ပူတာအိုဒေသထွက် ဂရိတ်ဖရုသီးကို တန်ဖိုးမြှင့် ထုတ်ကုန်အမယ်များ ထုတ်လုပ်ပါက ဈေးကွက် အလားအလာကောင်းသော သီးနှံဖြစ်
ကချင်ပြည်နယ် ပူတာအိုဒေသမှ ထွက်ရှိသည့် ဂရိတ်ဖရုသီးကို တန်ဖိုးမြှင့် ထုတ်ကုန်အမယ်များအဖြစ် ဝိုင်၊ ယို၊ ဂျယ်လီ၊ ဂရိတ်ဖရုဖျော်ရည် စသည်တို့ကိုစနစ်တကျ ထုတ်လုပ်ပါက ဈေးကွက် အလားအလာကောင်းသော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။
“ဂရိတ်ဖရုသီးကတော့ ဝိုင်၊ ယို၊ ဂျယ်လီ၊ ဂရိတ်ဖရုဖျော်ရည် အများကြီး လုပ်လို့ရတယ်။ ဂရိတ်ဖရုသီးစားခြင်းအားဖြင့် ခန္ဓာကိုယ် လန်းဆန်းစေပြီး ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတယ်။ ဒါကြောင့် ဒေသတစ်ခု ထုတ်ကုန်တစ်ခုအနေနဲ့ ဂရိတ်ဖရုသီးကို ဒီထက်မက တောင်သူတွေစိုက်ပျိုးပြီး ထုတ်လုပ်မယ်ဆိုရင် အများကြီးအကျိုး ရှိနိုင်မယ့် အသီးအနှံဖြစ်ပါတယ်”ဟု ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ဦးစီးမှူး ဦးအောင်မောင်း ကပြောသည်။
လက်ရှိတွင် ပူတာအိုဒေသမှထွက်ရှိသည့် ဂရိတ်ဖရုသီးများကို မြစ်ကြီးနား၊ မန္တလေး၊ရန်ကုန်ဈေးကွက်တို့တွင်လည်း ရောင်းဝယ်ဖောက်ကားလျက်ရှိသည်။
“ဂရိတ်ဖရုသီးရဲ့ ထူးခြားချက်ကတော့ အနာအဆာမရှိ သက်တမ်းပြည့်ချိန်ခူးတဲ့ သီးနှံဆိုရင် ၃ လမှ ၆ လအထိ ထားလို့ရတယ်။
နောက်တစ်ခုက တန်ဖိုးမြှင့် ထုတ်ကုန်အမယ်တွေ အများကြီးထုတ်မယ်ဆိုရင် ဈေးကွက်အလားအလာ အရမ်းကောင်းတဲ့ အသီးအနှံတွေဖြစ်တယ်”ဟု ပြည်နယ်မှူးက ဆက်လက်ပြောသည်။
ဒေသကို လာရောက် လည်ပတ်သူတိုင်း အိမ်ပြန်လက်ဆောင် အနေဖြင့်သော် လည်းကောင်း၊ ဒေသရောက် အမှတ်တရလက်ဆောင် အနေဖြင့်သော် လည်းကောင်း ဝယ်ယူလျက်ရှိသော အသီး အနှံတစ်မျိုးဖြစ်ပြီး ဂရိတ်ဖရုသီးများကို ကာလ ပေါက်ဈေးအရ အလုံးကြီးတစ်လုံးလျှင် ငွေကျပ်၆၀၀၊ အလုံးအသေးတစ်လုံးလျှင် ငွေကျပ်၅၀၀ ဖြင့် မြို့မဈေး၊ လေယာဉ်ကွင်းဈေးနှင့် လေဆိပ်အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။