုရှိနေသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးက အမှန်တကယ်ပြည်ထောင်စု အကျိုးကိုရှေးရှုကြမည်ဆိုလျှင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ငြိမ်းချမ်းသာယာမည်မှာ အမှန်ဖြစ်သည်။ နိုင်ငံ့ကောင်းကျိုး ဆောင်ရွက်မှုများကြောင့် ဆင်ဖြူတော်ရတနာ ပေါ်ထွန်းလာခြင်း ဖြစ်သည်ဟုဆိုလျှင် မှန်ကန်သောအချက်ဟု ဆိုရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဆင်ဖြူတော် ပေါ်ထွန်းခဲ့သော ခေတ်ကာလ အပိုင်းအခြားများကို ပြန်လည်လေ့လာကြည့်ပါက တိုင်းပြည်သာယာ ဝပြောရေးကို အထူးတလည် ဆောင်ရွက်နေသော ခေတ်ကာလများဖြစ်သည်ကို တွေ့မြင်နိုင်သည်။ ဆင်ဖြူတော်ကိုးစီး ပေါ်ထွန်းလာခဲ့ပြီး ဒသမမြောက် ဆင်ဖြူရတနာကို ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက် မင်္ဂလာအချိန် နံနက် ၆ နာရီခွဲတွင် မွေးဖွားသန့်စင်ပေါ်ထွန်းလာခြင်းဖြစ်သည်။ ယခုအခါ ဆင်ဖြူတော်(အထီး)ကလေးသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် မွေးဖွားကြီးမြောက်သည့် ငါးလပြည့် အချိန်အခါဖြစ်ပါသည်။ ဆင်ဖြူတော်လေးသည် လူနှင့်လွန်စွာ ယဉ်ပါးလှပြီး သွက်လက်မြူးကြွကာ အင်မတန်ချစ်စရာကောင်းလှသည်။ ထို့ကြောင့်လည်း တိုင်းပြည်က ချစ်ခင်မြတ်နိုးသလို တိုင်းပြည်၏ သာယာဝပြောခြင်းကိုလည်း ဆောင်ကြဉ်းပေးမည့်အမည်ကို ကင်ပွန်းတပ်ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများ၏ လိုအပ်ချက်နှင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍ စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသောကြောင့် “ရဋ္ဌနန္ဒက” ဆင်ဖြူရတနာပေါ်ထွန်းခြင်းနှင့်အတူ ကောင်းခြင်းမင်္ဂလာ အဖြာဖြာပြည့်စုံကာ ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိမည်ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။ ။